Ronin

အရွယ်ရောက်ခါစအချိန်တည်းက စိတ်ကူးထဲမှာခံယူထားတဲ့ အရာတစ်ခုရှိခဲ့တယ်။ တကယ်မရှိတဲ့ စိတ်ကူးနဲ့ပုံဖေါ်ထားတဲ့ အနာဂတ်က ပုဂ္ဂိုလ်တစ်ယောက် (Imaginary person) ပေါ့။

အမေနဲ့ကြီးပြင်းခဲ့တဲ့အထဲမှာ ဘယ်တော့မှမရခဲ့တဲ့ ကွက်လပ်ကြီးတစ်ခုခုလိုရင်ထဲမှာအမြဲရှိခဲ့တယ်။ ရင်ထဲက ကောင်းခြင်းတရားကိုဘယ်သူမှမနားမလည်ဘူးတဲ့ခံစားချက်မျိုး။ တစ်ချိန်တစ်ခါမှာ စိတ်ကူးထဲမှာပဲ အနာဂတ်တစ်ချိန်ချိန်က လူပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီကောင်ခြင်းတရားကိုနားလည်လိမ့်မယ်။ ငါ့ရဲ့ရင်ထဲကကောင်းမွန်တဲ့ဆန္ဒတွေကိုနားလည်လိမ့်မယ်လို့ အမြဲတမ်း အားဖြည့်ပြီးတွေးခဲ့တယ်။

မင်းကဒီလောက်ပေးမှ ငါကဒီလောက်ပေးမယ် မင်းက ၅၀ပဲပေးလို့ ငါက ၅၀ပဲပေးမယ်။ တစ်ချို့က ၁၀လောက်ပဲပေးပြီး ၉၀ဖိုးလောက်လိုချင်ကြတယ်။ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ဘဝတစ်လျှောက်လုံးမှာ ကိုယ်ကပဲအရင်စပြီးတော့ တပါးသူအတွက် အများကြီးပေးမယ်ဆိုတာမျိုးမမြင်ခဲ့ရပဲနဲ့ မိတ်ဆွေတွေလုပ်ငန်းခွင်တွေမှာတောင် မင်းကကောင်းမှငါကကောင်းမယ်၊ မင်းကမှမကောင်းတာ ငါကဘာလို့ကောင်းရမှာလဲဆိုတဲ့ ခံယူချက် နဲ့တုံပြန့်မှုတွေပဲ တွေ့ခဲ့ရတယ်။ ကိုယ်ဘက်က အနစ်နာခံပြီးတော့ တစ်ပါးသူကောင်းဖို့အတွက် လုပ်ဆောင်ပေးတယ်ဆိုတာ တစ်ခါမှမမြင်ဖူးတဲ့ဖြစ်စဉ်တစ်ခုလိုမျိုးပဲ။ အတ္တတွေပဲ ဦးစားပေးကြတဲ့ လူ့အဖွဲ့အစည်းမှာ တကယ့်ကောင်းခြင်းတရားဆိုတာ အင်မတန်ရှားပါးတယ်။ အဲ့ကောင်းခြင်းတရားကိုလုပ်ဆောင်ချင်တဲ့သူတွေဟာ တစ်ပါးသူတွေရဲ့ အတ္တကိုထိပါးစေတာမို့ သူ့ကိုရန်သူလိုပဲမြင်ပြီးလူတွေကပျက်စီးစေချင်ကြတယ်။ သမိုင်းရာဇဝင် မှာ Socrates ကစ Jesus Christ၊ Galileo လိုပုဂ္ဂိုလ်မျိုးတွေ၊ ခေါင်းဆောင်တွေကို လုပ်ကြံပျက်စီးအောင်လုပ်တာလဲ လူဆိုးတွေ မဟုတ်ပဲ “လူကောင်း” လို့ထင်ရတဲ့ လူအဖွဲ့အစည်းတည်းကလူတွေကပဲ ပျက်စီးစေခဲ့တာပဲ။ ဘာလို့လဲဆိုတော့ မှန်ကန်တဲ့ကောင်းခြင်းတရားဟာ အတ္တတွေရဲ့ရန်သူမို့လိုပေါ့။ 

ငယ်ငယ်တည်းက အခုချိန်အကောင်းတစ်ကအကောင်းဆုံး အမွန်မြတ်ဆုံးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ကာလတွေမှာ အင်မတန်ကိုစိတ်ပင်ပန်းခံရတာတွေရှိခဲ့တယ်။ တစ်ပါးသူတွေက ဒီလောက်လေးပေးပြီး ဘဝမှာတင်းတိမ်ရောင့်ရဲနေနိုင်တဲ့ အချိန်မျိုးမှာ ဘာကြောင့် ပိုများများပေးပြီး လှတပတလုပ်ဆောင်ချင်ရတာလဲလို့ တစ်ခါတစ်ရံမေးခွန်းထုတ်မိတယ်။လုပ်ငန်းခွင်မှာဆို ဝတ်ကျေတမ်းကျေ ငါ့ကိုလစာဒီလောက်ပေးလို့ ဒီလောက်ပဲတန်အောင်လုပ်မယ်။ တစ်ခြားလူတွေတောင် အလုပ်ကို ကောင်းအောင်မလုပ်ချင်တာ ကိုယ်က လစာပိုရတာလဲမဟုတ် ဘာလို့ခေါင်းရှုပ်ခံရမှာလဲ။ အားလုံးကဒီလိုပဲလုပ်နေကြတာ ဆိုပြီးတော့ ပုံမှန်ရလဒ်မျိုးကိုပဲထိန်းပြီးလုပ်ကိုင်ကြတယ်။ အကောင်းတကအကောင်းဆုံး အလှဆုံးပြီးမြောက်သွားမယ် လစာပိုမရလဲ ကိုယ်လုပ်တဲ့အလုပ်လေးက လှတပတပြီးမြောက်သွားတာကိုလိုချင်တဲ့လူတွေ အင်မတန်နည်းတယ်ဆိုတာပဲသွားတွေ့တယ်။ အဲ့လိုကောင်းခြင်းတရားကိုအဆုံးစွန်ဆုံးလုပ်တဲ့အခါမျိုးမှာ ပတ်ဝန်းကျင်ကလူအများစုရဲ့ မကြိုက်မနှစ်သက်ခြင်း မလေးမစားလုပ်ခံရခြင် ပျက်ဆီးလိုခြင်းမျိုးနဲ့သာပိုကြုံရတယ်။ ကောင်းခြင်းတရားကို သမံကာလျှံကာမဟုတ်ပဲ အပြည်အဝရအောင်ကြိုးစားအားထုတ်ခြင်းဟာ အတ္တတွေရဲ့ရန်သူအစစ်မှန်ပဲဆိုတာ တဖြည်းဖြည်းနားလည်လာခဲ့တယ်။

ငယ်ငယ်တည်းက အမေ့အတွက်၊ ညီမလေးအတွက်ဆိုပြီး သူတို့အတွက်ကိုရည်ရွယ်ပြီး ဘဝကိုအများကြီးကြိုးစားရုန်းကန်ခဲ့တယ်။ ပညာရေး ဘဝရှေ့ရေး ဘယ်ဖိအားမှလဲမရှိ ကိုယ်နေရင်နေချင်သလိုပဲ သာမန်ပဲဖြစ်နိုင်ပေမယ့် သူတို့အတွက် အများကြီးရည်ရွယ်ပြီး စိတ်ထဲနှစ်ပြီး အများကြီးကြိုစားခဲ့တယ်။ ဘယ်တော့မှ အသိအမှတ်မပြုတတ်တဲ့အမေကြောင့်လဲ ရင်ထဲကကောင်းခြင်းတရားကိုမသိဘူးဆိုတဲ့ ဟာတာတာ( hollowness) ကကျွန်တော့်အတွက်ခံစားရဆုံးပဲ။ ပတ်ဝန်ကျင်က သူငယ်ချင်း မိတ်ဆွေတွေ လိုအပ်တဲ့အချိန်ဆို အကောင်းဆုံးဆိုမှ အကောင်းဆုံးကို ဘာမှမချန်ထားပဲပဲပေးချင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါမှ ကောင်းခြင်းတရားအစစ်အမှန်မိုလို့။ အကောင်းဆုံး အပြည့်ဝဆုံး အလှဆုံးလိုခံစားရတယ်။ ကိုယ်စီမှာရှိလို့ပေးတာ ကိုယ်လုပ်ပေးနိုင်သလောက်ပဲပေးတယ်ဆိုတာ ကောင်းခြင်းတရားကို အပြည့်အဝမပေးပဲ တစ်ခုခုချန်ထားတဲ့ခံစားချက်မျိုးလို့ခံစားရတယ်။ အဆုံးအစွန်းဆုံး ကိုယ်ရဲ့သက်တောင့်သက်သာရှိမှုတွေ ကိုယ်မှာ မရှိရှိတဲ့ အချိန်တွေ၊ပိုင်ဆိုင်မှုတွေပါ ပေးပြီး ကောင်းခြင်းတရားကို အပြည့်အဝ နဲ့ဖြည့်ဆည်းပေးလိုက်ရလို့ တစ်ပါးသူဟာ အဲ့ကောင်းခြင်းတရားကို 100% အပြည့်အဝခံစားသွားရတာမျိုးကိုပဲ စိတ်ကတောင့်တမိတယ်။ အဲ့လိုပြုမှုခြင်းဟာ အင်မတန်လှတယ်လိုစိတ်ထဲမှာအမြဲခံစားရတယ်။ သို့ပေမယ့် အပြည့်အဝပေးချင်တဲ့ အတ္တမေ့ပျောက်သွားတဲ့ ကောင်းခြင်းတရားရဲ့ စိတ်ခေါ်မှုတစ်ခုဟာ မသိမမြင်ခြင်းပဲ။ 

ငါအရင်ဘဝက နိုဘယ်ဆုရတဲ့ကောင်ကြီးကွ။ ငါကကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးကွ။ ငါက ရုပ်ရည်ရူပကာလှပတဲ့ ကမ္ဘာကျော် ဆယ်လီဘရစ်တီ ကွ။ ငါက အောက်စဖို့ကနေဘွဲ့ရထားတဲ့ ပညာတတ်ကြီးကွ။ ငါက ကမ္ဘာကျော် Steve Jobs ကြီးကွ Bill Gates ကြီးကွ။ ငါ အရင်ဘဝကနိုင်ငံခြားမှာ နေပြီးဘယ်လိုချမ်းချမ်းသာသာနဲ့သုံးနိုင်စွဲနိုင်ခဲ့တဲ့ကောင်ကြီးကွ ဆိုပြီး ကိုယ်သေသွားရင် နောက်ဘဝမှာ ဘာမှပြောနိုင်မှာလဲမဟုတ်ဘူး။ အခုဘဝတောင် ကိုယ်အရင်ဘဝက ဘာဖြစ်ခဲ့လဲသေချာမသိတာ ဒီဘဝမှာ ဘာတွေလုပ်ပြီး ဘာတွေများသယ်သွားလို့ရမှာလဲ။ ဘာကောင်ကြီးပဲဖြစ်နေဖြစ်နေ သေခါနီးကျရင်ဘာမှအရေးမကြီးတော့ဘူး။ အခုဘဝက ပိုင်ဆိုင်မှု ဂုဏ်ဒြပ်အရသာတွေ သယ်သွားလို့ရတယ်ဆိုရင်တော့တစ်မျိုးပေါ့။ သယ်သွားလို့မရမဲ့အတူတူ ဘာဖြစ်လို့ အလှဆုံး အကောင်းဆုံး အရာတွေကို ၁၀၀% အပြည့်အဝမထားသွားချင်ရတာလဲလို့။ ဘာကြောင့် ငါ့အတွက်ဆိုပြီးမှ အချိန်တွေ ငွေတွေ ပိုင်ဆိုင်မှုတွေ social status တွေ အတ္တပုံရိပ်တွေကို မစွန့်လွှတ်ရဲရတာလဲလို့။ငါမရလဲ တစ်ပါးသူတွေ ကောင်းခြင်းတရားအပြည့်အဝရသွားလဲ သေတဲ့အခါ ငါ့အတွက်အရှုံးမရှိဘူးလေ။ ဘဝရဲ့ အခက်ခဲဆုံးနဲ့ အလှပဆုံးဖြစ်တဲ့ နောက်ဆုံးအဓိပ္ပာယ် (Ultimate meaning) ဟာ ဒီအခြင်းအရာဖြစ်မယ်လို့ တစစနားလည်လာမိတယ်။

ငါမသေခင် အလှဆုံးမှအလှဆုံးသောအရာတွေ၊ ရူးသွပ်တယ်ဆိုတဲ့ အမြင်တွေ၊ vision တွေနဲ့ ပတ်ဝန်းကျင်ကို လှတပတနဲ့ လောဘကြီးစွာ အသစ်လွှင်အတောက်ပြောင်ဆုံး၊အဆန်းသစ်ဆုံးတွေပေးချင်တဲ့ဆန္ဒနဲ့ကြိုးစားတယ်အရာတွေဟာ လူအများစုရဲ့အမြင်မှာ နားလည်ရခက်တယ်။ နားမလည်ပေးနိုင်တဲ့အခြေအနေမျိုးတွေပဲဖြစ်တတ်တယ်။ ရှေ့ကိုအများကြီးကြိုတွေးတဲ့သူတွေဟာ အလှောင်ခံ နားလည်မှုအလွှဲခံရတာချည်းပဲလိုလူတစ်ယောက်ပြောခဲ့ဖူးတယ်။ အသက်တွေကြီးလာလေလေ အဲ့ဒီရင်ထဲကဆန္ဒတွေကတစတစပိုကြီးလာလေလေ။ အဲ့လိုအချိန်တွေ ငယ်ငယ်တည်းက တစ်ခါတစ်ရံစိတ်ကူးခဲ့တဲ့ အနာဂတ်က မမြင်ရသေးတဲ့လူတစ်ယောက် (imaginary person) တစ်ယောက်ကတော့ ငါ့ရဲ့ဆန္ဒတွေ ငါအင်မတန်ကိုဖြစ်ချင်တဲ့ ပြည့်ဝတဲ့ကောင်းခြင်းတရားကို နားလည် အသိအမှတ်ပြုလိမ့်မယ်လို့အမြဲတွေးခဲ့တယ်။ လူအများကြီးမလိုဘူး အဲ့ပုဂ္ဂိုလ်တစ်ယောက်ကပဲ သူစိမ်းပဲဖြစ်နေပါစေဦး ငါ့ရဲ့ ပတ်ဝန်းကျင်လူတွေကို ကောင်းခြင်းတရားအပြည့်အဝပေးချင်တာကို ခေတ်မှီဆန်းသစ်မှုအရှိဆုံး ပြည်တွင်းပြည်ပ ခေတ်အမျိုးမျိုးပြောင်းသည့်တိုင် သစ်လွှင်တောက်ပြောင်နေဦးမယ့် အရာတွေထားခဲ့ပြီး သေသွားချင်တဲ့ ဆန္ဒကို အဲ့ဒီ အနာဂတ်ကမတွေ့ရသေးတဲ့ လူတစ်ယောက် နားလည်ရင် ကျေနပ်ပြီလို့အမြဲအားတင်းခဲ့တယ်။ 

ကိုယ့်ကိုအင်မတန်ချစ်ပြီး ခင်တဲ့သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ်။ ဘယ်အချိန်ချိန်ရောက်ရောက် ကိုယ့်အပေါ်အဆက်အသွယ်မပျက်ခဲ့ဘူး။ ကျောင်းသားဘဝတည်းက ရေခြားမြေခြားဘဝရောက်တဲ့အထိ စိတ်တူကိုယ်တူ ကိုယ့်စိတ်ကိုမြင်တဲ့သူငယ်ချင်းကောင်းတစ်ယောက်ရှိတာအင်မတန်ကောင်းတယ်။ ကျေးဇူးလဲအမြဲတင်ရတယ်။ သူအပေါ်တောင်မှာ ကိုယ့်ရဲ့ဆန္ဒအစစ်အမှန်တွေ မျှဝေဖို့အင်မတန်ခက်ခဲခဲ့တယ်။ ပါးစပ်ဝမှာတစ်နေတဲ့ အစိုင်အခဲကြီးတစ်ခုလိုမျိုးပဲ။ တစ်ချိန်ချိန်တော့ အားလုံးကို မစိုးရွံ့ပဲရင်ထဲက ဆန္ဒအကုန်ကိုမျှဝေလို့ရနိုင်တဲ့ Imginary Person ကိုတွေ့လာမှာပါလို့ အမြဲမျှော်လင့်ခဲ့တယ်။ အဲ့လိုလူမျိုးတွေ တွေ့ပြီလို့ထင်တိုင်းလဲ စိတ်ပျက်စရာ နာကျင်စရာ ဒဏ်ချက်တွေပဲရခဲ့တယ်။ ဒါပေမယ့် ဘဝက အမြင်သစ်တစ်ခုကိုပေးစွမ်းခဲ့တယ်။

နီကိုလာ တက်စ်လာ (Nikola Tesla) အကြောင်းကိုဖတ်တုန်းကလဲ သူကိုလူတွေနားမလည်ကြဘူးဆိုတာသတိထားမိတယ်။ အင်မတန်သဘောကျတဲ့ ဗင်းဆင့်ဗန်ဂိုလ်း (Vincent Van Goh) ကိုအကြောင်းဖတ်တုန်းကလဲ သူသေတဲ့အထိ သူ့မိသားစုဝင် အဖေအမေ သူမိတ်ဆွေတွေ နားမလည်ပဲ အထင်လွှဲကြသေးတယ်။ ချစ်စရာကောင်းတာက သူ့ညီလေးတစ်ယောက်ပဲ သေတဲ့အထိ သူ့အစ်ကိုကို့ချစ်ပြီး ဘာလုပ်လုပ်ယုံကြည်ပြီး အဆုံးထိထောက်ပံ့ပေးသွားတယ်။ အဲ့လိုမျိုး ငါ့ညီမလေးလဲ တစ်ချိန်ချိန် ငါ့ရင်ထဲက ဆန္ဒတွေကို သိမယ်လို့ စိတ်ကူးမိတယ်။ ဗင်းဆင့် ကသူ့ညီဆီ စာအမြဲရေးပြီး ပြောသလိုမျိုးပဲ ဘဝမှာ စာရေးခြင်းဟာ အကောင်းဆုံးပဲ။ သေသွားရင်ဘာမှ ယူသွားလို့ရတာလဲမဟုတ်။ ကောင်းခြင်းတရားတွေထားခဲ့နိုင်ဖို့ အကောင်းဆုံးအရာတစ်ခုကလဲ စာရေးခြင်းပဲ။ ငါ့အတွက် စိတ်ထွက်ပေါက်တစ်ခုလဲဖြစ်သလို မသေခင် လုပ်ချင်တဲ့အရာတွေထဲက စာရေးချင်တဲ့ဆန္ဒလဲပြီးမြောက်ရာကြတယ်လို့မြင်မိတယ်။ နားလည်သွားတဲ့ အရာတစ်ခုက အနာဂတ် စိတ်ကူးထဲက ပုဂ္ဂိုလ် (Imaginary Person) ကိုစွန့်လွှတ်တဲ့အတွေးပဲ။ နှစ်များစွာ မျှော်လင့်လာခဲ့တဲ့ အနာဂတ်က ပုဂ္ဂိုလ်ကို စွန့်လွှတ်တာ တကယ်တော့မလွယ်ဘူး။ ကိုယ့်ကိုနားလည်မယ့်လူရှိမှာလဲ မဟုတ်ဖူးဆိုတာ အဆိုးမြင်တဲ့ အတွေး (Pessimistic or negative thought) လို့မဟုတ်ဖူး။ အရှိတရားကိုလက်ခံတဲ့ ပေါ့ပါးလွှတ်မြောက်တဲ့အတွေး။ တစ်ချို့လူတွေဟာ နားလည်ဖို့မွေးဖွားလာတာမဟုတ်ဖူး။ အဲ့လို့နားမလည်လဲ လှပစွာနေထိုင်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ တစ်ချို့လူတွေအတွက် ကံကြမ္မာကိုကအဲ့လိုဖြစ်လာဖို့အကြောင်းပါလာခဲ့တာ။ အဓိက အရေးကြီးဆုံးက ကိုယ့်ရင်ထဲမှာ ရှိတဲ့ အလှဆုံး ခေတ်အမှီဆုံး သစ်လွှင်အတောက်ပြောင်ဆုံး ကောင်းခြင်းတရားအပြည့်အဝကို တစ်ခုမှမချန် အကုန်ထားသွားနိုင်အောင် မသေခင်ကြိုးစားသင့်တာပဲ။ ကောင်းခြင်းတရားရဲ့ အပြည့်အဝကို ပတ်ဝန်းကျင်ကိုပေးချင်တယ်ဆိုရင် သူရဲ့ရန်သူဖြစ်တဲ့ အတ္တတွေရဲ့ဖျက်စီးမှု၊ မသိမမြင်ခြင်းကိုလက်ခံနိုင်မှု၊ အနာဂတ်ကနားလည်အသိမှတ်ပြုပေးမယ့်သူ မရှိလဲ လက်ခံပြီးကြိုးစားရှင်သန်ပြီး ရှေ့ဆက်လုပ်ဆောင်မှု တွေကအရေးကြီးဆုံးပဲဆိုတာ တဖြည်းဖြည်းနားလည်လာတယ်။ ပြန်လှည့်လို့မရတဲ့ ခရီးတစ်ခုကိုသွားနေသလိုမျိုးပဲ။ အသက် ၂၃လောက်တည်းက ဖြစ်ခဲ့တဲ့ဆန္ဒတွေ တစတစဖြစ်လာလိမ့်မယ်ဆိုတာလဲယုံကြည်ခဲ့တယ်။ ယုံကြည်နေဆဲပဲ။ ကောင်းခြင်းတရားတွေကို ပတ်ဝန်းကျင်အတွက် အပြည့်အဝနဲ့ထားပြီးရင်းပဲ ထွက်သွားတာ ဘဝတစ်ခုအတွက် အဓိပ္ပာယ်ရှိဆုံးပဲ။

1 thought on “Ronin”

Leave a Comment

Your email address will not be published. Required fields are marked *