❝ဘဝမှာရှိသမျှအရာအားလုံးကိုပုန်ကန်တာနေမှာပေါ့❞

ကမ္ဘာ့စက်ဘီး အစီးများဆုံးနိုင်ငံဖြစ်တဲ့အလျှောက် ဒီနိုင်ငံမှာ လူဦးရေထက် စက်ဘီးအစီးရေပိုများတယ်။အပြင်သွား ကျောင်းသွား အလုပ်သွားတဲ့အခါ လူတိုင်းက စက်ဘီးတွေစီးကြတယ်။ အင်တာနက်ပေါ်မှာ ဖတ်ဖူးတဲ့ဟာသ တစ်ခုကို ကျွန်တော်သဘောကျတယ်။ 

“Dutch လူမျိုးတွေက တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့သိပ်မပြောဖူး။ဒါပေမယ့် မင်းစက်ဘီးကိုတော့ ပြင်ပေးလိမ့်မယ်”

𝐖𝐞 𝐝𝐨𝐧’𝐭 𝐬𝐚𝐲 “𝐈 𝐥𝐨𝐯𝐞 𝐲𝐨𝐮” 𝐨𝐟𝐭𝐞𝐧. 

𝐁𝐮𝐭 𝐰𝐞’𝐥𝐥 𝐟𝐢𝐱 𝐲𝐨𝐮𝐫 𝐛𝐢𝐤𝐞. 

(𝐖𝐞’𝐫𝐞 𝐃𝐮𝐭𝐜𝐡.) 

စက်ဘီးပြင်ပေးတယ်ဆိုတာ သူတို့ရဲ့ “𝐥𝐨𝐯𝐞 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞” လို့တင်စားရလောက်အောင် စက်ဘီးအင်မတန်စီးကြတဲ့လူမျိုးနဲ့ နိုင်ငံပေါ့။

ကျွန်တော်ကလဲ စက်ဘီးစီးတာ အင်မတန်သဘောကျ။ ရန်ကုန်မှာ ကျောင်း နဲ့ ကျူရှင်ကိုနေ့တိုင်းစက်ဘီးနဲ့နင်းတက်ခဲ့တော့ စက်ဘီးနဲ့ကမစိမ်း။ အဲ့ဒီတော့ ဒီစရောက်တုန်းက စက်ဘီးတွေ တဝီးဝီးနဲ့နင်းနေကြတာမြင်ပြီး စိတ်မထိန်းနိုင် အသေနင်းချင်ခဲ့တာ မှတ်မိတယ်။

အခု ရုံးနဲ့အပြင်မှာ စက်ဘီးနင်းတာ 𝟖𝟎𝟎𝟎 𝐤𝐢𝐥𝐨𝐦𝐞𝐭𝐞𝐫𝐬 (~𝟒𝟗𝟕𝟎 𝐦𝐢𝐥𝐞𝐬) ကျော်သွားပြီ။ Google Maps မှာတွက်ကြည့်တာ မြန်မာနိုင်ငံအောက်ဆုံး ကော့သောင်းကနေ အပေါ်ဆုံး ပူတာအို ကြားအကွာအဝေးရဲ့ ၃ဆလောက်နဲ့ညီမျှတယ်။ ဆိုလိုချင်တာက ၂နှစ်အတွင်း မြန်မာနိုင်ငံ အောက်ဆုံးကနေစ ထိပ်ဆုံးအထိ စက်ဘီးနဲ့ အသွားအပြန် ၃ခေါက်လောက် နင်းသွားတာနဲ့ညီမျှတယ်လို့ပြောလို့ရတယ်။

အဓိကက ရုံးကို တစ်နေ့ အသွား 𝟓𝟎 𝐦𝐢𝐧𝐬 အပြန် 𝟓𝟎 𝐦𝐢𝐧𝐬 ပေါင်း 𝟏 𝐡𝐫 𝟒𝟎 𝐦𝐢𝐧𝐬 အကွာအဝေး 𝟐𝟑 𝐤𝐦 ပျှမ်းမျ ၁၄မိုင်လောက်နေ့တိုင်းနင်းတယ်။ စက်ဘီးနင်းတာ ကျွန်တော့်အတွက် Gym လိုပဲ။ တစ်ခုက စက်ဘီးက ခေါက်စက်ဘီး 𝐞𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐛𝐢𝐤𝐞။ အဲ့ဒီတော့ ပုံမှန်ထက်တော့နင်းရတာသက်သာတယ်။ 𝐏𝐚𝐝𝐝𝐥𝐞 𝐚𝐬𝐬𝐢𝐬𝐭𝐞𝐝 ဆိုတော့ နင်းတော့နင်းရတယ်။ မနင်းပဲနဲ့ဆိုင်ကယ်လိုမောင်းလို့တော့မရ။ ဒါပေမယ့် စက်ဘီးက အသေးဆိုတော့ electric mode နဲ့နင်းလဲ ပုံမှန်စက်ဘီးအကြီးသွားတဲ့ နှုန်းလောက်ပဲပြန်ရောက်တယ်။ ဘီးကသေးတော့လေ။ speed ကိုလဲ No.1 ပဲအမြဲထားပြီးနင်းတယ်။ battery လဲချွေတာရာရောက်သလို ကိုယ်တိုင်လဲ အားစိုက်ရတာလေးကိုသဘောကျလို့။

လွန်ခဲ့တဲ့ ၃နှစ် အရင်အိမ်မှာနေတုန်းက အလုပ်နဲ့နီးတော့ ပုံမှန်စက်ဘီးနဲ့ပဲနင်းပြီးသွားတယ်။ အဲ့ဒီတုန်းက အသွား 30mins အပြန် 30mins တစ်နေ့ 1hr လောက်အေးဆေး။ အဲ့တုန်းက နင်းခဲ့အကွားအဝေးပါထပ်ပေါင်းရင်တော်တော်များသွားမှာပဲ။ အခုအိမ်အသစ်က အလုပ်နဲ့ပိုဝေးသွားတော့ ပုံမှန်စက်ဘီးနဲ့နင်းရင် ချီးထွက်သွားနိုင်တာမို့ Eletric bike ကိုပဲ လွန်ခဲ့တဲ့ ၂နှစ်ကဝယ်လိုက်တယ်။ Electric bike ကိုမှ 𝐅𝐨𝐥𝐝𝐢𝐧𝐠 𝐛𝐢𝐤𝐞 အသေးပဲဝယ်လိုက်တယ်။ Folding bike ကရထားပေါ်တင်ရင် ပိုက်ဆံမပေးရလို့။ 

𝐍𝐞𝐭𝐡𝐞𝐫𝐥𝐚𝐧𝐝𝐬 မှာက ရထားဘူတာရုံတိုင်းလိုလို စက်ဘီးတင်ပြီးတက်လို့ရအောင် ဓာတ်လှေခါးအကြီးတွေထားပေးထားတယ်။ ရထားတွဲတွေမှာလဲ စက်ဘီးအတွက် သပ်သပ်အတွဲတစ်ခုကိုထားပေးထားတယ်။ အဲ့တာကြောင့်ကျွန်တော်တို့ စက်ဘီးသမားတွေက ရထားရဲ့ အရှေ့ဆုံး သို့မဟုတ် နောက်ဆုံး စက်ဘီးထားတဲ့ အတွဲဆီကိုပဲသွားကြရတာပေါ့။ 

ရထားပေါ်ကို စက်ဘီးတွေတင်လိုက်ချလိုက်နဲ့ခရီးသွားနေကျလူတွေရဲ့ပုံရိပ်ကတော့ နယ်သာလန်ရဲ့မထူးခြားတော့တဲ့ ဖြစ်စဉ်တစ်ခုပေါ့။ ရထားပေါ်က စက်ဘီးကြီးငယ်နဲ့လူတွေဆင်းလာကျပြီး ဓာတ်လှေခါးနားမှာ အောက်ဆင်းဖို့လာစုနေကြပြီး အကြည့်ချင်းဆုံရင် တစ်ယောက်နဲ့ တစ်ယောက်ပြုံးပြတတ်ကျတယ်။

တစ်ခါ ကျွန်တော် 𝐀𝐦𝐬𝐭𝐞𝐫𝐝𝐚𝐦 ကိုရထားနဲ့ သွားတာ စက်ဘီးပါယူသွားတယ်။ ဟိုရောက်ပြီး ရထားပေါ် ကစက်ဘီးနဲ့အတူဆင်းပြီး ဓာတ်လှေခါးနားကိုတွန်းလာခဲ့တာပေါ့။အဲဒီမှာ ဓာတ်လှေခါးတက်လာတာကို စောင့်နေတုန်း ကျွန်တော့်ဘေးနားကို ဓာတ်လှေခါးနဲ့ဆင်းမယ့် အဖိုးကြီးနဲ့အဖွားကြီး နှစ်ယောက်ရောက်လာတယ်။အဖိုးကြီးက ကျွန်တော့် စက်ဘီးအမှတ်တံဆိပ်ကိုမြင်တော့ 

“မင်းကဘာတွေပုန်ကန်မှာတုန်းကွ” 

𝐖𝐡𝐚𝐭 𝐝𝐨 𝐲𝐨𝐮 𝐫𝐞𝐯𝐨𝐥𝐭? 

လို့ နောက်ပြီးမေးရော။

ရုတ်တရက်ဆိုတော့ ဘာပြန်ဖြေရမလဲတောင် မသိလို့ကြောင်နေတဲ့ အချိန်မှာပဲ ဘေးကသူ့ဇနီးလို့ ထင်ရတဲ့ အဖွားကြီးက

“ဪ…ဒီလိုပဲ ဘဝမှာရှိသမျှအရာအားလုံးကိုပုန်ကန်တာနေမှာပေါ့”

“𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠 𝐢𝐧 𝐥𝐢𝐟𝐞 𝐢𝐧 𝐠𝐞𝐧𝐞𝐫𝐚𝐥.”

လို့ဖြေတော့ ကျွန်တော်လဲရယ် သူတို့နှစ်ယောက်ဆုံးလဲရယ်ပြီး သုံးယောက်သား ဓာတ်လှေခါးနဲ့ အတူတူဆင်းလာခဲ့တော့တာပါပဲ။