Blogs

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

❝လက်နက်များကိုနှုတ်ဆက်ခြင်း❞
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ ခြေထောက် ဗုံးထိဒဏ်ရရတဲ့ကြားက တခြားရဲဘော်တွေကို ဘေးကင်းရာကယ်ထုတ်ပေးခဲ့တဲ့ အတွက် အီတလီကချီးမြင့်တဲ့ ဆုတံဆိပ်ကိုရခဲ့ဖူးတယ်။ ခြေထောက်ဒဏ်ရာကြောင့် ဆေးရုံမှာ အကြားကြီးတက်ခဲ့ရပြီး အဲ့တုန်းကကြုံခဲ့တဲ့အဖြစ်အပျက်တွေကို အခြေခံပြီးတော့ နောက် ၁၂နှစ်လောက်ကြာတဲ့ အခါမှာ “A Farewell To Arms” ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်။

စာအုပ်ထဲမှာ American ambulance driver, “Frederic” တစ်ယောက်ဟာ Italy မှာ တာဝန်ထမ်းဆောင်ရင်း ဗုံးထိ ဒဏ်ရာရ ဆေးရုံးတက်ရင်းဆေးရုံက “Catherine” ဆိုတဲ့ British nurse တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားတယ်။ သူနာပြုဆရာမကလဲ သူနဲ့စေ့စပ်ထားတဲ့ ခင်ပွန်းလောင်းက တိုက်ပွဲမှာကျသွားတော့တစ်ယောက်တည်းသမားဖြစ်နေတဲ့အချိန်ပေါ့။ အစက Fedreic ကိုသဘောမကျပေမယ့် နောက်ပိုင်းမှာ ချစ်ကျွမ်းဝင်သွားပြီး American ambulance driver နဲ့ British nurse ရဲ့ Italy ကချစ်ဇာတ်လမ်းဟာ စာအုပ်ရဲ့အဓိက ကြောရိုးဖြစ်လာခဲ့တယ်။
ဒါပေမယ့် အချစ်ဇာတ်လမ်းချည်းပဲဖော်ပြတဲ့ ဇာတ်အိမ်မျိုးမဟုတ်ပဲ စစ်ပွဲတွေနဲ့ အဲ့ဒီကာလအတူတူဖြတ်သန်းခဲ့ရတဲ့ ရဲဘော်ရဲဖက်တွေရဲ့ဇာတ်လမ်းတွေလဲပါတယ်။ အီတလီစကားနည်းနည်းပြောတတ်တဲ့ သူနဲ့ အီတီလီ စစ်သားရဲဘော်မိတ်ဆွေတွေ ဘယ်လိုရင်းနှီးကျွမ်းဝင်ဆိုတဲ့အကြောင်းတွေ၊ စစ်ပွဲပေါ်မှာရှိတဲ့ သူတို့ရဲ့အမြင်နဲ့ခံယူချက်တွေကိုလဲ ဖော်ပြထားတယ်။
ပထမကမ္ဘာစစ် Italy နဲ့ Austria စစ်ခင်းနေတဲ့အချိန် Federic မှာ အီတလီရှေ့တန်းတစ်နေရာမှာ တာဝန်ကျတယ်။ သူလိုမျိုး သူနာပြုကားမောင်းတဲ့ အီတလီရဲဘော်တွေနဲ့မိတ်ဆွေတွေဖြစ်တယ်။ တရက် သူတို့အစာစားနေတဲ့အချိန် အနားကို ရုတ်တရက် ဗုံးကျလာရော။ သူငယ်ချင်းရဲဘော်တစ်ယောက်ကျသွားတယ်။ Federic ကမသေပေမယ့် ဒူးခေါင်းကိုဗုံးမှန်သွားတယ်။ နောက်ဆုံးဆေးရုံကိုရောက်ခွဲစိတ်ကုသပြီး လေးငါးလလောက်ခြေထောက်ပြန်ကောင်းလမ်းလျှောက်လာနိုင်တဲ့အထိ ဆေးရုံမှာနေခဲ့ရတယ်။ အဲဒီမှာပဲ Catherine ဆိုတဲ့သူနာပြုဆရာမလေးကိုတွေ့ပြီးချစ်မိသွားတယ်။
Catherine အစပိုင်းမှာ သူရဲ့ရှေ့တိုးမှုတွေကိုလက်မခံပေမယ့် နောက်ပိုင်းမှာ သူလဲFederic ကိုချစ်မိသွားတယ်။ Federic က Catherine မြင်မိကတည်းက သူ့ရင်ထဲမှာ ပြင်းပြတဲ့အချစ်နဲ့ဆွဲငင်အားတွေပေါ်လာတယ်ဆိုတာ သူကိုယ့်သူသတိထားမိတယ်။ နူညံ့ပြီး လှပတဲ့ “မိုးရွာရင်” အတွေးလွန်ပြီးကြောက်တတ် အကျင့်တဲ့ရှိတဲ့ British သူနာပြုမလေးကို Federic တစ်ယောက်ကို ဘယ်လိုနက်ရှိုင်းစွာ ချစ်မိသွားတယ်ဆိုတာကို ဖော်ကျူးထားတယ်။
ဆေရုံမှာ အလုပ်သဘောအရ လူတွေသိလိုမရလို့ ပုန်းလျှိုးကွယ်လျှိုး ခိုးကြောင်ခိုးဝှက်နဲ့ပဲနှစ်ယောက်သား လေးနက်တဲ့ချစ်ခြင်းစကားတွေ၊ နူးညံ့တဲ့ အနမ်းခြင်းဖလှယ်မှုတွေ၊ ပြင်းပြတဲ့ ရှိုက်သံတွေ၊ ဆွဲငင်တဲ့ ထိတွေ့မှုတွေနဲ့အတူ ချစ်ခြင်းနေ့ညပေါင်းများစွာကိုဖြတ်သန်းကြတယ်။
ခြေထောက်ပြန်ကောင်းသွားတော့ ရှေ့တန်းကိုပြန်ထွက်ဖို့ဖြစ်လာခဲ့တယ်။ ဒါမယ့် အဲ့အချိန် Federic က စစ်ပွဲအပေါ်မှာသူအမြင်တစ်ချို့ကပြောင်းလဲနေပြီ။ Catherine နဲ့လဲမခွဲခြင်ဖူး။ ရှေ့တန်းပြန်သွားရရင် တိုက်ပွဲမှာကျလဲကျသွားနိုင်တယ်၊ ဒါပေမယ့်လဲ နောက်ဆုံးရှေ့တန်းကိုသူပြန်ထွက်လာခဲ့တယ်။ မထွက်ခင်ရက်ပိုင်းအလိုမှာပဲ Catherine မှာ ကိုယ်ဝန်၃လလောက်ရှိနေပြီဆိုတာသိသွားတော့ ပျော်လဲပျော်သလို စိုးလဲစိုးရိမ်သွားတယ်။ Catherine ကတော့ ဘာမှမစိုးရိမ်ဖို့ပြောပြီး Federic ကရှေ့တန်းကပြန်လာတဲ့အခါ သူမကိုလက်ထပ်မယ်လိုပြောသွားတယ်။
ရှေ့တန်းပြန်ရောက်တဲ့ အခါ ရဲဘော်အဟောင်းတစ်ချို့နဲ့ပြန်လည်ဆုံစည်းမိတယ်။ မကြာဘူး Austria တွေကထိုးစစ်ဆင်လာပြီး အီတလီတွေမနိုင်တော့ တပ်တစ်ခုလုံးနောက်ပြန်ဆုတ်ရရော။ တပ်ဆုတ်တဲ့လမ်းကြောင်းက ရှည်လျားပြီးအကြာကြီးပိတ်မိနေတဲ့အတွက် Federic နဲ့တစ်ခြား ambulance driver ၃ ယောက်လောက်အရာရှိတစ်ချို့ကို Ambulance ကားပေါ်
တင်ပြီး အမြန်ရောက်အောင် လမ်းသွယ်တွေကနေရွေးပြီးသွားတယ်။ အဲ့ဒီမှာ ရန်သူ German စစ်သားတွေနဲ့တွေ့၊ ကားကနွံနှစ်မောင်းမရ၊ ပါလာတဲ့အရာရှိနှစ်ယောက်ကလဲ ကားကိုဝိုင်းကူမတွန်းပဲ ရန်သူတွေမှီသွားမှာစိုးလို့ ကြောက်ချီးပါပြီးထွက်ပြေး။ Federic ကမပြေးဖို့အမိန့်ပေးတာမရတော့ သေနတ်နဲ့လှမ်းပစ်။ တစ်ကောင်ကျ။တစ်ကောင်လွတ်။ ကားကိုထားပြီးရှေ့ဆက်သွားရင်း ရန်သူလား ကိုယ့်ဘက်ကလားမသိ အဝေးကနေလှမ်းပစ်ခံရ။ driver တစ်ယောက်ကျ။ အိမ်ဟောင်းတစ်နေရာမှာဝင်ပုန်း။ နောက်တစ်ကောင်က အညံ့ပဲခံတော့မယ်ဆိုပြီး Austria ဖက်ကိုပဲထွက်ပြေး။
အဲ့လိုနဲ့ Federic နဲ့ နောက်ဆုံးကျန်တဲ့ရဲဘော်တစ်ယောက် နောက်ဆုံးမှာ တပ်ဆုတ်နေတဲ့ ပင်မစစ်ကြောင်းနဲ့ပြန်ဆုံသွားရော။ အဲ့လိုပြန်ဆုံတဲ့အချိန် စစ်ပုလိပ်တစ်ချို့က လူတွေကိုလိုက်စစ်ရွေးထုတ်ပြီး မြစ်ဘေးကိုခေါ်သွားရော။ Federic ကိုလဲ လာဆိုပြီး ဂုတ်ကနေဆွဲပြီးမြစ်ဘေးခေါ်သွားရော။ တစ်ယောက်ချင်းစီစစ်မေးပြီး ဘာလိုမင်းတို့တပ်ဆုတ်ရတာလဲ အရာရှိက တပ်နဲ့အတူကျန်ခဲ့သင့်တာဘာညာနဲ့ ငါတို့ အီတလီတွေ ဘယ်တော့မှတပ်မဆုတ်ဘူး မင်းတို့တွေ အသုံးမကျလို့ တပ်ဆုတ်ရတာဘာညာနဲ့ နောက်ဆုံး အားလုံးကိုမြစ်ဘေးမှာ ပစ်သတ်တော့တာပဲ။ (ကိုယ့်အချင်းချင်းတွေ ပြန်ကိုင်တာပေါ့) Federic အလှည့်ရောက်လာတော့ ပစ်တော့အသတ်မခံနိုင်ဘူးဆိုပြီး မြစ်ထဲခုန်ချ ကံသီပြီးလွှတ်သွားပါရော။
မြစ်ထဲမှာအတော်ကြာမျှောပြီး ကမ်းတစ်ခုပေါ်ကိုဘေးကင်းစွာသူရောက်သွားတယ်။ အဲ့အချိန် သူခေါင်းထဲမှာပေါ်လာတာက သူချစ်သူ Catherine ဆီကိုပြန်ဖို့ပဲရှိတယ်။ Catherine ဆေးရုံရှိတဲ့မြို့ကိုပြန်လာ ဆေးရုံရောက်တော့ Catherine ကတစ်ခြားမြို့ကဆေးရုံပြောင်းသွားပြီဆိုတာသိတော့ အဲ့မြို့ကိုသွား။ အဲ့အချိန်မှာ သူက စစ်ပြေးဖြစ်နေတာဆိုတော့ ပတ်ဝန်းကျင်ကလူတွေ မရိတ်မိအောင် အဝတ်အစား နေတာထိုင်တာကအစ ဆင်ခြင်ရတာပေါ့။ နောက်ဆုံး Catherine ရှိတဲ့မြို့ကိုရောက်လာပြီး သူငယ်ချင်းနဲ့အတူ ထမင်းစားနေတဲ့ Catherine ကိုတွေ့ပြီးနှုတ်ဆက်တော့မှ Catherine လဲအင်မတန်ပျော်ပြီး ကြည်နူးပွေ့ဖက်ကြတာပေါ့။
အဲ့ မြို့က ဟိုတယ်မှာ တော်တော်ကြာကြာနေရင်း တစ်ရက် အီတလီစစ်သားတွေက သတင်းရလို့ဒီကောင့်ကိုလာဖမ်းရော။ သဘောအင်မတန်ကောင်းတဲ့ သူနဲ့ခင်တဲ့ ဟိုတယ်ဝန်ထမ်း ကသူကိုလာကြိုပြီးသတင်းပေးတော့ ညတွင်းချင်း လှေနဲ့ Switzerland ဘက်ကိုထွက်ပြေးဖို့စီစဉ်ရတယ်။ နှစ်ယောက်စီးလှေသေးသေးလေးနဲ့ ကိုယ်ဝန်သည် ချစ်သူ Catherine ကိုတင်ပြီး ညကမှောင် မီးလဲမရှိဘာမှ မမြင်ရ ဟိုတယ်ဝန်ထမ်းပြောတဲ့အတိုင်း လေဆန်အတိုင်းသာလိုက်သွား နောက်နေ့ဆို့ Switzerland က အဲ့မြို့ကိုရောက်မယ့်ဆိုတဲ့အတိုင်း ရင်တထိတ်ထတိတ်နဲ့ပဲလှော်ခတ်လာခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ပဲ နောက်ဆုံး Switzerland ကိုနှစ်ယောက်သားရောက်လာခဲ့တယ်။ လှေဆိုက် မြို့ရောက်ပြီး သိပ်မကြာ နယ်စစ်ထိန်းချုပ်တဲ့အရာရှိတစ်ချို့က သူတို့နှစ်ယောက်ကိုလာခေါ်ပြီး စစ်မေးပါရော။ American passport နဲ့ British passport ကိုင်ထားတဲ့သူတို့နှစ်ယောက်ကို လှေနဲ့ဒီရောက်လာပြီး ဘာလာလုပ်တာလဲဘာလဲ မေးတော့ Federic ကလဲရွှီးရတာပေါ့။ Catherine ကိုလဲ သူ့ညီမဝမ်းကွဲ အနုပညာလာသင်တာဘာညာနဲ့ရွှီးပြီးတော့ နောက်ဆုံး နှစ်ယောက်သား Switzerland မှာနေထိုင်ခွင့် visa ရသွားပါရော။
ကျွန်တော်တို့တွေ အာရှသားတွေ တော်တော်များများသွားချင်ကြတဲ့ Switzerland ကလှပတဲ့မြို့လေးမှာ နှစ်ယောက်သားကြည်ကြည်နူးနူး အေးအေးဆေးဆေးလဲ နေ့စဉ်ဘဝကို အတူတူဖြတ်သန်းကြတဲ့ အပိုင်းလေးဟာ ဒီစာအုပ်ရဲ့ ကြည့်နူးစရာအကောင်းဆုံးအပိုင်းလေးပေါ့။ စစ်ပွဲတွေနဲ့ဝေးရာ၊ ဘေးအန္တရယ်တွေနဲ့ဝေးရာ၊ ဒုက္ခဆင်းရဲ အနိဌာန်ရုံတွေနဲ့ဝေးရာမှာ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ကြည်နူးစွာနဲ့ နှစ်ကိုယ်သား Switzerland ကလှပတဲ့ နွေရာသီမနက်ခင်းကိုတွေ ချစ်ခြင်းစကားတွေ အထိအတွေ့တွေနဲ့အတူကိုဖြတ်သန်းကြတာပေါ့။
အဲ့လိုနဲ့ဆောင်းဝင်လာပြီး Catherine ရဲ့ကိုယ်ဝန်ကလာရင့်လာပြီး မွေးဖို့ရက်ကနီးလာရော။တစ်ရက် ဗိုက်ကနာလာတော့ ဆေးရုံကိုပြေးကြတာပေါ့။ ဆေးရုံရောက်တော့ မွေးခန်းထဲက သူနာပြုတွေ ဆရာဝန်တွေနဲ့ဝိုင်းပြီးပြုစုပေးတာပေါ့။ သဘာဝအတိုင်းပဲမွေးမှာမို့ စောင့်နေကြရတယ်။ Federic ကိုတော့ မွေးခန်းရဲ့အပြင်မှာပဲထိုင်စောင့်ခိုင်းထားခိုင်းတယ်။ ခဏကြာတော့ သူကိုဝတ်စုံဂါဝန်ကြီးဝတ်ခိုင်းပြီး ပေးဝင်ခိုင်းတယ်။ Catherine က နာကျင်တာသက်သာစေမယ့် gas ကို mask နဲ့တပ်ရူရှိုက်နေတယ်။ ဆရာဝန်ကတော့ အခြေအနေတော့ကောင်းတယ်။ ဒါပေမယ့် မမွေးသေးလို့ စောင့်ရဦးမယ်ပေါ့။ gas mask ကိုခဏဖြုတ် ပြီး Catherine ကလဲ Federic နဲ့စကားလေးခဏပြော။ နာလို့ gas mask ကိုပြန်တပ်ပြန်ရှူနဲ့။ တော်တော်ကြာတဲ့အထိ မမွေးတော့ သူလဲ အပြင်ခဏပြန်ထွက်နေ့လည်စာသွားစား။ ပြန်လာတဲ့အထိမမွေးသေး။ ဆရာဝန်ကလဲ ဟိုဘက်ခန်းမှာ ထမင်းသွားစားလိုက်ဦးမယ် မင်းကြည့်ထားလို့ရတယ် တစ်ခုခုဆိုခေါ်လိုက်ဆိုပြီး Federic ကိုမွေးခန်းထဲမှာ ထားခဲ့ရော။ Catherine ကလဲ စကားပြောလိုက် gas ရှူလိုက် gas ရဲ့အာနိသင်ကြောင့် ကယောက်ခြောက်ခြားတွေနဲ့ ငါသေတော့ထင်တယ် အချစ်ရယ် ဘာညာနဲ့လျှောက်ပြောလိုက်ပေါ့။ Federic ကတော့ အဲ့လိုတွေလျှောက်တွေးပြီး မပြောပါနဲ့ အချစ်ရယ်နဲ့ အားပေးတာပေါ့။ ဆရာဝန်ကပြန်ရောက်လာပြီး Catherine ကလဲ Federic ကိုအပြင်မှာပဲခဏပြန်စောင့်ဖို့ပြောတာပေါ့။
အပြင်မှာစောင့်နေရင်းနဲ့ပဲ Federic တစ်ယောက်တစ်ဖြည်းဖြည်းစိတ်တွေပူလာတော့ပေါ့။ ခေါင်းထဲမှာလဲဟိုတွေးဒီတွေးနဲ့ Catherine များသေသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးစိုရိမ်တာပေါ့။ ဆရာဝန်ကလဲသူကို ဘာမှလှမ်းမခေါ်တော့ ပိုစိုးရိမ်ရော။။ ခဏကြာတော့ ဆရာဝန်က သူဆီရောက်လာပြီး ကလေးကဒီအတိုင်းဆိုမထွက်တော့ဘူး။ ခွဲမွေးမှရမယ်ဆိုပြီးပြောရော။အခုအခြေအနေအရသဘာဝအတိုင်းတွန်းထုတ်ပြီးမွေးတာ ပိုအန္တရယ်များတယ်။ ခွဲမွေးတာပိုကောင်းမယ် ဆိုပြီးအကြံပြုတယ်။Federic ကလဲ သဘောတူလိုက်ပြီးတော့ Catherine ဆီကိုမခွဲခင်သွားတွေ့တာပေါ့။
နောက်တစ်နာရီလောက်ဆို ပြီးတော့မှာတဲ့အချစ်ရယ် ဆိုပြီး Catherine ကပြော။ သူ့ကိုထားသွားပြီး မသေချင်ဘူးဆိုပြီး ကယောက်ခြောက်ခြားတွေနဲ့ပြောလိုပြော။ ခဏနေတော့ ဆရာဝန်နဲ့ သူနာပြုတွေက Federic ကိုအပြင်မှာပဲထွက်စောင့်ခိုင်းပြီး ခွဲစိတ်မှုကိုစတော့တာပဲ။ ခဏကြာတော့ ဆရာဝန်က ကလေးလေးကို ခြေထောက်ကကိုင်ပြီးအခန်းထဲကထွက်လာပါပြီး တခြားအခန်းတစ်ခုကိုဝင်သွားရော။ သူနာပြုဆရာမကလဲ ယောင်္ကျားလေးတဲ့။ အခန်းအပြင်ကနေလှမ်းကြည့်တော့ ဆရာဝန်က ကလေးကိုခြေထောက်ကနေကိုင်ပြီး တစ်ဖျပ်ဖျပ်နဲ့ရိုက်နေတာမြင်တယ်။ ဒါပေမယ့် ကလေးက ဘာမှကိုမလှုတ်ဘူး။ မျက်နှာတွေကိုယ်လုံးတွေကလဲ မဲပြာနေရော။ ဒါမယ့် Federic က ကလေးကိုသွားမကြည့်တော့ပဲ Catherine ဆီပဲသွားကြည့်တော့ Catherine ကအသက်တော့ရှိပြီး ဆရာဝန်က ချုပ်ရိုးကိုချုပ်နေတယ်။ ဆရာဝန်က Catherine အခြေအနေကောင်းပါတယ်ဆိုပြီးပြောတယ်။ Catherine ကတော့ အရမ်းအားကုန်ကိုပင်ပန်းနေပြီ ကလေးရောဘယ်လိုနေလဲမေးတော့ သူနာပြုဆရာမကလဲ စကားသိပ်မပြောပါနဲ့ ကလေးကအကောင်ထွားတယ် ဘာညာနဲ့ပဲပြောပြီး Cathrine ကိုတခြားအခန်းထဲကိုပြောင်းရွေ့ပေးလိုက်တယ်။
ကလေးက အသေလေးမွေးတယ်ဆိုတာ သူနာပြုဆရာမက Federic ကိုအပြင်မှာလမ်းလျှောက်ရင်းနဲ့ပြောလိုက်တယ်။ Federic ရဲ့ခံစားချက်ကတော့ ကလေးရအောင်လုပ်ခဲ့တဲ့သူကိုယ့်သူကိုသာ အပြစ်တင်ခံစားမိနေတယ်။ Catherine ကတော့ အခန်းထဲကခုတင်ပေါ်မှာ မှေးနေတယ်။ ဘေးနာကသူနာပြုဆရာမကလဲ သူမအခြေအနေကောင်းပါတယ်။ ညစာသွားစားပြီးမှ ပြန်လာခဲ့ဆိုတော့ Federic လဲအပြင်ခဏထွက် ညစာသွားစားတာပေါ့။
ညစာစားပြီးပြန်လာတော့ လှေကားမှာ သူနာပြုဆရာမနဲ့တွေ့တော့ ဆရာမက နင့်ကိုရှာနေတာ ဟိုတယ်ကိုဖုန်းဆက်တာလဲမရှိဆိုတော့ လို့ပြောတော့ Federic တစ်ယောက်ခေါင်းနပန်းကြီးသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Catherine ကသွေးထွက်လွန်လို့တဲ့။ အဲ့ဒီမှာစာဖတ်နေတဲ့သူကိုပါ စိုးရိမ်သွားစေတယ်။ တောက်လျှောက်လုံး ဇာတ်လမ်းအစတည်းက နှစ်သူနဲ့ခက်ခက်ခဲခဲချစ်၊ ဝေးကွာ၊ ပြန်ဆုံစည်း၊ အန္တရယ်တွေကြားထဲကထွက်ပြေးလွှတ်မြောက်၊ ကြည်ကြည်နူးနူးအေးအေးချမ်းချမ်းလေးနဲ့ မိသားစုဘဝလေးရပြီး ပျှော်ရွှင်ဇာတ်သိမ်းရမယ်ဆိုတဲ့ အငွေ့အသက်တွေနဲ့ ရစ်ပတ်ပြီး ရင်းနှီးအောင်လုပ်ပြီးကာမှ နောက်ဆုံးကျ ကလေးကလဲသေ အမေပါသေခိုင်းဦးမယ်ဆိုရင် Federic တစ်ယောက်အင်မတန်ကိုနာကျင်ရမှာဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ Federic လိုမျိုးပဲ စာဖတ်သူ လဲ “မသေပါစေနဲ့ မသေပါစေနဲ့ မသေပါစေနဲ့” ဆိုပြီး စာဖတ်ရင်း စိုးရိမ်တကြီးနဲ့လိုက်ဆုတောင်းမိနေရော။ သူနာပြုဆရာမက အခန်းထဲမဝင်ခိုင်းသေးဘူး အန္တရယ်များလို့။ Federic တစ်ယောက်အပြင်မှာပဲထိုင်ပြီး ပါးစပ်ကတတွတ်တွတ်နဲ့ရေရွတ်ပြီး ဘုရားဆုတောင်းတာပေါ့။
Catherine ကိုတော့ ဘုရားသခင် မခေါ်သွားပါနဲ့ဆိုပြီး Please please please please dear god, don’t let her die ဆိုပြီးအကြိမ်ကြိမ်အခါအခါဆုတောင်းတာပေါ့။ ခဏကြာတော့ သူနာပြုဆရာမက လက်လေးပြပြီးဝင်လာခိုင်းလိုက်တယ်။ အခန်းထဲဝင် Catherine ရဲ့ခုတင်နားလေးကိုရောက်လာတော့ Catherine ကသူကိုပြုံးပြီးတော့ ကြည့်တယ်။ အသားတွေကလဲဖြူဖတ်ဖြူဖတ်ရောနဲ့ အားမရှိတော့တဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲ့ဒါကို ကြည့်ရင်း Federic တစ်ယောက် ပါးပြင်က မျက်ရည်တွေစီးကျလာပြီးတော့ ငိုတယ်။ သူငိုနေတာကိုမြင်တော့ Catherine က “စိတ်မကောင်းပါဘူး အချစ်ရယ်” ဆိုပြီး မျှင်မျှင်လေးပြောတယ်။ Federic က “စိတ်မပူပါနဲ့ မင်းဘာမှမဖြစ်ပါဘူး ကောင်းသွားမှာပါ” လို့ပြောတော့ Catherine က “ငါသေရတော့မှာပါ။ ဒါပေမယ့် ငါသေရမှာကြီးကိုမုန်းတယ်။ ငါတကယ်လို့များ တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုပြီး အချစ်အတွက်စာလေးတစ်စောင်ရေးပြီးချန်ထားဖို့စဉ်စားဖူးတယ်။ ဒါပေမယ့် မရေးဖြစ်ခဲ့ဖူး” Federic က “မင်းတွေ့ချင်တဲ့လူတစ်ယောက်ယောက်ရှိသေးလား ဒါမှမဟုတ် priest ခေါ်ပေးရဦးမလား” ဆိုတော့ Catherine က “မလိုပါဘူး။ အချစ်ပဲအနားမှာရှိရင်ရပါပြီ” “သေရမှာကိုမကြောက်ပါဘူး။ မုန်းတာပဲရှိတာပါအချစ်ရယ်” “Cat မရှိတော့တဲ့အခါ တစ်ခြားမိန်းကလေးတွေကို Cat ကိုပြောခဲ့ဖူးတဲ့စကားမျိုးတွေ ချစ်သလိုမျိုးတွေ ချစ်မှာလား” လို့မေးတော့ Federic က “ကိုယ် ဘယ်တော့မှ ချစ်မှာမဟုတ်ဖူး” လို့ပြန်ဖြေတယ်။ “ချစ်ပါ။တခြားမိန်းကလေးတွေနဲ့ပျော်စေချင်တယ်” လို့ Catherine ကပြန်ဖြေတော့ ဘေးကဆရာဝန်က “စကားတွေအများကြီးမပြောပါနဲ့ မင်းမသေပါဘူး။ အဓိပ္ပာယ်မရှိတာတွေလျှောက်မပြောနေပါနဲ့” လို့ဝင်ပြောလိုက်တယ်။ အပြင်မှာပဲသွားစောင့်နေဖို့ ဆရာဝန်ကပြောတော့ Federic လဲ “ကိုယ်အပြင်မှာပဲစောင့်နေမယ်လို့” Catherine ကိုပြောတော့ Catherine ကလဲ မျက်စိလေးတစ်ဖက်မှိတ်ပြလိုက်တယ်။ “စိတ်မပူပါနဲ့ အချစ်ရယ်။ ငါမကြောက်ပါဘူးလို့” Catherine ကပြန်ပြောတယ်။
အပြင်မှာပဲ Federic တစ်ယောက်တော်တော်ကြာတဲ့အထိရပ်စောင့်နေတယ်။ Catherine သွေးထွက်လွန်တာလဲတော်တော်နဲ့မပြီး ရပ်လို့မရတစ်ခါပြီးတစ်ခါ။ နောက်ဆုံး အခန်းထဲပြန်ရောက်ပြီး Catherine နားလေးမှာပဲ သူမ အသက်ထွက်သွားတဲ့အထိ Federic နေခဲ့တယ်။ အခန်းပြင်ကိုပြန်ထွက်လာတော့ ဆရာဝန်က အတတ်နိုင်ဆုံးကြိုးစားပေးခဲ့ပေမယ့် မကယ်နိုင်ခဲ့တာ စိတ်မကောင်းကြောင်းပြောတယ်။ “ငါ ဟိုတယ်ကိုပြန်လိုက်ပို့ပေးရမလား” ဆရာဝန်က မေးတော့ Federic က ”ရပါတယ်” လိုပဲပြန်ဖြေတယ်။
နောက်ဆုံးအကြိမ် အခန်းထဲပြန်ဝင်ကြည့်ချင်တော့ သူနာပြုဆရာဝန်မတွေက ဝင်လို့မရသေးဘူးလို့ပြောတာကို Federic ကအတင်းမောင်းထုတ်ပြီး အသက်မရှိတော့တဲ့ Catherine ရဲ့ကိုယ် ကိုရပ်ကြည့်ပြီးနှုတ်ဆက်ခဲ့တယ်။ ဆေးရုံကနေပြန်ထွက်လာပြီး ဟိုတယ်ဆီပြန်လျှောက်လာတဲ့လမ်းမှာ “မိုးတွေကရွာလို့”။
(I must admit I teared up on reading the dying part my rating 7/10)
“လက်နက်များကိုနှုတ်ဆက်ခြင်း”
“A Farewell to Arms” by Ernest Hemingway

Nyan Zaw Htet

Recent Posts

❝Erasmus တံတားပေါ်က❞

သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့  ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်

3 days ago

A Beautiful Mess

အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်

3 weeks ago

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

6 months ago

Ajax or Feyenoord?

စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။

8 months ago

Haiku – Part 1

မြူတွေကလွှမ်း တောင်ပတ်လမ်း စမ်းရေတသွင်သွင်

8 months ago

Ronin

အရွယ်ရောက်ခါစအချိန်တည်းက စိတ်ကူးထဲမှာခံယူထားတဲ့ အရာတစ်ခုရှိခဲ့တယ်။ တကယ်မရှိတဲ့ စိတ်ကူးနဲ့ပုံဖေါ်ထားတဲ့ အနာဂတ်က ပုဂ္ဂိုလ်တစ်ယောက် (Imaginary person) ပေါ့

8 months ago