My story continues…

လွန်ခဲ့တဲ့ ၃နှစ် ၂၀၂၀ ခုနှစ်ဝန်းကျင် စိတ်ကျရောဂါကိုခံစားနေရတဲ့အချိန် Tattoo တစ်ခုသွားထိုးဖြစ်ခဲ့တယ်။

အရင်က ဒီtattoo ကိုကိုယ်တိုင်ထိုးဖြစ်တဲ့အထိဖြစ်လိမ့်မယ်လို့ထင်မထားမိခဲ့ဘူး။ လွန်ခဲ့တဲဲ့ ၇နှစ် ၂၀၁၆ ဝန်းကျင် ကျွန်တော် စင်ကာပူမှာ အလုပ်လုပ်နေတုန်းက Amy Bleuel ဆိုတဲ့ကောင်မလေးအကြောင်းကို instagram မှာတွေ့မိရင်း စိတ်ဝင်စားသွားတယ်။ အဲ့တုန်းကလဲ စိတ်ဓာတ်ကျသလိုဖြစ်နေလို့  Depression တွေအကြောင်းလိုက်ဖတ်ရင်းနဲ့ သူကိုတွေ့သွားတာ။ သူက စိတ်ကျရောဂါ (Depression) ကြောင့် သူကိုယ့်သူ သေကြောင်းကြံစည်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ ငယ်ငယ်က လိင်ပိုင်းဆိုင်ရာစော်ကားမှု (Sexual abuse) လုပ်ခံခဲ့ရတာတွေ၊ မဒိန်းကျင့်ခံခဲ့ရတာတွေ၊ ကိုယ်ဝန်ပျက်ကျခဲ့ရတာတွေ၊ အဖေကလဲ သေကြောင်းကြံပြီးဆုံးသွားရတာတွေကြောင့် စိတ်ကျရောဂါကိုခံစားခဲ့ရပြီးသူကိုယ်သူသေကြောင်းကြံဖို့ အကြိမ်ကြိမ်ကကြိုးစားခဲ့တယ်။ အဲ့ဒီမှာ သေကြောင်းကြံသွားတဲ့သူအဖေကို ဂုဏ်ပြုချင်တဲ့စိတ်နဲ့ က Project semicolon ဆိုတဲ့ idea လေးကိုစတင်ခဲ့တယ်။ (စိတ်မကောင်းစရာက ပရောဂျက်စပြီးနောက် လေးနှစ်အကြာမှာပဲ သူမကိုယ်တိုင်သေကြောင်းကြံပြီးသေဆုံးသွားခဲ့တယ်။)

Amy Bleuel(1985-2017).Photo@bleuelimages

English စာရေးရင် စာကြောင်းဆုံးသွားရင် full stop “.” ချတယ်။ ဒါပေမယ့် စာကြောင်းကို အဆုံးမသတ်ချင်သေးဘူး ဆက်ရေးချင်သေးတယ်ဆိုရင် semicolon “;” လေးချရေးကြတယ်။ စာကြောင်း (sentence) ဆိုတာ မင်းဘဝကိုကိုယ်စားပြုပြီး စာရေးတဲ့သူ(writer) ကတော့ မင်းကိုကိုယ်စားပြုတယ်ဆိုပြီး Amy က Project Semicolon ကိုစတင်ခဲ့တယ်။

“A semicolon represents a sentence the author could’ve ended but chose not to. The author is you, and the sentence is your life.” 

စိတ်ဓာတ်တွေကျပြီး ဘဝကိုအဆုံးသတ်ဖို့ကြံစည်ခဲ့တဲ့သူတွေ (suicidal attempt) ကျော်ဖြတ်လာခဲ့သူတွေ၊ ပြန်ဖျက်လို့မရတဲ့ အတိတ်ဆိုးတွေ၊ အရိပ်မည်းတွေ၊ အမဲစက်တွေ၊ မြောက်များစွာသော အကြောင်းတွေကြောင့် စိတ်ဓာတ်ကျပြီး ဘဝကိုအရှုံးပေးချင်တဲ့သူတွေအတွက် Amy က မျှော်လင့်ချက်လေးတစ်ခုပေးခဲ့တယ်။ အဲ့ဒီ semicolon လေးကို tattoo ထိုးပြီး များစွာသော စိတ်ကျန်းမာရေး (mental health) ပြဿနာရှိတဲ့သူတွေဟာရှေ့ထွက်လာခဲ့ကြတယ်။ သူတို့ရဲ့ ဖြတ်သန်းလာခဲ့ဘဝဇာတ်လမ်းကြမ်းတွေ အချင်းချင်းဝေမျှပြီး 

မင်းတစ်ယောက်တည်းမဟုတ်ပါဘူး “You are not alone.”  မင်းဘဝကဒီမှာတင်မပြီးသေးပါဘူး။ “Your story is not over yet.” ဆိုပြီးနိူးဆော်ခဲ့ကြတယ်။

@instagram

အဲ့ဒီအကြောင်းတွေကိုဖတ်ရတုန်းက စိတ်ထဲခွန်းအားလေးတွေဖြစ်ခဲ့ဖူးတယ်။ Semicolon Tattoo လေးတွေထိုးထားကြတာကို instagram မှာမြင်ပြီး inspired ဖြစ်ပြီး သဘောကျခဲ့တယ်။ ကိုယ်တိုင် tattoo ထိုးဖြစ်ဖို့လောက်ထိ မပြင်းထန်ခဲ့ဖူး။

နောက် ၅နှစ်ကြာ နယ်သာလန်ရောက်တဲ့အချိန် Covid ကာလ work from home နဲ့ ၁၀လ ဆက်တိုက်လုပ်ရတဲ့အချိန်မှာ အလုပ်စိတ်ဖိအားနဲ့ အတူကျွန်တော်စိုးရိမ်စိတ်များတဲ့ရောဂါကြောင့် စိတ်ကျရောဂါ depression ကိုအပြင်းအထန်ခံစားရတယ်။ နောက်မထင်ထားတဲ့ အကြောင်းတရားတစ်ခုကလဲ Vitamin D ချို့တဲ့တာကြောင့်ပါ။  နေရောင်ခြည် ကောင်းကောင်းမရတဲ့နိုင်ငံဖြစ်တဲ့အတွက် လူတွေက Vitamin D ချို့တဲ့ကြတယ်။ Vitamin D ချို့တဲ့တဲ့အခါဖြစ်တဲ့ လက္ခဏာတစ်ခုက စိတ်ဓာတ်ကျခြင်းပါပဲ။ ဒါကြောင့် နယ်သာလန်နိုင်ငံကလူတွေများများဟာ Vitamin D supplements ကိုသောက်ကြတယ်။ အဲ့အကြောင်းမသိတဲ့အတွက်မသောက်မိပဲ ၄နှစ်နီးပါးလောက် ကျွန်တော်ဒီအတိုင်းနေလာမိခဲ့တယ်။ အဲဒါကြောင့် ကျွန်တော့် ခန္ဓာကိုယ်မှာ Vit D ဆိုးဆိုးရွားရွားကိုချို့တဲ့နေခဲ့တယ်။ ဘာမှအကြောင်းမရှိပဲနဲ့ စိတ်ကဘာမှကိုလုပ်ချင်စိတ်မရှိပဲကျနေခဲ့တယ်။ နေတဲ့အခန်းကလဲအိမ်အနောက်ဖက် အလင်းကောင်းကောင်းမရတော့ပိုဆိုးခဲ့တယ်။အခန်းမီးသီးအရောင် အဝါရောင်တွေကိုအရမ်းမုန်းတီးခဲ့တယ်။အဲ့မီးရောင်တွေက ကျွန်တော့်စိတ်ကိုထိုင်းမှိုင်းစေတယ်လို့အထင်မှားခဲ့ဖူးတယ်။ အဲဒီတော့ Vit D ချို့တဲ့တာနဲ့အတူ အလုပ်ဖိအားရော ကျွန်တော့်စိုးရိမ်စိတ်များတာနဲ့ပါပေါင်းပြီး စိတ်ဓာတ်ကတော်တော်ကျသွားတာမို့ နောက်ဆုံးစိတ်ကျမ်းမာရေးဆရာဝန် Psychotherapist ကိုပြတဲ့အဆင့်ထိရောက်သွားခဲ့တယ်။ အဲ့ဒီအခါမှာ ကျွန်တော်မှာ Depression(စိတ်ဓာတ်ကျခြင်း) တစ်ခုတင်မဟုတ်ပဲ Anxiety Disorder( စိုးရိမ်မှုလွန်ကဲတဲ့ရောဂါ)ပါရှိနေတယ်ဆိုတာသိသွားခဲ့တယ်။ ဒါပေမယ့် ဆရာဝန်ပြဖို့ဆုံးဖြတ်ချက်မချခင် ကိုယ်ဘာသာကိုယ် ကြိတ်ပြီးနည်းမျိုးစုံနဲ့ စိတ်ဓာတ်ကျတာကိုကုစားခဲ့တယ်။ Depression နဲ့ဆိုင်တဲ့ ကုထုံးတွေရေးထားတဲ့ စာအုပ်တွေသေချာလေ့လားပြီး Cognitive Behavioral Therapy (CBT) နည်းတွေနဲ့ ကိုယ်ဘာသာကိုယ်စပြီးကုစားခဲ့တယ်။ ဒါပေမယ့် ပြင်းထန်မှုအဆင့်က များနေတာကြောင့် ကိုယ်ဘာသာကိုယ်ကုလို့ရမယ့်အဆင့်ကိုကျော်လွန်နေပြီဆိုတာသိခဲ့တယ်။ စစ်ချက် (Evaluation) အရ ကျွန်တော့် အဆင့်က ပြင်းထန်အဆင့်(Severe depression) ကိုဝင်ဖို့ ၃မှတ်ပဲလိုတော့တယ်။ အပျော့စားအဆင့်(Mild depression) ဆိုရင်တောင် တတ်ကျွမ်းတဲ့စိတ်ကျန်းမာရေးဆရာဝန် (Psychotherapist) ပြသင့်နေပါပြီ။ ကျွန်တော်က Moderate depression ကနေ Severe depression ကိုကူးဖို့ ၃မှတ်ပဲလိုတော့တယ်။ Professional counseling လုံးဝကိုယူရမယ့်အခြေအနေမျိုးဆိုတာနားလည်ခဲ့တယ်။ ဒါပေမယ့် ဆရာဝန်ကိုပြဖို့ကြားထဲမှာ ၆လလောက် တစ်ယောက်တည်းကြိတ်ကုစားပြီးခံစားခဲ့ရတယ်။

April 2020 အချိန်မှာ ကျွန်တော်စိတ်ဓာတ်ကျတာတော်တော်ဆိုးဝါးခဲ့တယ်။ သာမန်စိတ်ညစ်တာမဟုတ်ပဲ လနဲ့ချီနေ့စဉ်ဆက်တိုက်ဖြစ်နေတာရိပ်စားမိပြီး Depression စဖြစ်နေပြီဆိုတာသိလိုက်တယ်။ နေ့တိုင်း ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ ဘာလုပ်လုပ်မပျော်တော့ဘူး။ လုပ်လဲအကျိုးရှိမှာမဟုတ်ဖူး။ ပျော်မှာမဟုတ်ဖူး။ ဒီစိတ်ဖိစီးမှုကြီးက ပျောက်သွားမှာမဟုတ်ဖူးဆိုပြီး Lethergy Cycle ထဲရောက်ခဲ့ပြီး စိတ်ဓာတ်တွေကတစ်နေ့နဲ့ပိုပိုကျခဲ့တယ်။ တကယ်က ကျွန်တော့် Depression ကိုဖြစ်စေတာ ကျွန်တော့် စိုးရိမ်မှုရောဂါ (Anxiety Disorder) ကြောင့်ဆိုတာမသိခဲ့ဘူး။ အဲ့အချိန်ထိ depression ကိုသာလေ့လာခဲ့ပြီး Anxiety အကြောင်းကိုသေချာမသိခဲ့ဘူး။ စိုးရိမ်မှုများနေတာကြောင့် စိတ်က ၂၄နာရီလုံးဖိစီးပြီး ဘာမှလုပ်လို့မရပဲ စိတ်ဓာတ်ကပိုကျခဲ့တယ်။ အရမ်းကိုပင်ပန်းလွန်းလို့ ၁စက္ကန့်လောက်လေးပဲရပ်သွားရရင်ကျေနပ်ပြီဆိုတဲ့စိတ်မျိုးတွေအကြိမ်ကြိမ်ရှိခဲ့တယ်။ Work from home ဖြစ်တာကြောင့်လဲ အလုပ်ကပေးတဲ့ stress က ကျွန်တော်စိုးစိမ်မှုကိုပိုပြီးပြင်းထန်သွားစေတယ်။ တစ်ချို့နေ့တွေမှာ မြစ်ဘေးနား ထိုင်ရင်းလုံးဝကို ရပ်ပစ်ချင်နေပြီ။ နောက်တစ်ရက်မပြောနဲ့ နောက်တစ်မိနစ်တောင် ကျွန်တော် ထပ်မခံစားနိုင်တော့လို့ မြစ်အောက်ကိုကြည့်ရင်း သေချင်တဲ့စိတ် suicidal urges ခဏခဏတွေဖြစ်ဖူးတယ်။ တချိန်တည်းမှာပဲ အဲ့စိတ်တွေပေါ်နေတာကို သတိထားမိပြီး ကိုယ့်ကိုယ့်ကိုတုန်လှုပ်မိတယ်။ ဦးနှောက်ကို ဖောက်ထုတ်ပြီး ဖယ်ထားချင်စိတ်ဖြစ်လောက်အောင် Violence ဖြစ်တဲ့ self harming thoughts အတွေးတွေဖြစ်ခဲ့တယ်။ ခေါင်းထဲမှာရှိတဲ့အတွေးတွေကတောက်လျှောက်လုံးဝမရပ်ပဲဖိစီးနေတာကြောင့် မိုးလင်းတည်းက မိုချုပ်တဲ့အထိ ညဘက်အိမ်မရရောဂါ insomnia ပါဖြစ်လာတော့ပိုဆိုးခဲ့တယ်။ အင်မတန်ကိုဆိုးဝါးလာပြီး Nervous Breakdown ပါဖြစ်ခဲ့တယ်။ ဘယ်လိုမှမခံစားနိုင်အဆုံးတစ်ခုခုကိုလုပ်ရတော့မယ်ဆိုတာသိလာတယ်။ ကိုယ်ကိုယ့်ကို အားစိုက်ပြီး အပြည့်အဝပြန်ကောင်းအောင် ​Recovery လုပ်ကိုလုပ်ရတော့မယ်ဆိုတာသိလာတယ်။ အဲ့ဒီအချိန်မှာ အစပြုဖို့အတွက် မျှော်လင့်ချက်လေးတစ်ခုကိုလိုက်ရှာတယ်။ ဘယ်သူမှလဲကိုယ့်အနားမှာမရှိ။ တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားဖို့ကို တွေးမိရင်း Semicolon လေးကိုသွားသတိရမိတယ်။ အဲ့အကြောင်းလေးတွေပြန်ရှာဖတ်မိရင်း နောက်နေ့ tattoo လေးသွားထိုးဖို့ဆုံးဖြတ်ခဲ့တယ်။ အင်မတန်ကိုလိုအပ်နေပြီ။ အဆုံးသတ်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး “My story is not over yet.” လိုတွေးပြီး 1% လောက်ပဲရှိတဲ့အကောင်းမြင်စိတ်နဲ့ 99%လောက်ရှိတဲ့ အဆိုးမြင်စိတ်တွေကျော်ဖြတ်ခဲ့တယ်။ 

April မှာ tattoo ထိုးပြီး ကနောက်၇လကြာ November မှာ ဘယ်လိုမှခွန်အားမရှိတော့တာကြောင့် Psychotherapist ကိုပြခဲ့တယ်။ ကြားကာလတွေဟာ အခုပြန်စဉ်းစားကြည့်ရင် ငရဲခန်းလိုမျိုးပဲ။ ဒါပေမယ့် လက်ကောက်ဝတ်ပေါ်က Semicolon tattoo လေးမြင်တိုင်း ရှေ့ဆက်တိုးဖို့ ဆက်ကြိုးစားဖို့ အရှုံမပေးဖို့ လွှတ်လမ်းရှိတယ်ဆိုတာယုံဖို့ ကိုယ်ဘာကိုယ်နေ့တိုင်း အားပေးရင်း ရှေ့ဆက်ခဲ့တယ်။ Severe depression အဆင့်လောက်ရောက်နေတာမို့ တစ်ခြားတစ်ယောက်ကူမှကိုဖြစ်မယ်ဆိုတာသိလို့ Psychotherapist ကိုဆက်သွယ်ခဲ့တယ်။ အဲ့ဒီဆုံးဖြတ်ချက်က တစ်ကယ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။ Covid ကာလမို့လူချင်းမတွေ့နိုင်လို့ zoom နဲ့ပဲ ဆရာဝန်မနဲ့တိုင်ပင်ကုသခဲ့တယ်။ တစ်လကျော်လောက်ကုသပြီးကျွန်တော် တော်တော်ပြန်ကောင်းလာခဲ့တယ်။ ကိုယ့်ကိုယ်ကို control လုပ်နိုင်တဲ့အခြေအနေရောက်လာခဲ့တယ်။ ဒီနေရာမှာ လူအများစု အထင်လွဲတတ်တာက ဆရာဝန်ပြတာ စိတ်ပြန်ပျော်သွားဖို့ ထင်တယ်ကျတယ်။ တကယ်က စိတ်ကျမ်းမာရေးရဲ့ အဓိကပန်းတိုင်ဟာ စိတ်ဖိအားတွေလုံးဝကုန်စင်သွားအောင်လုပ်တာမဟုတ်ပါဘူး။ စိတ်ဖိအားတွေကို ပုံစံမှန်မှန် ထိန်းချုပ်နိုင်အောင်လုပ်ပေးတာပါ။ ကိုယ့်စိတ်ဖိအားကို control လုပ်နိုင်ပြီဆိုတဲ့အချိန်ကြရင် ကိုယ့်က စိတ်ဖိအားတွေပြုသမျှခံရမယ့် သားကောင် “Victim” မဟုတ်တော့ပဲ စိတ်ဖိအားတွေကို လိုသလိုထိန်းချုပ်နိုင်တဲ့ သခင်သဘောမျိုးဖြစ်သွားတာပါ။ ကျွန်တော့် စိုးရိမ်နေတဲ့စိတ်တွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့အခါ ကျွန်တော်မှာ လွှတ်လပ်မှု Freedom ကိုစတင်ခံစားရပါတယ်။ 

Photo@Project Semicolon

နောက်ဆုံး session မှာ ဆရာဝန်မက ကျွန်တော်နှစ်သက်ရာ စာလုံးတစ်ခုခုဖြစ်ဖြစ် သင်္ကေတဖြစ်ဖြစ် ပစ္စည်းတစ်ခုခုဖြစ်ဖြစ် ရှိလားလို့မေးတယ်။ ကျွန်တော်က လက်ကောက်ဝတ်လေးကိုပြပြီး ဒီ semicolon ကိုသုံးလို့ရလားမေးတော့ ရတယ်တဲ့။ (ဆရာဝန်မက Hypnosis နဲ့ Psychotherapy ၂ခုကိုပေါင်းထားတဲ့ Hypnotherapy ကိုသုံးပြီးကျွန်တော့်ကိုကုတာပါ။) ဆရာဝန်မက အဲ့ဒီ semicolon လေးကိုပဲအာရုံစိုက်ခိုင်းတယ်။ ပြီးတော့ သူနဲ့အတူ ရှာဖွေခဲ့တဲ့ မှန်ကန်တဲ့  Rational thoughts တွေကိုပြန်တွေးစေတယ်။ ကျွန်တော့် စိုးရိမ်စိတ်တွေစ “trigger” ဖြစ်ပြီဆိုတာနဲ့ လက်ကောက်ဝတ်က semicolon tattoo ကို ထိသည်ဖြစ်စေ ကြည့်မိသည်ဖြစ်စေ ဆောင်ရွက်ပြီး Rational thoughts တွေနဲ့ပြန်တွေးရတယ်။ (ကုထုံးကိုတော့ နောက်တစ်ခါ အကျယ်တစ်ဝင့်ရေးပြီးရှင်းပြဖို့ရည်ရွယ်ထားပါတယ်။ လူအများစုက Psychology/Psychotherapy ကိုအထင်သေးတတ်တော့ လေးလေးနက်နက်ရှင်းပြမှနားလည်နိုင်တာမို့။)

အဲ့နည်းနဲ့ ကျွန်တော့် စိုးရိမ်စိတ်လွန်ကဲမှုရောဂါ Anxiety disorder ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်။ စိုးရိမ်စိတ်ကိုပြန်ထိန်းချုပ်နိုင်တဲ့အခါ စိတ်ဓာတ်ကျတာပါပြန်သက်သာလာခဲ့တယ်။ဆရာဝန်မက အဲ့ semicolon ကဘာသဘောနဲ့ထိုးတာလဲလို့မေးတော့ ကျွန်တော်က ရှင်းရှင်းလေးပဲပြန်ဖြေလိုက်တယ်။ သူက ရှေ့ဆက်ဖို့မျှော်လင့်ချက် Hope ကိုပေးတာလို့။ ဆရာမက ပိုသဘောကျတယ်။ အဲဒါကြောင့် အဲ့ Symbol လေးကိုပဲ နောက်ဆုံးကုထုံးမှာအသုံးချခဲ့တယ်။ 

 

တကယ်က ဒီ  Symbol က Mental illness/Suicide awareness ကိုကိုယ်စားပြုတာပါ။ တစ်ခါတစ်လေ အခန်းဖော်နိုင်ငံခြားသားတွေ အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်နိုင်ငံခြားသားတွေက ကျွန်တော်လက်ကောက်ဝတ်က tattoo ကိုမြင်ရင်ဘာအဓိပ္ပာယ်လဲလို့မေးကြတယ်။ suicide awareness ပါလို့ပွင့်ပွင့်လင်းလင်းပြောဖို့တစ်ခါတစ်ရံတွန့်ဆုတ်ခဲ့တယ်။ စိတ်ထဲမှာ ကိုယ်  Depression တွေအကြောင်း Anxiety တွေအကြောင်းပါထပ်ရှင်းပြရမှာတော့မှာမို့ မဖွင့်ပြောချင်လို့ ဒီအတိုင်း Hope ကိုပေးတဲ့ အဓိပ္ပာယ်လို့ပဲတိုတိုပဲဖြေဖြစ်ခဲ့တယ်။ တကယ်က ကိုယ့်အတွက် အသက်ကိုကယ်ခဲ့တဲ့ သင်္ကေတလေးတစ်ခုပါ။ အဲ့ဒီဆိုးရွားစုတ်ပြတ်သပ်တဲ့ နေ့ပေါင်းများစွာ လပေါင်းများစွာ ဒါလေးပဲ ကြည့်မိရင်း အကြိမ်ကြိမ်အားပေးခဲ့တယ်။ အဲဒီအခြေအနေတွေကို လွှတ်မြောက်ခဲ့တယ်။ အပြီးမသတ်ခဲ့ဘူးဆိုတဲ့ မှတ်ဉာဏ် (memories) တွေကိုပြန်ပေးစွမ်းတယ်။ နောက်တစ်ခါဒီလို စိတ်ဓာတ်ကျရမယ့် အခြေအနေတွေ တစ်ယောက်တည်းပြန်ရင်ဆိုင်ရတဲ့အချိန်ကျရင်လဲ ဒီ သင်္ကေတလေးက အရင်တုန်းကကျော်ဖြတ်မှုတွေကို ပြန်လည်အမှတ်ရစေပြီး ခွန်းအားပေးမယ်လို့ယုံကြည်မိတယ်။ Semicolon tattoo ထိုးထားတဲ့သူတွေမြင်ခဲ့ရင် ဒါဟာသာမန် အလှ “Fancy tattoo” မျိုးမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ Mental health ပြဿနာတစ်ခုခုကိုဖြတ်ကျော်ခဲ့ရတဲ့သူ၊ ဖြတ်ကျော်နေတဲ့သူ၊ Suicide attempts တွေကို ကျော်လွှားခဲ့တဲ့သူ သို့တည်းမဟုတ် Suicide awareness ကိုပြန့်အောင်လုံဆော်ပေးချင်တဲ့သူတွေ ယူဆလို့ရပါတယ်။

ဒီ tatoo လေးက ကျွန်တော့်အတွက်တော့ ဘဝတစ်ဆစ်ချိုးရဲ့ မှတ်ကျောက် “Milestone” တစ်ခုအဖြစ်ရော နိူးဆော်မှုတစ်ခု “Reminder” အနေနဲ့ရော အမြဲတည်ရှိနေဦးမှာပါ။ ကိုယ်ဘဝရှင်သန်မှုဆိုတဲ့ စာကြောင်းကို အဆုံးမသတ်သေးပဲဆက်လက်ရေးသားဦးမယ်လို့ရည်ရွယ်ရင်း…

My story continues…

Photo@Project Semicolon