“မျှော်လင့်ချက်” ဆိုတာအတောင်ပံတွေပါတဲ့အရာလေးတစ်ခုပါပဲ
ငါ့ရဲ့အသည်းနှလုံးထဲမှာနားခိုနေတယ်
စကားလုံးတွေမပါပဲ သံစဉ်တွေ သီဆိုနေတာ
ဘယ်တော့မှရပ်မသွားဘူး
လေပြင်းမုန်တိုင်းတွေထဲမှာတောင် သူ့ရဲ့အချိုသာဆုံးအသံလေးကြားနေရတယ်
မုန်တိုင်းကသည်းထန်လွန်းတော့ သူ့ကိုရိုက်ထုတ်သွားလေမလား
အနွေးဓာတ်တွေပေးတဲ့ ငှက်ကလေးရယ်….
အအေးစိမ့်ဆုံးကုန်းမြေဆီမှာလဲ သူ့အသံလေးကြားရတယ်
သူစိမ်းအလွန်တရာဆန်တဲ့ ပင်လယ်ပြင်ကြီးထဲမှာလဲ သူ့အသံလေးကြားရတယ်
အဆုံးစွန်ဆုံးအခြေအနေတွေရောက်နေတာတောင်မှ
ငါ့ဆီက အစာလေးတစ်ဖဲ့တောင်မတောင်းခဲ့ဘူး
အမ်မလီ ဒစ်ကင်ဆန်
-။-
ကျွန်တော် ဂရိ ဒဏ္ဍာရီ(Greek Mythology) တစ်ခုကိုသွားသတိရတယ်။ လူတွေကို အပြစ်ပေးဖို့ဆိုပြီး နတ်ဘုရားခေါင်းဆောင် ဇု(Zeus) က Pandora လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကိုဖန်းဆင်းတယ်။ ပြီးတော့ သေတ္တာတစ်လုံးကိုလဲဖန်ဆင်းတယ်။ အဲ့သေတ္တာထဲကို မကောင်းတဲ့အရာ(Evils)တွေအကုန်ထည့်ပြီး Pandora နဲ့အတူလူပြည်ကိုပို့လိုက်တယ်။ အဲ့သေတ္တာလေးကို Pandora’s box လို့ခေါ်ကြတယ်။ (တကယ်က သေတ္တာမဟုတ်ပါဘူး။ စဥ့်အိုး(Jar)ပါ။ဘာသာပြန်တဲ့လူတွေကမှားတော့နောက်ပိုင်း သေတ္တာ box လို့ပဲလူသိများကြတယ်)
လူပြည်မှာရှိတဲ့ Titan နတ်ဘုရား Prometheus ကသူ့ညီ Epimetheus ကို Zeus ဆီကဘာလက်ဆောင်လာလာလက်မခံဖို့ပြောပေမယ့် Epimetheus ကနားမထောင်ဘူး Pandora လေးကိုလက်ခံထားလိုက်တယ်။ အဲ့လိုနဲ့တစ်နေ့ Pandora လေးက သေတ္တာကိုဖွင့်ချလိုက်ရော။ အဲ့ဒီမှာ သေတ္တာထဲက မကောင်းတဲ့အရာ(Evils)တွေကလူတွေဆီကိုပြန့်နှံ့သွားပါရော။ အဲဒီအချိန်တည်းကစပြီး လူတွေဟာ လောဘတွေ၊ဒေါသတွေ၊မောဟတွေ၊ပူပင်သောကတွေ၊မကောင်းတဲ့စိတ်တွေ၊နာမကျန်းဖြစ်မှုတွေ၊ ရောဂါဝေဒါနာတွေ အစရှိတဲ့ စိတ်ဆင်းရဲဒုက္ခပေါင်းများစွာကို ယနေ့တိုင်ထိခံစားရတော့တာပဲတဲ့။
အဲ့ဒီအချိန် သေတ္တာထဲမှာမထွက်ပဲကျန်နေခဲ့တဲ့အရာလေးတစ်ခုရှိတယ်တဲ့။ အဲဒီအရာက
“မျှော်လင့်ချက် (Hope)” တဲ့
Zeusကလူတွေအားလုံးသေကြေပျက်စီးပြီးပျောက်ဆုံးသွားစေချင်တဲ့စိတ်တော့မရှိဘူး။အဲဒါကြောင့် မျှော်လင့်ချက်(Hope) လေးတော့ချန်ထားပေးခဲ့တယ်။ အဲ့ဒီ ဒဏ္ဍာရီလေးကို ပမာယူကြည့်ရင် ကျွန်တော်တို့ နေ့စဥ်ဘဝမှာ ဘယ်လောက်ပဲဆိုးဝါးစုတ်ပြတ်တဲ့ ဒုက္ခတွေတွေ့ကြုံရပါစေ ကျွန်တော်တို့ဆီမှာ မျှော်လင့်ချက်လေးတော့ရှိသေးတယ်။ ကျွန်တော်တို့ရဲ့သေတ္တာထဲမှာ အမြဲရှိနေတာ။ဘယ်နေရာမှာလဲဆိုတာ မှန်မှန်ကန်ကန်နဲ့ရှာတတ်ဖို့ပဲလိုတာ။ Hope ကတော့အမြဲရှိနေတာပဲ။
-။-
“Hope” is the thing with feathers –
That perches in the soul –
And sings the tune without the words –
And never stops – at all –
And sweetest – in the Gale – is heard –
And sore must be the storm –
That could abash the little Bird
That kept so many warm –
I’ve heard it in the chillest land –
And on the strangest Sea –
Yet – never – in Extremity,
It asked a crumb – of me.
Emily Dickinson