လူတော်

          “လူတော်” လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းကြားမှာ ဘယ်လိုအဓိပ္ပာယ် ဖွင့်ကြသလဲ။ မိဘ နေရာကကြည့်ရင် ငါ့သား ငါ့သားသမီးကအတန်းထဲမှာ အဆင့်တွေထိပ်ဆုံးရောက် အမှတ်တွေအရမ်းကောင်း ဆုတွေအလီလီရတာကိုပဲဂုဏ်ယူနေပြီး “လူတော်” လို့သတ်မှတ်ကြသလား။ ဆရာ၊ဆရာမ တွေကလဲ အတန်းထဲမှာ စာတွေအရမ်းတော်တဲ့ ကျောင်းသားတွေကိုပဲ “လူတော်” တွေလို့သတ်မှတ်ကြသလား။ရွယ်တူကျောင်းသားအချင်းချင်းကလဲ ကိုယ့်သူငယ်ချင်းက “စာတော်” အမှတ်တွေအရမ်းကောင်းလို့ထိပ်ဆုံးရောက်နေတာကိုပဲ သူက “ဆရာကြီး”၊ “လူတော်ကြီး” လိုပဲသတ်မှတ်နေကြလား။

          သေချာစဉ်းစားကြည့်ရင် ကျွန်တော်တို့တိုင်းပြည်မှာ နှစ်စဉ်ဆယ်တန်းကို အံ့သြဖွယ်ရာကောင်းလောက်အောင်ကောင်းတဲ့အမှတ်တွေနဲ့ ဘာသာစုံဂုဏ်ထူးတွေ၊ ၅ ဘာသာနဲ့ကျောင်းသားတွေ၊ သင်္ချာ ၁၀၀၊ ရူပဗေဒ ၁၀၀နဲ့ အောင်တဲ့ထူချွန်တဲ့ကျောင်သားတွေ သောင်းနဲ့ချီပြီးရှိနေပေမယ့် တိုင်းပြည်ရဲ့ဖွံဖြိုးတိုးတက်မှုနဲ့တိုင်းတာကြည့်မယ်ဆိုရင် တိုင်းပြည်ကို ကဏ္ဏသီးသီးမှာဖြစ်မြောက်အောင်လုပ်ဆောင်နိုင်တဲ့လူငယ်တွေ အင်မတန်နည်းပါးနေပါတယ်။အဲ့ဒီတော့ “စာတော်” ပါတယ်ဆိုတဲ့ “လူတော်” တွေများပါလျှက်နဲ့ကျွန်တော်တို့တိုင်းပြည်ဘာကြောင့်မတိုးတက်ရသလဲဆိုတာ မေးခွန်းထုတ်စဉ်းစားစရာဖြစ်လာပါတယ်။
          အရင်ဆုံး “လူတော်” ဆိုတဲ့ အဓိပ္ပာယ်ကိုသေသေချာချာဖွင့်ဖို့လိုအပ်ပါပြီ။ ဆိုကြပါဆို့ အတန်းထဲမှာ စာတွေတော် အဆင့်တွေကောင်း ဆုတွေဂုဏ်ထူးတွေရတဲ့ကျောင်းသားတွေကိုပဲ “လူတော်” လို့ မိဘတွေ ဆရာ ဆရာမတွေ၊ ရွယ်တူကျောင်းသားအချင်းချင်းက သတ်မှတ်ကြတယ်ဆိုရင် “လူတော် ဆိုသည်မှာ စာတော်သည့် ကျောင်းသားများဖြစ်သည်” လို့အဓိပ္ပာယ်သက်ရောက်နေပြီး စာမတော်တဲ့ကျောင်းသားတွေကျတော့ လူတော်တွေ မဟုတ်ဘူးလို့ သတ်မှတ်ရရောက်နေပါလိမ့်မယ်။ အဲ့ဒီတော့ “စာတော်” တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြန်စဉ်းစားဖို့လိုပါပြီ။ ကျွန်တော် ပထမနှစ်ကျောင်းသားဘဝရောက်တဲ့အချိန်မှာ နားလည်လိုက်တာက ကျွန်တော်တို့ရဲ့ပညာရေးစနစ်ကြီးဟာ လုံးဝပျက်ဆီးနေတယ်ဆိုတာပါပဲ။ ဆရာသင်ပေးတဲ့ အရာလောက်လေးပဲ ကွက်ပြီးအလွတ်ကျတ် ကြူရှင်တွေတက် ပုစ္ဆာတွေအခေါက်ခေါက်အခါခါတွက်နိုင်ရင် အမှတ်တွေကောင်းပြီး ထိပ်ဆုံးရောက်နိုင်တဲ့စနစ်ကြီးထဲမှာနှစ်များစွာ ဖြတ်သန်းလာခဲ့ကြတယ်။ သင်္ချာ ၁၀၀ရအောင်ဖြေနိုင်ပေမယ့် Calculus ဆိုတာဘာလဲလို့မေးရင် ကျောင်းသားတွေသေချာမဖြေနိုင်တော့ပါဘူး။ ပြဿနာတွေရိုးရိုး ပေါင်း၊နုတ်၊မြောက်၊စား သင်္ချာနည်းနဲ့မဖြေရှင်းပဲ ဘာကြောင့် Calculus ကိုမှသုံးရတာလဲလို့မေးရင် ကျောင်းသားတွေမဖြေနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံသဘောတရားကိုသေချာနားမလည်ပဲ ဆရာအတန်းထဲ ကျောက်သင်ပုန်းပေါ်မှာရေးတာလောက်လေးပဲကွက်ကျက်ပြီး ပုစ္ဆာတွေအခေါက်ခေါက်အခါခါတွက်ခဲ့ရုံသာရှိခဲ့တဲ့အတွက်ကြောင့်ပါ။ ကျောင်းသားဘဝမှာ မိမိဘာသာ မိမိသင်ခန်းစာ(Chapter)တစ်ခု၊ သင်ရိုးညွှန်းတန်းစာအုပ်(Text Book)တစ်ခုကို မိမိဘာသာလေ့လာဖတ်ရှုတယ်ဆိုတာ ကျွန်တော်တို့မြန်မာကျောင်းသားအများစုအတွက်က “တစ်ခါမှမကြားဖူးတဲ့ စကားတစ်ခုလိုမျိုးပါပဲ။ Text book တစ်အုပ်လုံးကိုမဆိုထားနဲ့ Text book ထဲက သင်ခန်းစာ(Chapter)တစ်ခုကိုတောင် ကိုယ့်ဘာသာဆုံးအောင်မဖတ်ပဲ ဆရာသင်ပေးတဲ့အကြောင်းအရာ Formula  လောက်သာဖတ် အလွတ်ကျက်ပြီးအောင်ခဲ့တဲ့ အတွက်ပြည်တွင်း(Locally) ကျောင်သားချင်းယှဉ်ရင်တော့ “လူတော်” လို့သက်မှတ်လို့ရနိုင်ပေမယ့် ပြည်ပ(Globally) ကျောင်းသားချင်းယှဉ်ရင်တော့ ကျွန်တော်တို့မြန်မာကျောင်းသားအများစုဟာ နောက်ကောက်ကျမြဲပါပဲ။ ဘာကြောင့်လဲ့ ဆိုတော့ မိမိလေ့လာတဲ့ပညာရပ်ရဲ့ အခြေခံသဘေားတရားတွေကို အမှန်တကယ်နားလည်အောင် မိမိဘာသာကြိုးစားအာထုတ်မှုအင်မတန်နည်းပြီး ဆရာအားကိုး ဆရာသင်ပေးတာလောက်လေးပဲဖတ်ရမယ်ဆိုတဲ့(Teacher-oriented learning) ကိုပဲခံယူထားကြလို့ပါ။ အဲ့ဒီတော့ ပြည်ပကကျောင်းသားတွေနဲ့ယှဉ်ရင် မယှဉ်ပြိုင်နိုင်တော့ဘူး။ တကယ့်လုပ်ငန်းခွင်ရောက်ရင်လဲ ဘာကြောင့် “လက်တွေ့” အသုံးမချနိုင်လဲဆိုရင် ပညာရပ်တွေရဲ့ အခြေခံသဘောတရားနားလည်အောင် Text book တစ်ခုလုံးကိုယ်တိုင်မဖတ်ရှုခဲ့တဲ့အတွက် ဘယ်လိုလက်တွေသုံးရမယ် ဘယ်လို့ဆက်စပ်စဉ်းစားရမယ်ဆိုတာကို မတွေးတတ်တော့ပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စာတော်တဲ့ လူတော်တွေများနေပေမယ့် တကယ့်လုပ်ငန်းခွင်တွေ၊အဖွဲ့အစည်းတွေ၊အသင်းအဖွဲ့တွေမှာ တီထွင်မှုတွေ၊အကြံဉာဏ်တွေ၊ Idea ကောင်း၊တိုးတက်ပြောင်းလဲမှုတွေ၊ ဦးဆောင်ဦးရွက်လုပ်နိုင်မှုတွေ၊ထိုးဖောက်ဝင်ရောက်နိုင်မှုတွေ အင်မတန်နည်းပါးရခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီတော့ “လူတော်” ဆိုတဲ့အဓိပ္ပာယ်ဟာ စာတော်နေတာကိုဆိုလိုချင်းမဟုတ်ပဲ 
မိမိသင်ယူတဲ့ပညာရပ်ကို အမှန်တကယ်နားလည်တတ်ကျွမ်းပြီး ပြည်တွင်း(Locally)တွင်သာမက ပြည်ပ(Globally)နဲ့ယှဉ်ပြိုင်ရင်ဆိုင်နိုင်ပြီးထိုးဖောက်နိုင်တဲ့သူ လို့ အဓိပ္ပာယ်ဖွင့်ဆိုမှမှန်ကန်လိမ့်မယ်လိုထင်ပါတယ်။ 
ဒါဆို “လူတော်” ဆိုတဲ့ အဓိပ္ပာယ်ကပြည့်စုံသွားပြီးလားလို့မေးရင် မပြည့်စုံသေးပါဘူး။
         ပညာသင်ကြားရာမှာ formal learning နဲ့ informal learning  ဆိုပြီး ၂မျိုးသတ်မှတ်လို့ရပါတယ်။  Formal learning ဆိုတာ သမန်ရိုးကျ အတန်းတွေတစ်ဆင့်ပြီးတစ်ဆင့်တက် Step by Step စာမေးပွဲတွေအောင် ဘွဲ့တွေရတဲ့သင်ယူမှုလို့ဆိုနိုင်ပါတယ်။  A ပြီးမှ B သွား။ B ပြီးမှ C သွားရမယ်ဆိုတဲ့ ပုံစံခွက်ကြီးအတိုင်းပဲသင်ယူရတဲ့နည်းလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီ Formal learning ဟာ ကျောင်းသားတိုင်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ တစ်ချို့ကျောင်းသာတွေက A နဲ့ B ကိုကျော်ပြီး C ကိုတန်းသွားချင်တယ်။ ကျောင်းတို့ တက္ကသိုလ်ဆိုတဲ့သဘောတရားက အတန်းထဲမှာရှိတဲ့ကျောင်းသားတစ်ယောက်ရဲ့ ဉာဏ် IQ၊ စိတ်နေစိတ်ထား၊ ဝါသနာ၊ အကြိုက်အလိုက်ကိုကြည့်ပြီး ဒီကျောင်းသားကိုတော့ ဒီဘာသာရပ်ပဲသင်မယ်။ဟိုကျောင်းသားကိုတော့ ဒီဘာသာရပ်သင်စရာမလိုဘူး။ ဒီကျောင်းသားက ဉာဏ်ပြေးလို့ ၁၅မိနစ်ပဲသင်မယ်။ဟိုကျောင်းသား ဉာဏ်နှေးလို့ ၁နာရီသင်မယ်။ဒီကျောင်းသားက ဒါကိုပိုစိတ်စားတဲ့အတွက်သူကိုဒါဘဲသင်မယ် ဟိုကျောင်းသားကဒါကိုစိတ်မဝင်စားတဲ့အတွက်သူကိုဒါသင်ရာစရာမလိုဘူးဆိုပြီးလုပ်လို့မရပဲ အတန်းထဲရှိကျောင်းသားတိုင်းကို တစ်ပြေးညီထဲတစ်သတ်မှတ်ထဲတစ်ပုံစံထဲ သင်ရိုးအတိုင်းပဲ သင်ပေးရပါတယ်။ ဒါပေမယ့် တစ်ချို့ကျောင်းသားတွေဟာ တစ်ချို့ပညာရပ်တွေကိုပဲ ပိုပြီးစိတ်ဝင်စားတယ်။ အဲဒီပညာရပ်တွေကိုပဲ အချိန်ပေးပြီးလေ့လာသင်ယူချင်တယ်။ အဲဒါကြောင့်လဲ အနောက်နိုင်ငံမှာရှိတဲ့ ကျောင်းသားအချို့ဟာကျောင်းထွက်(Drop out)လုပ်ပြီး သူတို့လိုချင်တဲ့ပညာရပ်တွေကိုပဲ အပြင်မှာမိမိဘာသာလေ့လာသင်ယူကြတာဖြစ်ပါတယ်။သူတို့ဟာ လဲသူတို့သင်ယူတဲ့ပညာရပ်တွေမှာထူးချွန်ပြောင်မြောက်ကြပါတယ်။ ဥပမာ MBA ဘွဲ့မရှိပေးမယ့်လဲ အောင်မြင်တဲ့ကုမ္ပဏီပိုင်ရှင်တွေ CEO တွေအမြောက်အမြားရှိပါတယ်။ Thomas Edison တို့ Steve Jobs တို့ Bill Gates တို့  Richard Branson တို့လဲဘာ MBA ဘွဲ့မှလဲမရှိကြပါဘူး။ အဲဒီတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှ သမန်ရိုးကျသင်ယူမှုနဲ့ အတန်းတွေအောင် ဘွဲ့တွေရ ပညာတွေနားလည်တတ်ကျွမ်းမှ ဒီလူဟာ “လူတော်” တို့မမှတ်ယူပဲ သာမန်ရိုးကျသင်ယူမှုမဟုတ်နဲ့ဘွဲ့တွေမရှိပေမယ့်လဲ မိမိစိတ်ဝင်စားတဲ့ပညာရပ်တွေကိုမိမိဘာသာလေ့လာသင်ယူ နားလည်တတ်ကျွမ်းပြီးပြည်တွင်းတွင်မက ပြည်ပနဲ့ပါယှဉ်ပြိုင်ရှင်ဆိုင်နိုင်ပြီးထိုးဖောက်ဝင်ရောက်နိုင်တဲ့သူတွေကိုလဲ့ “လူတော်” တွေလို့သတ်မှတ်နိုင်ပါတယ်။ အဲဒါဆိုရင် 
“လူတော် ဆိုတဲ့ အဓိပ္ပာယ်က သမန်ရိုးကျသင်ယူမှု (Formal learning) နှင့်ဖြစ်စေ သမန်ရိုးကျမဟုတ်တဲ့(Informal learning) နှင့်ဖြစ်စေ မိမိစိတ်ဝင်စားရာပညာရပ်တွေကို အမှန်တကယ်နားလည်တတ်ကျွမ်းအောင်လုပ်ပြီး ပြည်တွင်း(Locally) မှာသာမဟုတ် ပြည်ပ(Globally)ကလူတွေနဲ့ပါယှဉ်ပြိုင်ယှဉ်ဆိုင်နိုင်ပြီးထိုးဖောက်ဝင်ရောက်နိုင်သူ” လို့အဓိပ္ပာယ်ဖွင့်ရပါလိမ့်မယ်။
ဒါဆို “လူတော်” ဆိုတဲ့ အဓိပ္ပာယ်ကပြည့်စုံသွားပြီးလားလို့မေးရင် မပြည့်စုံသေးပါဘူး။
         လူငယ်တစ်ယောက်ဟာ ဆယ်တန်းအောင်သွားပြီဆိုတဲ့အချိန်မှာ ယေဘုယျအားဖြင့် အသက် ၁၇နှစ်ရှိပြီး ဘွဲ့ရသွားပြီဆိုတဲ့အချိန်မှာ အသက် ၂၂နှစ်ရှိပြီလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ အဲ့ဒီတော့ ပျှမ်းမျ လူ့သက်တမ်းရဲ့ ၄ ပုံ ပုံ ၁ ပုံ ခန့်သာရှိတဲ့ အချိန်အတိုင်းတစ်ခုမှာ သင်ယူခဲ့တဲ့ပညာကို အခြေခံပြီးလူတစ်ယောက်ကို “လူတော်” ရယ်လို့သုံးသပ်ရမှာ အရမ်းစောလွန်းနေပါသေးတယ်။ တစ်ချို့ကျောင်းသားတွေက မူလတန်း အလယ်တန်း အထက်တန်းတွေမှာ ထူးချွန်ခဲ့ပေမယ့် တက္ကသိုလ်တွေရောက်တဲ့ အခါမထူးချွန်တော့ပါဘူး။ စားမေးပွဲတွေကျပြီး နောက်ဆုံးကျောင်းနားလိုက်ရတဲ့ လူငယ်တွေကျွန်တော်တို့နိုင်ငံမှာအများကြီးရှိပါတယ်။ ငယ်ရွယ်စဉ် မိဘကြောက်ဆရာ့ကြောက်နဲ့အထိန်းအကွတ်အောက်မှာ စာတွေတော်အောင်ကြိုးစားကျပေမယ့် တက္ကသိုလ်ရောက် မိမိဘာသာထိန်းကွတ်ရမယ့်အချိန်ကြ ကောင်းကောင်းမထိန်းကွတ်နိုင်ပဲ ပညာအရာမှာ စိတ်ပါဝင်စူးစိုက်မှုလျော့နည်း ဝီရီယအားလျော့ကြတယ်။ အဲလိုဆိုတော့ ငယ်ငယ်တုန်းကစာတော်ပြီး တက္ကသိုလ်ကြတော့ စာမတော်တော့တဲ့သူကို “လူတော်” မဟုတ်ဘူးလို့သတ်မှတ်ရမလား။ ဒါမှမဟုတ် ငယ်ငယ်တုန်းကစာမတော်ဘူး တက္ကသိုလ်ရောက်တော့ စာတွေတော်ပြီး ထူးချွန်တဲ့ကျောင်းသားကို “လူတော်” လို့သတ်မှတ်ရမလား။ ဒါမှမဟုတ် ငယ်ငယ်တုန်းကလဲစာမတော်ဘူး တက္ကသိုလ်ရောက်လဲ စာမတော်ဘူး ပုံမှန်ပဲဆိုတဲ့ကျောင်းသားကိုကော “လူတော်” မဟုတ်ဖူးရယ်လို့သတ်မှတ်ရမလားဆိုရင် အဓိကစဉ်းစာရမယ့်အချက်တစ်ခုက လူတစ်ယောက်ဟာ ပညာတွေဆက်လက်သင်ယူနေသလား ပေါ်မှာမူတည်ပါတယ်။ ပညာရှင်တွေပြောတဲ့ စကားတစ်ခွန်းရှိတယ်။ L သုံးလုံး  Life Long Learning ဘဝတစ်သက်တာတစ်လျှောက်လုံး ပညာသင်ယူမှုကိုဆိုလို့ပါတယ်။ ဆယ်တန်းဂုဏ်ထူးတွေနဲ့အောင် သွားတာနဲ့ လူတော်လို့ မဆိုနိုင်ပါဘူး။ တက္ကသိုလ်မှာ ထူးချွန်ပြီးဂုဏ်ထူးတန်းတွေနဲ့အောင်လို့ လူတော်ရယ်လို့မဆိုနိုင်ပါဘူး။ ဆယ်တန်းတွေရိုးရိုးအောင် တက္ကသိုလ်မှာလဲ ရိုးရိုးပဲအောင်လို့လူတော်မဟုတ်ရယ်လို့လဲမဆိုနိုင်ပါဘူး။ အထက်တန်းတောင်မအောင် အောင်ပြန်လဲ တက္ကသိုလ်တွေမှာ စာမေးပွဲတွေတဖုန်းတဖုန်းကျလို့ ကျောင်းထွက်သွားတဲ့သူတွေဟာလဲ လူတော်မဟုတ်ရယ်လို့မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်အပိုင်းတစ်ခုလေးအတွင်းမှာ သင်ကြားတဲ့ပညာတစ်ခုပေါ်မူတည်ပြီး တော်သည် မတော်သည် ဆုံးဖြတ်လို့မရပါဘူး။ အဲဒီပုဂ္ဂိုလ်ဟာ ဆင်ဆက်မပြတ်ပညာသင်သူမှု(Continuous Learning) ရှိလားမရှိလားဆိုတာ အရေးကြီးပါတယ်။ တက္ကသိုလ်တွေမှာ ဘွဲ့ရသည်ဖြစ်စေမရသည်ဖြစ်စေ ထူးချွန်သည်ဖြစ်စေ မထူးချွန်သည်ဖြစ်စေ ရှေ့ဆက်ပြီးမိမိရဲ့အသက်မွေးဝမ်းကြောင်းနဲ့ ဆက်စပ်နေတဲ့ပညာတွေကိုထပ်မှန်ဆည်းပူးလေ့လာရာမှာဖြစ်ပါတယ်။ ငါအလုပ်ရနေပြီ ပညာထပ်မလေ့လာချင်တော့ဘူး။ ပင်ပန်းတယ်။ ငါကအိမ်ထောင်နဲ့ ပညာထပ်မသင်ချင်တော့ဘူး။ငါက အတွေ့အကြုံတွေ သိပ်များနေပြီ ဒီနယ်ပယ်မှာ ဆရာကြီးဖြစ်နေပြီ ဘာမှထပ်လေလာသင်ယူစရာမလို့တော့ဘူး။ ငါက Master တွေ Ph.D. တွေရထားပြီးပြီဘာမှထပ်လေ့လာသင်ယူစရာမလို့တော့ဘူး ဆိုတဲ့လူတွေကို လူတော်ရယ်လို့သတ်မှတ်လို့မရနိုင်ပါဘူး။ 
          ကျွန်တော့် တက္ကသိုလ် တတိယနှစ်နဲ့စတုတ္ထနှစ်တုန်းက အတန်းထဲမှာစာသင်ပေးတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်။သူဟာ အဲဒီအချိန်မှာအသက်က ၇၀ခန့်ရှိနေပြီး ဌာနမှာ အသက်အကြီးဆုံး ပြည်တွင်းပြည်ပအတွေအကြုံတွေအမြောက်အမြားနဲ့ဘွဲ့တွေလက်မှတ်တွေလဲရှိတဲ့ ထူးချွန်တဲ့ဆရာကြီးပါ။ ဒါပေမယ့် အတန်းထဲမှာစာသင်ရင်း တစ်ချို့အရာတွေကိုကျောင်းသားတွေကမေးရင် “ဆရာလဲမသိဘူး ဆရာပြန်ဖတ်ကြည့်လိုက်ဦးမယ်” ဆိုပြီးအမြဲပြောတာ အမှတ်ရနေတုန်းပဲ။ ဒီပညာတွေသင်လာတာ နှစ်နဲ့ချီနေပြီ။စာတွေ့ရော လက်တွေပါအသုံးချခဲ့တဲ့ ဝါရင့်သဘာရင့်သူလို့ ဆရာကြီးကတောင်မှ “မသိသေးတာတွေရှိသေးတယ် ဆရာပြန်ဖတ်ကြည့်ဦးမယ်” ဆိုတဲ့စိတ်ဓာတ်ဟာ သိပ်ကိုအားကျအတုယူဖွယ်ရာကောင်းတယ်။ ပညာသင်ယူတဲ့အခါမှာ ဘယ်တုန်းကမှ ငါသိသွားပြီဟေ့ ငါတတ်သွားပြီဟေ့ ဆိုတဲ့အခြေအနေမျိုးမရှိပဲ။ စင်ဆက်မပြတ်(Continuous learning) လုပ်နိုင်မှုဟာ အခရာကြပါတယ်။ အဲဒါကြောင့် “လူတော်”လို့သတ်မှတ်ရမယ့်သူဟာ အချိန်အခိုက်အတန့်တစ်ခုအတွင်း၊ဆယ်တန်း၊တက္ကသိုလ်မှာလောက်မှာပဲ ပညာထူးချွန်အောင်နေတဲ့သူမဟုတ်ပဲ စဉ်ဆက်မပြတ်ပညာတွေလေ့လာဆည်းပူပြီးထူးချွန်အောင်လုပ်တဲ့သူလို့သတ်မှတ်မှ မှန်ပါလိမ့်မယ်။ အဲဒီတော့မှာသာ သူရဲ့ပညာရပ်တွေဟာ ပြောင်းလဲနေတဲ့ခေတ်၊ကိုယ့်ရေမြေ အခြေအနေ အချိန်အခါ နဲ့လိုက်လျောညီထွေ အသုံးချနိုင်ပါဖြစ်ပါတယ်။ အဲဒီတော့ “လူတော်” ဆိုတဲ့အဓိပ္ပာယ်ပြန်ဖွင့်ရရင် လူတော်ဆိုတာ သမန်ရိုးကျ(formally)အရအတန်းတွေတက်၍ဖြစ်စေ သမန်ရိုးကျမဟုတ်(informally)အရ မိမိဘာသာအပြင်မှာလေလာသင်ယူ၍ဖြစ်စေ ပညာရပ်တွေကိုအမှန်တကယ်နားလည်တတ်ကျွမ်းပြီး တိုင်းတပါးနဲ့ယှဉ်ပြိုင်နိုင်ရုံမျှနှင့်မပြီးပဲ စဉ်ဆက်မပြတ်ပညာကိုလေ့လာဆည်းပူးတဲ့သူလို့ အဓိပ္ပာယ်ပြန်ဖွင့်ရပါမယ်။ဒီလိုဆို “လူတော်” ဆိုတဲ့ အဓိပ္ပာယ်ပြည့်စုံသွားပြီလားလို့မေးရင် မပြည့်စုံသေးဘူး။ အဓိကအရေးကြီးတဲ့ အချက်ကျန်ပါသေးတယ်။
          ကျွန်တော် နောက်ဆုံးနှစ်ကျောင်းသားဘဝတုန်းက ဆရာဇေဂျီရဲ့ “ညီသစ်ဆင်း” ဆိုတဲ့ကဗျာစုလေးဝယ်ခဲ့ဖူးတယ်။ အဲ့ဒီထဲမှာ ဆရာဇေဂျီက ပညာတော်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကို “စွမ်းရည်အလှ” ဆိုတဲ့ကဗျာလေးနဲ့ဖော်ကြူးထားတယ်။ 
“စွမ်းသည်ခြင်းရာ ဆိုသည်မှာကား
စာတွေ့သက်သက် စာမန်တက်၍၊
စာထွက်များလျား စကားတွတ်တွတ်၊
ရွတ်ထွက်အံ့ဘနန်း သည်အစွမ်းသည်၊
စွမ်းရည်မရိုး သူ့ကိုယ်ကျိုး။
စာတွေ့အသိ ကိုယ့်တွေညှိ၍၊
မှန်၏ကောင်း၏ ဉာဏ်ဖြင့်သိ၍၊
သတိထိန်းချုပ် စိတ်ကောင်းအုပ်၍
အလုပ်ချစ်ခင် ဂုဏ်ဟုမြင်၍
လိုချင်ကြိုးပန်း သည့်အစွမ်းသည်
စွမ်းရည်မိုးထိုး အများကျိုး။” 
         ဆရာဇောဂျီက ပညာတော်တယ်လို့ပြောတဲ့အခါမှာ ငါစာတွေအများကြီးသိတယ်ဖတ်တတ်တယ်နားလည်တယ်ဆိုပြီး ကိုယ်ကြီးပွားတိုးတက်ဖို့လောက်ပဲလုပ်နေတဲ့သူဟာ ပညာတော်တယ်လို့မခေါ်ဆိုနိုင်ဘူး။ သိတဲ့စာတွေကိုလက်တွေနဲ့ချင့်ချိန်၊အမှားအမှန်ကို ဉာဏ်ဖြင့်ဆုံးဖြတ်၊ စိတ်ကောင်းနှလုံးကောင်းနဲ့သတိတရားလက်ကိုင်ထားကာ ဘယ်အလုပ်မဆိုချစ်ခင်လေးစားဂုဏ်လို့မြင်ပြီး အများအကျိုးအတွက်သယ်ပိုးနိုင်အောင်ကြိုးစားနိုင်မှသာ ပညာတော်တယ်လို့ရည်ညွှန်းထားတယ်။ လူတော်ဆိုတာလဲ ပညာတော်တဲ့လူပဲလို့သတ်မှတ်လို့ရတဲ့အတွက် လူတော်မှာလဲဒီအရည်အချင်းတွေရှိရမယ်။ အဓိကအရေးအကြီးဆုံးဟာ အများအကျိုးအတွက်ဆောင်ရွက်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဂုဏ်ထူးတွေနဲ့အောင်ဘွဲ့တွေမြောက်များစွာရနေပေမယ့် ကိုယ့်အောင်မြင်ပြီးကြီးပွားချမ်းသာလာဖို့လောက်သာလုပ်နေတဲ့သူတွေကို “လူတော်” လို့မခေါ်ဆိုနိုင်ပါဘူး။ မိမိတတ်ကျွမ်းတဲ့ပညာတွေနဲ့ မိမိဆက်စပ်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်မှသာ “လူတော်” လို့ခေါ်ဆိုနိုင်မှာပါ။ အဲဒီတော့ “လူတော်” ဆိုတဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်စုံစုံပြန်ဖွင့်လို့ရပါပြီ။
လူတော်ဆိုသည်မှာ သမန်ရိုးကျ(formally)အရအတန်းတွေတက်၍ဖြစ်စေ သမန်ရိုးကျမဟုတ်(informally)အရ မိမိဘာသာအပြင်မှာလေလာသင်ယူ၍ဖြစ်စေ ပညာရပ်တွေကိုအမှန်တကယ်နားလည်တတ်ကျွမ်းပြီး တိုင်းတပါးနဲ့ယှဉ်ပြိုင်နိုင်ရုံသာမက စဉ်ဆက်မပြတ်ပညာတွေကိုထပ်မှန်လေ့လာဆည်းပူးမှုနှင့်အတူ ရောက်ရာအရပ်မှာကျရာအလုပ်ကို မညီးမညူပဲဂုဏ်လို့မြင်ပြီး စိတ်ကောင်းနှလုံးကောင်းနှင့်သတိတရားလက်ကိုင်ထားကာ မိမိနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်၊အဖွဲ့အစည်းတွေအတွက် အကျိုးပြုနိုင်တဲ့သူလို့ခေါ်ဆိုမှပြည့်စုံပါလိမ့်မယ်။
          အဲ့လိုလူတော်ဖြစ်ဖို့က မိမိမှာတာဝန်ရှိပါတယ်။မိမိကစပြီးအဲ့လိုလူတော်ဖြစ်အောင်ကြိုးစားရမှာပါ။ အတန်းမှာ စာတော်ရုံလောက်ကလူတော်လို့မခေါ်ဆိုနိုင်သေးပါဘူး။ ပညာရပ်တွေကိုအမှန်တကယ်နားလည်တတ်ကျွမ်းအောင်လုပ်ရပါမယ်။ပြီးရင် ငါဘွဲ့ရသွားပြီ ငါအလုပ်ရသွားပြီ ငါအိမ်ထောင်ကျသွားပြီ ငါ Master တွေ Ph.D တွေပြီးသွားပြီးဘာမှထပ်သင်စရာမလိုတော့ဘူးဆိုပြီးမနေပဲ ပြောင်းလဲနေတဲ့ ခေတ်၊နည်းပညာတွေ၊အတွေးအခေါ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပညာရပ်တွေကိုစဉ်ဆက်မပြတ်ထပ်မှန်လေ့လာဆည်းပူးနေရပါမယ်။ပြီးတော့ ရောက်ရာနေရာမှာကျရာအလုပ်ကို မညီးမညူးပဲဂုဏ်လို့မြင်ပြီး စိတ်ကောင်းနှလုံးကောင်းနဲ့သတိတရားလက်ကိုင်ထားပြီးလုပ်ဆောင်၍ မိမိတတ်တဲ့ပညာနဲ့ မိမိနဲ့ဆက်စပ်နေတဲ့ပတ်ဝန်ကျင်၊အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်တဲ့ တကယ့် “လူတော်” တစ်ယောက်ဖြစ်အောင်ကြိုးစားရပါလိမ့်မယ်။ မိမိကိုယ်တိုင်အဲဒီလို “လူတော်” ဖြစ်မှသာ မိမိရဲ့သားသမီး၊ မိမိရဲ့နောက်မျိုးဆက်(Generation)ဆက်တိုက် မိမိလို “လူတော်” တွေဖြစ်အောင်လုံ့ဆော်နိုင်ပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် Generation ဆက်တိုက်က ဒီစာတွေတော်နေရုံဘွဲ့တွေများနေရုံလောက်နဲ့ပြီးစလွယ်လေး လူတော် လူတော် ဆိုပြီးပြောနေကြလိုက်မယ်။ ပြီးရင်တကယ်တိုင်းပြည်ကတိုးတက်လားဆိုတော့ တကယ်လိုအပ်တဲ့နေရာတွေမှာ ယှဥ်ပြိုင်ရင်ဆိုင်ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လူတော်တွေမရှိသလောက်နည်းနေတာကိုတွေ့ရလိမ့်မယ်။ အစိုးရမကောင်းကြောင်းပဲ ထိုင်အပြစ်တင်ပြီး ဘာမှလဲမလုပ်တတ် ဘာလုပ်ရမှန်းလဲမသိပဲ ဒီအတိုင်းပညာတွေတတ်ပြီး ကိုယ့်အတွက်ပဲကိုယ်ရုန်းနေရင်းသေသွားတာမျိုးပဲဖြစ်လိမ့်မယ်။ ကိုယ်ကိုယ်တိုင်လဲ အဲလိုမျိုးပဲသေ။ကိုယ်သားသမီးကြလဲ ဒီလမ်းကြောင်းအတိုင်းပဲသွားဖို့ပြောလိမ့်မယ်။ ဆယ်တန်းဂုဏ်ထူးထွက်ဖို့၊ တက္ကသိုလ်ဘွဲ့ရဖို့၊Master တွေ Ph.D တွေထပ်လုပ်ဖို့၊ အဲ့လိုလူတော်ကြီးဖြစ်ပြီးဂုဏ်ရှိဖို့၊အိမ်ထောင်ပြုပြီးပျော်ရွှင်တဲ့မိသားစုလေးတည်ထောင်ပြီး နောက်ဆုံးဘုရားတွေရှိခိုးပြီးသေဖို့။ ဒီထက်ပိုပြီး ကိုယ်သားသမီးကိုမပြောနိုင်တော့ဘူး။အဲ့ဒီတော့ ကိုယ်ကလေးတွေကြီးလာလဲ သူတို့က သူတို့သားသမီးတွေကို ဒီလိုပဲဆိုဆုံးမနေမှာပဲ။ ဒါနဲ့ပဲ မျိုးရိုးစင်ဆက် ဒီလိုပျင်းရိညီးငွေ့ဖွယ်ရာကောင်းတဲ့အတွေးအခေါ်အဟောင်းကြီးတွေနဲ့ပဲရှင်သန်နေကျတော့မယ်။ တကယ့် လူတော် ရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို သေချာမဖွင့်ပဲ အပေါ်ယံ စာတော် ဘွဲ့တွေအများကြီးရတာနဲ့ လူတော်ဖြစ်ပြီဆိုတဲ့ မပြည့်စုံတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကြီးကို မျိုးရိုးစင်ဆက်လက်ဆင့်ကမ်းသွားကြတော့မယ်။ အဲ့ဒါကြောင့် အဲ့လိုမိသားစု Generation တွေများနေလို့လဲ ကျွန်တော့်တို့လူအဖွဲ့အစည်းက တိုးတက်မှုနှောင့်နှေးနေတာ။သူများတွေကိုဘယ်လို့မှလိုက်လို့မမှီတာ။ တဖက်မှာ တိုင်းပြည့်အတွက် လိုအပ်တဲ့နေရာတွေမှာ ယှဥ်ပြိုင်ရင်ဆိုင်ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လူတော်ဖြစ်အောင်မလုပ်နိုင်ပဲနဲ့ ကိုယ်ကိုယ့်ကို “ငါလူတော်ကွ” “ငါ့သား ငါ့သမီးကလဲ လူတော်ကွ” ဆိုပြီး လူတော်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အမှားကြီးကိုဆွဲကိုင်ပြီးနေနေကြလို့ တိုင်းပြည်က မတိုးတက်တာ။ မှန်ကန်ပြည့်စုံတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ တကယ် လူတော် တစ်ယောက်ဖြစ်လာအောင် ကိုယ်ကိုယ်တိုင်နှလုံးသွင်းနိုင်မှ ကိုယ့်သားသမီးတွေကို လက်ဆင့်ကမ်းနိုင်မှာ။ အဲ့တာမှလဲ ကလေးတွေက အတန်းထဲမှစာတော်နေရုံလောက် Personal achievement တွေနဲ့ဘွဲ့ရနေရုံလောက်နဲ့ လူတော် မဟုတ်သေးဘူး။ ကျွန်တော် အပေါ်မှာဖွင့်ပြထားတဲ့ လူတော်ရဲ့ Definition အတိုင်းပဲ လူတော်ဖြစ်ဖို့လုပ်စရာတွေအများကြီးလိုသေးတယ်ဆိုတာမြင်လာလိမ့်မယ်။ အရေးအကြီးဆုံးက ကိုယ်ရောက်နေတဲ့ပတ်ဝန်းကျင် ကိုယ်လူအဖွဲ့အစည်းအတွက် ဘာတစ်ခုမှတောင်မလုပ်နိုင်သေးဘူး။ ယုတ်အစွဆုံး ကိုယ်တတ်ထားတဲ့ပညာတွေနဲ့ technical paper တစ်စောင်၊ဆောင်းပါးလေးတစ်ခုလောက်တောင် ကိုယ့်လူအဖွဲ့အစည်းအတွက်မထားသွားနိုင်သေးပဲအသက်တွေသာကြီးပြီးသေသွားရင် ငါကိုယ့်ငါ လူတော်လို့ ဘယ်လိုလုပ်ခေါ်လို့ရမှာတုန်းဆိုတာသိလာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ ကိုယ်ကိုယ်ကို တကယ့်လူတော်ဖြစ်အောင် စဥ်မပျက်အသက်ဘယ်လောက်ကြီးကြီး ကြိုးစားထုတ်နေလိမ့်မယ်။ ကိုယ်ကိုယ်တိုင်ရော ကိုယ်သားသမီး ကိုယ့်နောက်  generation ကိုရော တကယ်လူတော်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အစစ်အမှန်ကို လက်ဆင့်ကမ်းနိုင်လိမ့်မယ်။ အဲ့လို မိသားစုတွေ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ များလာမှသာ တိုင်ပြည်က လူတော်တွေများ လာပြီး လျင်လျင်မြန်မြန် တိုးတက်ဖွင့်ဖြိုးလာလိမ့်မယ်။ အဲ့လိုအခြေအမျိုးကို ရောက်ဖို့ ကိုယ်ကပဲအရင်စရမှာ။ ကျွန်တော်စာကိုအခုဖတ်နေတဲ့လူကပဲစရမှာ။ ကိုယ်ကစမှ ကိုယ့်မိသားစု ကိုယ့် generation မှာအဲဒီအတွေးအခေါ်တွေဆက်တိုက်ပါသွားပြီး တကယ့် လူတော် အမျိုးသားကောင်း အမျိုးသမီးကောင်း ခေါင်းဆောင်ကောင်းတွေဖြစ်လာမှာ။ ဘာလို့လဲဆိုတော့ ကိုယ့်မှာမလုပ်ရင် ဘယ်သူလုပ်မှာလဲ အခုမှာမလုပ်ရင် ဘယ်တော့လုပ်မှာလဲ If not us, who? If not now, when?
          အဆုံးသပ်ရရင် ကျွန်တော့်စာဖတ်သူနေနဲ့လူတော်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် အစစ်အမှန်ကို သေချာပြန်လည်သုံးသပ်ပြီး အပေါ်ယံရှပ်ပြီးဖွင့်ဆိုထားတဲ့ Definition နေရာမှာပြန်အစားထိုးရမှာ။ အဲဒီအခါကျမှ မှန်ကန်တဲ့အတွေးအခေါ်တွေနဲ့ “လူတော်” တွေများများလာပြီး တိုင်းပြည်ဟာတိုးတက်ဖွံ့ဖြိုးပြီး ငြိမ်းချမ်းတဲ့နိုင်ငံအဖြစ်သို့မြန်မြန်ရောက်နိုင်ပါလိမ့်မယ်။ အဲ့လိုရောက်လာနိုင်အောင်လုပ်ပေးနိုင်တဲ့ လူတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်လာအောင်ကြိုးစားချင်စိတ်ကို နိုးဆွနိုင်ခဲ့တယ်ဆိုရင်ပဲ ကျွန်တော်ရေးရကျိုးနပ်ပြီလို့ခံယူမိတယ်။