နိုင်ငံခြားမှာနေတဲ့အခါကျွန်တော်ကြုံတွေ့ရတဲ့ စိတ်ပင်ပန်းစရာတွေထဲကတစ်ခုကတော့ နေမကောင်းဖြစ်ပြီဆိုတဲ့ အမေ့ကိုသတိရတာပါပဲ။ အိမ်မှာဆို နေမကောင်းဖြစ်ပြီဆိုတာနဲ့ အမေ့အနားသွားပြီး “မေကြီး သားနေမကောင်းဘူး” ဆိုပြီးသူ့လက်မောင်းကြီးပေါ်မှာ မျက်နှာကြီးသွားကပ်။သူကိုရီးယားကား ဇာတ်လမ်းတွဲထိုင်ခုံပေါ်မှာကြည့်နေတာ ပေါင်ပေါ်မှာသွားအိပ်ပြီးကပ်ချွဲနပ်ချွဲလုပ်။ မေကြီး နေမကောင်းဘူး နေမကောင်းဘူးနဲ့ ပါးစပ်ကတစ်တွတ်တွတ်ပြောတော့ အမေက “ဟဲ့ နေမကောင်းရင် ဆေးသွားသောက် ဆေးခန်းသွား” ဆိုပြီး မျက်စိက TV ကရုပ်ရှင်ကိုမခွာပဲ အနားကပ်ချွဲနေတဲ့ ကျွန်တော့်ကို တံတောင်နဲ့တွပ်တွပ်ပြီးပြောတာ သတိရတယ်။ နေမကောင်းတဲ့အချိန်ဆိုဘာမှန်းမသိဘူး အမေ့နားပဲသွာကပ်နေတဲ့ အကျင့်က အသက်ကြီး ဘွဲ့ရပြီး နိုင်ငံခြားမသွားခင်ထိပဲ။ အမေ့နားသွာကပ်နေလို့လဲ ရောဂါကပိုသက်သာလာမှမဟုတ်တာ။ကိုယ်ဘာသာကိုယ် အခန်းထဲ အိပ်ယာထဲဖြစ်ဖြစ်လဲနေပေါ့ ဒါပေမယ့် အဲ့လိုအချိန်ဆို အမေ့အနား ဘယ်သွားသွားတစ်ချိန်လုံးလိုက်ကပ်ပြီး အမေ့လက်မောင်းပေါ်မှီရင်မှီ အိပ်ရင်အိပ်ပဲ။ကလေးလို့ချီထားမှကြိုက်တယ်လိုမျိုးပဲ။ နေကောင်းနေတဲ့အချိန်ဆို အမေကိုယ့်အခန်းထဲလာခဏလာရင်တောင် မကြိုက်။ တစ်ခုခုလုပ်နေလို့ အမေခေါ်ရင်တောင် ခဏလေး ခဏလေး ၁၅ခါလောက်ခေါ်မှသွားတတ်တယ်။ နေမကောင်းစဖြစ်ဆိုရင်တော့ သံလိုက်နဲ့ဆွဲကပ်ထားသလိုမျိုးပဲ အမေ့နားမှာ။
နိုင်ငံခြားမှာ အလုပ်လုပ်တော့ Singapore မှာတုန်းကဆိုရင်လဲ နေမကောင်းဖြစ်တဲ့ အခါအမေ့ကိုသတိရတာပဲ။ ဒါပေမယ့် အဲ့ဒီတုန်းက ကိုယ့်ကျောင်းက သူငယ်ချင်းတွေနဲ့ အတူတူ တစ်အိမ်တည်းငှားနေရတာဆိုတော့ စိတ်ကအမေ့ဆီသိပ်မရောက်ပဲ အာရုံပြောင်းထားလို့ရတယ်။ အခု Netherlands ရောက်တော့ ကိုယ့်မြန်မာသူငယ်ချင်းတွေ မရှိတာကြောင့်လဲပါမယ်။ နိုင်ငံခြားသားအခန်းဖော်တွေနဲ့ကြတော့ အရမ်းကြီးမရင်းနှီးတော့ နေမကောင်းဖြစ်ပြီးဆိုတဲ့အခါ အမေ့ကိုပိုသတိရတယ်။ လူနေမကောင်းတာထပ် စိတ်က အမေလဲမရှိဘူးဆိုပြီး အိမ်မှာနေမကောင်းရင်အမေ့ကပ်တဲ့စိတ်ကြောင့် လူကအားပိုယုတ်တယ်။ ပြီးတော့ နိုင်ငံခြားမှာနေတဲ့ လူတွေရဲ့ အကျင့်တစ်ခုက တစ်ခုခုဖြစ်ရင်တောင် အိမ်ကိုမပြောတတ်ဘူး။ ပြောရင်လဲတစ်ကယ်ဖြစ်တဲ့ပြဿနာအတိုင်းအဆရဲ့ ၅၀% ကိုလျော့ပြောလေ့ရှိကြတယ်။ အိမ်ကလူတွေ စိတ်ပူနေမှာစိုးလို့။ ဒါ့မှမဟုတ် ကျွန်တော့်တစ်ယောက်တည်းပဲ အဲ့လိုအကျင့်ရှိလို့လားတော့ မသိ ကိုယ်နေမကောင်းဘူးဆို အမေ့ကိုမပြောတော့ဘူး။ နည်းနည်းပြန်သက်သာလာပြီဆိုမှပဲပြောတော့တယ်။ အမေက စိတ်ပူနေမှာစိုးလို့။ Corona ဖြစ်တုန်းကဆိုအမေ့ကိုလုံးဝမပြောဘူး။ စဖြစ်ခါတုန်းကဆို ကမ္ဘာနဲ့အဝှမ်းလူပေါင်းများစွာ သေကြေစေတဲ့ ကပ်ရောဂါဆိုတော့ အမေ့ကလဲ နင်တို့ဘက်မှာဖြစ်နေပြီးနော် ဂရုစိုက်ဆိုပြီး ဖုန်းဆက်တိုင်းစိတ်ပူပြီးပြောတတ်တာ။ အဲ့တော့ ကိုယ့်ကိုကူးပြီဆိုတာသိတော့ အိမ်မှာပဲ တစ်ပတ် quarantine နဲ့နေပြန်ကောင်းအောင်နေလိုက်ရတယ်။ ကိုယ့်ရန်ကုန်က အရင်းနှီးဆုံး သူငယ်ချင်း၃ယောက်ကိုပဲပြောပြီးအမေ့ကိုမပြောဖို့သတိပေးလိုက်ရတယ်။ ပထမသုံးရက်က တော်တော်ဆိုးဆိုးဝါးဝါး အဖျားတက် တကိုယ်လုံးကိုက်ခဲ့ပြီးထတောင်မထချင်ပဲဖြစ်ခဲ့တယ်။ နောက်ပိုင်း တဖြည်းဖြည်းပြန်ကောင်းသွားပြီး တစ်လလောက်ကြာမှသာ အမေ့ကို သားလွန်ခဲ့တဲ့ တစ်လလောက်က Corona ဖြစ်သေးကြောင်းပြောပြ။ အခုကောင်းသွားပြီးမို့စိတ်မပူဖို့ပေါ့။ အမေ့ကတော့ ထုံးစံအတိုင်းစိုးရိမ်းပြီးပြောနေသေးတာပဲ။
အခုဒီစာရေးနေတဲ့အချိန်မှာလဲ နေမကောင်းဖြစ်တာပြန်သက်သာလာပြီ။လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ကိုယ်ပူနေတဲ့အချိန်ဆိုအမေ့ကို သွားသတိရတယ်။ အိမ်မှာသာဆို သူချက်ကျွေးပြီလေ။ ဆန်ပြုတ်လေးဖြစ်ဖြစ်ပြုတ်ပေးတာ။ အဆင့်သင့်လေးစားပြီး ဆေးသောက်နားရုံပေါ့။ ဒီမှာတော့ နေမကောင်းဖြစ်ရင်တောင် ကိုယ်ဟာကိုယ်ချက်ရတယ်။ သွားဝယ်စားရမှာတောင် နေမကောင်းတဲ့အခါ supermarket ထွက်ချင်တဲ့စိတ်တောင်မရှိဘူး။ ဆေးခန်းပြဆိုရင်တောင် နယ်သာလန် နိုင်ငံရဲ့ အားနည်းချက်ကြီးတစ်ခုဖြစ်တဲ့ ဆရာဝန်တွေ့ချင်ရင် Appoinment ကြိုလုပ်ပြီးမှတွေ့လို့ရတာကြောင့် တော်ရုံဆေးခန်းတောင်မသွားပဲအိမ်မှာပဲဒီအတိုင်းနေလိုက်ရတယ်။ မြန်မာနိုင်ငံလိုမျိုး တခါတည်း ဆရာဝန်ဆီ walk in ဝင်ပြီးတန်းပြလို့မရတာကြောင့် လူကသေတော့မယ်ဆိုရင်တောင့် ဖုန်းဆက်ပြီး Appointment ကြိုယူပြီးမှနောက်နေ့လာပြလို့ရတယ်။ ဒါကြောင့်နေမကောင်းရင် ဆရာဝန်ဆီလဲ မသွားချင် ကိုယ်ဟာကိုယ်လဲ အားရှိအောင်ချက်မစားချင်တော့ နေပြန်ကောင်းဖို့ကပိုကြာ။ အမေ့အနားပဲကပ်ချင်ပေမယ့် အမေ့မရှိတော့ စိတ်ကပိုအားယုတ်နဲ့ နေ့မကောင်းဖြစ်တဲ့ ၄၊၅ရက်လောက်က လူရော စိတ်ရော အားပြတ်တယ်။ ခန္ဓာကိုယ်မသက်သာရင်နေပါစေ အမေအနားမှာရှိပြီး အမေ့ချက်ကျွေးတာလေးပဲ စားချင်မိတယ်။ ခလုပ်ထိမှအမိတဆိုသလိုပဲ နေမကောင်းတဲ့ အချိန်တွေတော့ အမေ့ကိုလွမ်းတယ်။
My homemade paracetamol <3