၆နှစ်အတွင်း ဖတ်ခဲ့တဲ့ စာအုပ်တွေပြန်ရေတာ
- စုစုပေါင်း ၂၁ အုပ်
- 2019 – 2023 ၆အုပ်
- 2023 – 2024 ၆အုပ်
- 2024 – 2025 ၉အုပ်
စာဖတ်အား ကောင်းလာအောင်နဲ့ စာဖတ်တဲ့ အခါ အာရုံစူးစိုက်မှုကောင်းအောင် ပြန်လုပ်ရင်း ကျွန်တော် သုံးတဲ့ စာဖတ်နည်း ၂ခု ပြန်ပြောပြမယ်။
ဒီနည်းက ပုံမှန် စာဖတ်တဲ့သူတွေအတွက်တော့ အသုံးဝင်ချင်မှဝင်မယ်။ ဒါပေမယ့် စာဖတ်တာနည်းတဲ့သူတွေ၊ စာကိုရွေးပဲဖတ်တတ်တဲ့သူတွေ(ကျွန်တော့်လိုမျိုး)၊ စာဖတ်အားပြန်ကောင်းလာအောင်လုပ်ချင်တဲ့သူတွေ၊စာဖတ်တဲ့အခါ အာရုံစူးစိုက်မှုကောင်းလာအောင် လုပ်ချင်တဲ့သူတွေအတွက်တော့ အသုံးတည့်နိုင်မယ်လို့ထင်တယ်။
- ဝိရောဓိ စာဖတ်နည်း
စာဖတ်တော့မယ်ဆိုပြီး ထိုင်လိုက်ရင် အခန်းကြီးက တိတ်ဆိတ်(𝐒𝐢𝐥𝐞𝐧𝐜𝐞) ဖြစ်နေတော့ ဖတ်တဲ့အခါ ကျွန်တော့် စိတ်က အာရုံသိပ်စိုက်လို့မရ အတွင်းစိတ်သံတွေက ဆူညံ(𝐍𝐨𝐢𝐬𝐞) ဖြစ်နေရော။ အဲ့ဒါနဲ့ စာသားမပါတဲ့ သီချင်းသံတွေ ဖွင့်လိုက်တာပဲ။ အရင်တုန်းက အလုပ်တစ်ခုခုလုပ်တဲ့ အချိန်ဆို 𝐈𝐧𝐭𝐞𝐫𝐬𝐭𝐞𝐥𝐥𝐚𝐫 ရုပ်ရှင်ထဲက 𝐒𝐨𝐮𝐧𝐝𝐭𝐫𝐚𝐜𝐤𝐬 တွေနားထောင်လေ့ရှိတယ်။ အခု စာဖတ်ခါနီး ကျတော့ စိတ်ထဲမှာ “မိုးရွာတဲ့ အသံလေး” နားထောင်ချင်တာဆိုပြီး စိတ်ကဖြစ်လာရော။ 𝐍𝐞𝐭𝐡𝐞𝐫𝐥𝐚𝐧𝐝𝐬 မှာ ဒီလောက် မိုးခဏခဏရွာတာ မိုးကိုမမုန်းဘူးလို့မေးရင် စာဖတ်တဲ့ အချိန်တော့ မမုန်းဘူး။ မြေကြီးပေါ် မိုးသားတွေ ဖွဲတဲတဲ ကျနေတဲ့အသံလေး၊ ခေါင်းမိုးပေါ်က မိုးစက်တွေ ဖြည်းဖြည်းခြင်း ဖွဲဖွဲလေး ရွာကျနေတဲ့ အသံလေး ကြားချင်တာ။ ကြားလိုက်ရရင် ခံစားရတဲ့ အေးစက်ငြိမ်သက်မှုလေးကို တောင်းတ သတိရလို့။
အပြင်မှာ မိုးတွေဖွဲဖွဲရွာတဲ့ အသံ(𝐍𝐨𝐢𝐬𝐞) တွေကြားတော့ ကျွန်တော့် စိတ်အတွင်းထဲမှာ ငြိမ်သက်(𝐒𝐢𝐥𝐞𝐧𝐜𝐞) ဖြစ်နေပြီး အပြင်မှာ ဘာသံမှမကြားရတဲ့ အချိန်(𝐒𝐢𝐥𝐞𝐧𝐜𝐞) ဖြစ်တဲ့အခါကျတော့ ကျွန်တော့် စိတ်ထဲမှာ မငြိမ်ပဲ (𝐍𝐨𝐢𝐬𝐞) တွေဖြစ်နေရော။ အဲ့ဒါကြောင့် စာဖတ်တဲ့ အခါ ဝိရောဓိ ဖြစ်နေရောပဲ။
ဆန့်ကျင်ဘက် နိယာမတရား ဆူညံမှု(𝐍𝐨𝐢𝐬𝐞) နဲ့ တိတ်ဆိတ်မှု(𝐒𝐢𝐥𝐞𝐧𝐜𝐞) တစ်ချိန်တည်းမှာ တူတူဖြစ်ပေါ်နေတာပေါ့။ ဘာသံမှ မကြားရရင် မငြိမ်သက်ပဲ။ အသံလေးကြားနေရရင်တော့ ငြိမ်သက်သွားတာပဲ။ 𝐍𝐨𝐢𝐬𝐞 က 𝐒𝐢𝐥𝐞𝐧𝐜𝐞 ကိုအထောက်အကူပြုနေတာပေါ့။

အဲ့တာကြောင့် စာဖတ်တဲ့ အခါ ပြတင်းပေါက်နားမှာ နားကြပ်နဲ့ ဖြစ်ဖြစ် speaker နဲ့ ဖြစ်ဖြစ် မိုးရွာတဲ့ အသံလေးတွေဖွင့်ပြီး နားထောင်တယ်။ အဲ့ဒီအခါ ကျွန်တော် စိတ်က ပိုတည်ငြိမ်ပြီး အာရုံစူးစိုက်မှုပိုအားကောင်းတာ သွားတွေ့တယ်။ 𝐒𝐩𝐨𝐭𝐢𝐟𝐲 သုံးတဲ့သူတွေ 𝐑𝐚𝐢𝐧 ဆိုပြီးရိုက်ရှာလိုက်ရင် playlist တွေကျလာလိမ့်မယ်။ နားထောင်စမ်း အဲ့မှာ။ Spotify မသုံးလဲ 𝐘𝐨𝐮𝐭𝐮𝐛𝐞 မှာ 𝐑𝐚𝐢𝐧 𝐒𝐨𝐮𝐧𝐝𝐬 လို့ရိုက်ရှာရင် အများကြီးတွေ့လိမ့်မယ်။ စာဖတ်တဲ့အခါစမ်းကြည့်ပေါ့။ မိုးစက်တွေရဲ့ ဖွဲတဲတဲကျနေတဲ့ အသံတွေကြားမှာ စာအုပ်လေးကိုင်ပြီးထိုင်ဖတ်ရတဲ့ အရသာက စျေးပေါပေမယ့် အင်မတန် တန်တဲ့ပစ္စည်းကောင်းလေးလိုမျိုးပဲ။
ရယ်ရတာတစ်ခုရှိတယ်။ အိမ်နဲ့သိပ်မဝေးတဲ့ Kralingen Park ကို အပတ်တိုင်းလိုလို သွားပြီး ပန်းခြံထဲက ခုံတမ်းရှည်ပေါ်မှာထိုင်ပြီး စာအုပ်ဖတ်လေ့ရှိတယ်။ နားကြပ်နဲ့မိုးရွာတဲ့အသံတွေကို ဖွင့်နားထောင်လျက်ပေါ့။ အပြင်မှာက ရာသီဥတုက နေသာ သာယာနေလို့ လူတွေက လမ်းလျှောက် အနားယူနေကြတာ ဒီမှာက တစ်ယောက်တည်း အတွင်းထဲမှာ မိုးတွေရွာနေရောလေ။
ဦးနှောက်က ညာလို့ရတယ်။ ဆရာဝန်တွေတော့ သိတယ်။ ပလာဇီဘို (𝐏𝐥𝐚𝐜𝐞𝐛𝐨 𝐞𝐟𝐟𝐞𝐜𝐭) လို့ခေါ်တယ်။ စာကိုဖတ်တဲ့ အခါ အာရုံက စူးစိုက်နေတော့ အပြင်မှာ ဘာဖြစ်လဲဆိုတာ မသိမကြည့်မိဘူးပေါ့။ အဲ့ဒီအချိန် မိုးရွာတဲ့ အသံတွေနားကြပ်ကဖွင့်ထားတော့ ဦးနှောက်က အချိန်တစ်ခုကြာတော့ တကယ်မိုးရွာတယ်ထင်နေတာ။ 𝐍𝐞𝐮𝐫𝐨𝐬𝐜𝐢𝐞𝐧𝐜𝐞 ရှုထောင့်ကပြောရင် မိုးရွာတဲ့ အသံကြားတော့ မိုးရွာတာနဲ့ ဆိုင်တဲ့ အာရုံကြောဆဲလ် 𝐍𝐞𝐮𝐫𝐨𝐧𝐬 တွေပဲ ဦးနှောက်က ပစ်လွှတ်နေတာ။ အဲ့မှာ စာဖတ်တာပြီးလို့ ရပ်လိုက်တဲ့ အခါ မျက်စိက ရှေ့ကိုလဲ ကြည့်လိုက်ရော “ဟာ…” ခနဲ ၁ စက္ကန့်လောက်ကြောင်သွားတာ ခဏခဏဖြစ်တယ်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ စမ်းသပ်ချက်တစ်ခုပေါ့။ ဦးနှောက်က သတင်းပေးပို့နေတာက မိုးရွာနေတယ်ဆိုတာပဲ။ ဒါပေမယ့် မျက်လုံးက ရှေ့ကြည့်လိုက်တော့မှ နေကသာနေတာပဲဆိုတော့ နောက်ကွယ်က Run နေတဲ့ အချက်အလက်နဲ့ တကယ် မျက်လုံးက ဝင်လာတဲ့ အချက်အလက်နဲ့ လုံးဝကွာနေတာမြင်လိုက်ရတော့ ဦးနှောက်က ကွန်ပျူတာ system တွေလို “𝐆𝐥𝐢𝐭𝐜𝐡” ဖြစ်ပြီး တစ်ချက် “ကြောင်” သွားသလိုဖြစ်တဲ့ အတွေ့အကြုံက ရယ်ဖို့ကောင်းတာမှတ်မိတယ်။

- 𝐁𝐢𝐧𝐚𝐮𝐫𝐚𝐥 𝐁𝐞𝐚𝐭𝐬
ဦးနှောက် ကအိပ်နေတဲ့ အချိန်၊ နိုးနေတဲ့အချိန်၊ အလုပ်တစ်ခုခုအာရုံစိုက်လုပ်နေတဲ့အချိန်၊ အနားယူနေတဲ့ အချိန်မှာ ထုတ်ပေးတဲ့ လှိုင်း(𝐁𝐫𝐚𝐢𝐧𝐰𝐚𝐯𝐞𝐬) အမျိုးအစား သီးသန့်စီရှိတယ်။
- 𝐃𝐞𝐥𝐭𝐚 𝐰𝐚𝐯𝐞 (1-4 Hz)
အိပ်နေတဲ့အချိန်
- 𝐓𝐡𝐞𝐭𝐚 𝐰𝐚𝐯𝐞 (4-8 Hz)
တရားထိုင် သို့မဟုတ် ငြိမ်သက်စွာနားနေတဲ့ချိန်
- 𝐀𝐥𝐩𝐡𝐚 𝐰𝐚𝐯𝐞 (8-14 Hz)
သက်တောင့်သက်သာနားနေချိန်၊ ပုံမှန်အာရုံစူးစိုက်နေတဲ့အချိန်
- 𝐁𝐞𝐭𝐚 𝐰𝐚𝐯𝐞 (14-18 Hz)
သေသေချာချာ အာရုံစူးစိုက်တဲ့အချိန်
- 𝐆𝐚𝐦𝐦𝐚 𝐰𝐚𝐯𝐞 (30-100 Hz)
နက်နက်ရှိုင်းရှိုင်း အာရုံစူးစိုက်နေတဲ့အချိန်
အဲ့ဒီ ဦးနှောက်က ထုတ်ပေးတဲ့ လှိုင်းတွေအတိုင်း ကိုက်ညှိပြီး ဖန်တီးထားတဲ့ အသံတွေကို 𝐁𝐢𝐧𝐚𝐮𝐫𝐚𝐥 𝐁𝐞𝐚𝐭𝐬 လို့ခေါ်တယ်။ Spotify သို့မဟုတ် YouTube မှာ Binaural beats လို့ရိုက်ရှာရင်တွေ့လိမ့်မယ်။ သံစဉ်တွေက ငြိမ်ညောင်းပေမယ့် လေးနက်တယ်။
အဲ့ဒီတော့ စာဖတ်တဲ့ အခါ ကျွန်တော်တော့ Binaural Beats for focus ဆိုတဲ့ Spotify က playlist ကိုနားထောင်ပြီး တစ်ခါတစ်လေ ဖတ်လေ့ရှိတယ်။ Beta နဲ့ Gamma range ရှိတဲ့ သံစဉ်တွေကတော့ အာရုံစူးစိုက်မှုအတွက်ကောင်းတယ်။ တရားထိုင်တဲ့ အခါလဲ Binaural beats for meditation ကိုသုံးတယ်။ ပထမ နာရီဝက်ကို အသံနဲ့ထိုင်ပြီး Spotify မှာ timer 30mins ထားထားတယ်။ 30mins ပြည့်ရင် သီချင်းက သူ့ဘာသာရပ်သွားပြီး နောက်ထပ် ၁၅ မိနစ်ကို ဘာသံမှမပါပဲ complete silence နဲ့ပဲထိုင်တယ်။
တစ်ခုရှိတာက Binaural Beats က နားကြပ်နဲ့နားထောင်မှသာ ထိရောက်တာ။ TV ကဖွင့် speaker ကဖွင့်ရင်တော့ အာနိသင်မရှိ။ သူက အသံ frequency ကို နားကြပ်၂ဖက်မှာ နည်းနည်းမတူအောင်ထုတ်ပေးတာမို့ နားကြပ်နဲ့ပဲ ထိရောက်တယ်။ အလုပ် အာရုံစူးစိုက်တဲ့အခါလဲ စာသားပါတဲ့ သီချင်းတွေဖွင့်ပြီး နားထောင်မယ့်အစား သူနဲ့သက်ဆိုင်တဲ့ Binaural Beats နားထောင်တာတော့ ကျွန်တော့်အတွက် ပိုအကျိုးရှိတယ်။ စာလုပ်ချိန်လဲတူတူပဲပေါ့။ စမ်းကြည့်ကြည့်။ ကိုယ့်အတွက် အကျိုးရှိလားမရှိလား။
ကျွန်တော့် အတွက်တော့ စာဖတ်တဲ့အခါ အသံတစ်ခုခုကြား (𝐍𝐨𝐢𝐬𝐞) ရှိမှ စိတ်ကပိုငြိမ် (𝐒𝐢𝐥𝐞𝐧𝐜𝐞) ဖြစ်ပြီး အာရုံစူးစိုက်လို့ရတယ်။ အဲ့ဒီတော့ မိုးရွာတဲ့ အသံ သို့မဟုတ် 𝐁𝐢𝐧𝐚𝐮𝐫𝐚𝐥 𝐁𝐞𝐚𝐭𝐬 ကိုဖွင့်ပြီးနားထောင်တာပဲ။ အဲ့ဒါကြောင့် စာဖတ်အားပြန်ကောင်းအောင်လုပ်ချင်တဲ့သူတွေ၊ စိတ်အားရုံစူးစိုက်မှုကောင်းအောင်လုပ်ချင်တဲ့သူတွေ ကျွန်တော့် သုံးတဲ့ နည်း ၂ခုသုံးစမ်းကြည့်ကြည့်။ တခြားနည်းရှိရင် ပြောဦးလေ။ စမ်းကြည့်တာပေါ့။
စာအုပ်တွေကတော့ လောလောဆယ် 𝐇𝐞𝐦𝐢𝐧𝐠𝐰𝐚𝐲 မာရသွန်ပဲအဓိကလုပ်နေတယ်။ သူရေးတာသဘောကျလို့။ နောက်နှစ်ဆိုရင်တော့ သူ့စာအုပ်တွေ အကုန်ပြီးပြီထင်တယ်။ သူစာအုပ် Review တွေရေးရမှာပျင်းလို့နောက်မှပေါင်းရေးတော့မယ်။
ကြားထဲမှာ ဖတ်ချင်တဲ့ တခြားစာအုပ်တွေလဲရှိသေးတယ်။ ဟမ်းကြီးတလှည့် တခြားစာအုပ်တွေတလှည့်နဲ့ဖတ်နေတာပဲ။ Review တွေတော့ နောက်မှ အထူးတလည်ရေးဦးမယ်။ အခုတော့ စာဖတ်နည်း ၂နည်းပဲ ပြန်မျှဝေလိုက်တယ်။
Thanks for reading.


