ပြီးခဲ့တဲ့ စနေ့နေ့က Amsterdam ကရုပ်ရှင်ပြပွဲလေးကိုသွားကြည့်ခဲ့တယ်။ လူအများကြီးလာမယ်လို့ မျှော်လင့်ထားပေမယ့်လဲ အယောက် ၂၀ကျော်လောက်ပဲရောက်လာတယ်။ ရထားမရှိတာကြောင့် ဘယ်သူမှမလာမှာကိုတောင် စိုးရိမ်နေခဲ့တာ ရောက်လာကြကိုပဲစိတ်ကကျေနပ်တယ်။ တစ်လ လောက်ပြင်ဆင်ခဲ့ရတာလေး အဆင်ဆင်ပြေပြေနဲ့ပြီးသွားခဲ့မှပဲ စိတ်ကဒုန်းဒုန်းချနိုင်တော့တယ်။
ပြတဲ့ ရုပ်ရှင်ကားက ၄ကားလုံးထဲမှာ ကြိုက်တာက The Unknown infinity ကိုအကြိုက်ဆုံး ရိုက်ပြကွက်တွေကမိုက်တယ်။ သူများတွေတော့ သိပ်မကြိုက်ဖူးထင်တယ်။ ပထမကား Guilt ပိုင်ဖြိုးသုတို့ဟာတော့ ရုံစောင့်နေရလို့ မမှီလိုက်။ ဒုတိယအကြိုက်ဆုံးကတော့ နောက်ဆုံးကား (Together အတူတကွ) ပဲ။ မျက်ရည်ကျခဲ့ရတယ်။
နှစ်တော်တော်များများကြာနေပြီဖြစ်တဲ့ YouTube က comment တစ်ခုကိုသွားသတိရတယ်။ ဘာ video တွေကြည့်တာလဲတော့မမှတ်မိပေမယ့် ဒုတိယကမ္ဘာစစ်တို့ ဘာတို့ နဲ့ဆိုင်တဲ့ video တွေလိုက်ကြည့်မိရင်းနဲ့ဖြစ်မယ်။ အောက်က comment လေးတစ်ခုကိုဖတ်မိပြီးကြိုက်လို့ အဲ့တည်းကစိတ်ထဲဆွဲနေတယ်။ သူ English လိုရေးထားတာ သေချာမမှတ်မိပေမယ့် သူရေးတာက စစ်မြေပြင်မှာတစ်ကယ်တိုက်နေရတဲ့အချိန် အဲ့စစ်သားဟာ နိုင်ငံ လူမျိုးဆိုတာထက် သူရဲ့ဘေးကရဲဘော်အတွက်တိုက်နေတာ။ သူ့သူငယ်ချင်းရဲဘော်ရဲဖက်တွေမကျသွားအောင်တိုက်နေတာဆိုတဲ့ comment မျိုးလေးရေးထားတာမှတ်မိတယ်။
“အတူတကွ” ကိုကြည့်ရင်း အဲ့ comment လေးကိုစိတ်ထဲပြန်သတိရတယ်။ ဒဏ်ရာနဲ့သေခါနီးပြောသွားတာက သူသေသွားရင် အမျှမဝေပါနဲ့တဲ့။ သေသွားပြီး ဝိညာဉ်ဖြစ်နေတာကို မသိပဲ အိမ်ပြန် အမေ့ကိုသွားတွေ့။ သူငယ်ချင်းရဲဘော်တွေက သူကိုစကားမပြောလို့ဆိုပြီးစိတ်ဆိုး နောက်ဆုံးမှ သူကသေသွားတာကြာပြီ။ တိုက်ပွဲမှာကျသွားပြီဆိုတာသိသွားတယ်။ သူကိုယ့်သူ ဝိညာဉ်ဖြစ်နေမှန်းကိုမသိခဲ့တာ။ (“နိုင်ငံပျောက်သူ” ထဲက ဇာတ်ကွက်မျိုးပဲ) သူငယ်ချင်းရဲဘော်တွေကဘာလို့သူကိုစကားမပြောလဲဆိုတာ အဲ့တော့မှနားလည်သွားတယ်။ ဇာတ်လမ်းအစမှာ ဝိညာဉ်အနေနဲ့ ရှင်သန်နေတဲ့ဇာတ်ကွက်တွေရဲ့ အဓိပ္ပာယ်ကို နောက်ဆုံးမှာကြည့်ရှုနေတဲ့သူတွေကိုနားလည်သွားစေတယ်။
သူကျသွားတဲ့အတွက် သူငယ်ချင်းရဲဘော်နှစ်ယောက် ဘယ်လောက်နာကျင်ငိုကျွေးခံစားရလဲဆိုတဲ့ ပြကွက်တွေကနောက်မှတဖြည်းဖြည်းပေါ်လာတယ်။ နောက်ဆုံး စခန်းသိမ်းလိုက်နိုင်ပြီဆိုတော့မှ သူငယ်ချင်းရဲဘော်နှစ်ယောက်က သူ့ဓာတ်ပုံရှေ့မှာထိုင်ရင်း အမျှဝေပေးတယ်။ အမျှဝေပေးနေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်း သူ့ပါးပြင်ပေါ်က မျက်ရည်တွေအတားအစည်းမဲ့စီးကျလာတယ်။
နောက်ဆုံး ကျယ်ပြန့်တဲ့ တောအုပ်ကြီးကို ငေးကြည့်ရင်း သူရဲ့ဝိညာဥ်က သူငယ်ချင်းရဲဘော်နှစ်ယောက် အမျှဝေတာကို သာဓုမခေါ်ပေးနိုင်ဘူးလို့ဆိုတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးပြီးတဲ့အထိ “အတူတကွ” ရှိနေချင်သေးလို့တဲ့…😢