❝ဘာဖြစ်လို့ 𝐀𝐧𝐧𝐮𝐚𝐥 𝐖𝐚𝐥𝐥 𝐏𝐥𝐚𝐧𝐧𝐞𝐫 ကိုသုံးသင့်သလဲ❞

မနှစ်ကစပြီး တစ်နှစ်လုံးစာမြင်ရတဲ့ Annual Wall Planner ကိုစသုံးကြည့်တယ်။ ဒါပေမယ့် ကြိုတင်ပြီးတော့ အစီအစဉ်တွေမှတ်ထားဖို့သုံးတာမဟုတ် ကိုယ်လုပ်ခဲ့တဲ့အလုပ်၊ ကိုယ့်ရဲ့ ပန်းတိုင် (𝐆𝐨𝐚𝐥𝐬) တွေရဲ့ တိုးတက်မှု(𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬) ကိုခြုံငြုံပြီးကြည့်ချင်တဲ့အတွက်ကြောင့်သုံးတာ။

နှစ်ကုန်ပြီး ပြန်ရေကြည့်တော့ 

🤸🏻 Exercise – 6 days

📙 Dutch – 90 days

📖 Reading – 82 days

❤️‍🩹 Healing – 75 days

🏃🏻‍♂️‍➡️ Jogging – 38 days

🧘🏻‍♂️ Meditation – 19 days

🏋🏻‍♂️ Gym – 16 days

ပုံမှန်ဆို အရင်နှစ်တွေတုန်းက စာအုပ်ထဲမှာပဲ ဘယ်နေ့က ဘာလုပ်ခဲ့တယ်ဆိုတာရေးမှတ်တယ်။ ကောင်းပေမယ့် ကိုယ့် တိုးတက်မှု (𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬)တစ်ခုလုံးကိုပုံကြီးချဲ့မမြင်ရဘူး။ စာအုပ်ကို ပြန်လှန်ကြည့်ရင်တော့ မြင်ရပေမယ့် အတက်အကျ၊အနှေးအမြန် ပုံစံကို မရိတ်စားမိဘူး။ နှစ်ချုပ်လုပ်ရင်လဲ စာအုပ်ကို အစကပြန်မဖတ်ချင်တော့ဘူးလေ။ အဲ့ဒါနဲ့ မနှစ်ကစပြီး တစ်နှစ်လုံးစာမြင်ရတဲ့ ပြက္ခဒိန်မျိုးလိုက်ရှာရင်းတွေ့လို့ဝမ်းသာအားရ စိတ်လှုပ်ရှားစွာနဲ့ဝယ်လိုက်တာပဲ။

အလုပ်ထဲမှာ 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို မျက်ခြည်မပြတ်စောင့်ကြည့်ချင်တဲ့အခါ Project Management software တွေတင်မက Board ပေါ်မှာပါ ချရေးထားမှ Project တစ်ခုလုံးရဲ့ တိုးတက်မှုတွေ နှောင့်နှေးမှုတွေကို သေချာမြင်ရသလိုမျိုးပဲ ကိုယ့်ရဲ့ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐣𝐞𝐜𝐭𝐬 တွေလဲ ဘယ်လောက်သေးသေး တစ်ခုလုံးကိုမြင်ရရင်ပိုအကျိုးရှိတယ်။ အထူးသဖြင့် လုပ်ချင်တဲ့အရာတွေများရင် ဒီလို Planner မျိုးကိုသုံးပြီး ကိုယ့် progress ကိုစောင့်ကြည့်လို့ရတယ်။

ဥပမာ ဒီနှစ် အပြင်စာတွေမှာစားတာ လျှော့မယ်ဆိုရင် မှာစားတဲ့နေ့တိုင်း ဒီလို Planner ပြက္ခဒိန်မှာ မှတ်တမ်းတင်ထားရင် တစ်လ နှစ်လပြီးတာနဲ့တင် ကိုယ့်မှာတာ များလာသလား လျော့လာသလားဆိုတဲ့ တိုးတက်မှုနှုန်းကိုမြင်ရပြီး ပြောင်းလဲဖို့ကြိုးစားချင်စိတ် 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 ပိုရှိလာလိမ့်မယ်။ စာအုပ်ထဲမှာချရေးရင် ချုံငြုံပြီးမမြင်ရဘူးလေ။

လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် ကျွန်တော့်လို စာဖတ်တဲ့ရက်ကအစ ရေးမှတ်လို့ရတယ်။ သူများအတွက် ဒါကရေးမှတ်ရလောက်အောင် အရေးမကြီးဘူးဆိုပေမယ့် ကိုယ့်အတွက်က အရေးကြီးရင်ကြီးမှာလေ။ အဲ့ဒီအတိုင်းပဲသူများတွေအတွက် အရေးကြီးတယ်ဆိုတဲ့ဟာတွေအတိုင်းကလဲ ကိုယ့်အတွက်အရေးကြီးချင်မှကြီးမှာ။ အဓိကက ကိုယ်အတွက်ဘာအရေးကြီးလဲဆိုတာပဲ။ စာဖတ်တဲ့ရက်တွေချမှတ်ထားတော့ ဒီတစ်ပတ် ကိုယ်စာဖတ်လား မဖတ်လား ဘာမှဟုတ်တိပတ်တိမလုပ် အချိန်ဖြုန်းနေသလား မြင်ရသလို ကိုယ်လုပ်တဲ့ တိုးတက်မှုလေးတွေ သေးနေပါစေဦးတော့ ဒီတပတ်တော့ ဒီ 𝐆𝐨𝐚𝐥𝐬 အတွက် တစ်ခါလုပ်ခဲ့တယ် ခုအချိန်ထိ ဘယ်နှစ်ခါ ဘယ်နှစ်ကြိမ်လုပ်ပြီးသွားပြီဆိုတာ မြင်ရတော့ ဆက်လုပ်ဖို့ လှုံ့ဆော်မှု 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 ပေးတယ်။ အချိန်ကြာလာလေလေ ပိုမြင်ရလေလေ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်မှုနှုန်းထား 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐢𝐭𝐲 အစစ်အမှန်ကို ပိုမြင်ရလေလေပဲ။

နောက်ကောင်းတာတစ်ခုက ကိုယ့်ရဲ့ အတက်အကျ(𝐔𝐩𝐬 𝐚𝐧𝐝 𝐃𝐨𝐰𝐧𝐬) ပုံစံ Pattern ကို ပိုမြင်သွားနိုင်တယ်။ ကျွန်တော့်မှာဆိုရင် ကစဉ့်ကလျား စည်းကမ်း (𝐃𝐢𝐬𝐨𝐫𝐠𝐚𝐧𝐢𝐳𝐞𝐝 𝐃𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞) ရှိတယ်ဆိုတာသိတယ်။ ဒါပေမယ့် အဲ့ဒီ ပုံစံ (𝐏𝐚𝐭𝐭𝐞𝐫𝐧)ကိုသေချာမမြင်ရဘူး။ မြင်ချင်လို့ အခု Planner Calendar ကိုဝယ်ပြီးသုံးတာ။ အဲ့ဒီအခါမှ ကိုယ့်ကျပြီဆိုရင် ဘယ်လောက်ကြာလဲ တက်တယ်ဆိုရင် ဘယ်လောက်ကြာလဲဆိုတာ မြင်ရတယ်။ လုပ်ပြီးဆိုတဲ့အခါ သုံး၊လေးခု တစ်ပြိုင်နက်ထဲလုပ်နိုင်သလို မကြာခဏဆိုသလို နိုင်တဲ့ဝန်ထက်ပိုထမ်းတော့ ခြေကုန်လက်ပန်းကျ (𝐁𝐮𝐫𝐧𝐨𝐮𝐭) ဖြစ်တဲ့အခါ ၁၊၂လလောက် ဘာမှကိုမလုပ်ပဲနေရောလေ။ အဲ့ဒီ Pattern ကို ခုမှသေချာမြင်ရတဲ့ အခါ နောက်ပိုင်းကျတော့ ဝန်မပိအောင် အများအလုပ်၊ကိုယ့်အလုပ် မျှတ (𝐁𝐚𝐥𝐚𝐧𝐜𝐞) ဖြစ်အောင်ပြန်ညှိရတာ အတိုးအလျော့လုပ်ရတာပဲ။ ဒါကြောင့် ဒီ calendar မျိုးက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းနှုန်းထား Productivity အတွက်ရော ကိုယ့်ရဲ့ ပြောင်းလဲတိုးတက်မှု (𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐆𝐫𝐨𝐰𝐭𝐡) အတွက် အထောက်အကူပြုတဲ့ ကိရိယာတစ်ခုလိုမြင်တယ်။ 

မသိသလို ရွှီရှောင်နဲ့ညာပြီးနေလို့မရတော့ဘူး။ စာအုပ်ထဲမှာရေးမှတ်ထားတုန်းက လှန်မကြည့်ရင် မမြင်ရတော့ အေးဆေးလေ။ ခုက နံရံမှာ ကပ်ထားပြီး နှစ်စ ကနေ နှစ်ဆုံးထိ အကုန်မြင်ရတော့ ကိုယ်ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်တာတွေ အချိန်တွေ အလဟပ်သပ်ဖြုန်းနေတာတွေ အကုန်မြင်နေရတော့ စိတ်ပျက်မှု (𝐃𝐢𝐬𝐚𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭) ကို ပိုကြုံရတယ်။ အဲဒီအခါမှ စိတ်ပျက်မှုကြီးကို မကြိုက်လို့ လျှော်လိုက်မလား အဲ့မနှစ်မြို့ဖွယ်ရာခံစားချက်ကြီးကို ရင်ဆိုင်ပြီး ဘယ်လိုပြင်ပြီး ကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ခေါ်မှု (𝐌𝐞𝐧𝐭𝐚𝐥 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐬) တွေပါပိုရင်ဆိုင်ရတယ်။ 

ကိုယ့်မျှော်လင့်ထားတာ(𝐄𝐱𝐩𝐞𝐜𝐭𝐚𝐭𝐢𝐨𝐧𝐬)တွေ မဖြစ်ဖူး၊ ကိုယ့်ရဲ့ ပန်းတိုင်(Goals) တွေကနောက်ကျသွားပြီ ဆိုတာတွေမြင်လာပြီး ဖြစ်လာတဲ့ စိတ်ခံစားချက်တွေကို နေ့တိုင်းနီးပါးမြင်ရတဲ့အခါ အဲ့ဒီ အပျက်သဘောခံစားချက် တွေကို သင်ခန်းစာယူ ကျော်ဖြတ်ရင်းနဲ့မှ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲကြီးထွားမှု (𝐌𝐞𝐧𝐭𝐚𝐥 𝐆𝐫𝐨𝐰𝐭𝐡) တွေက ပိုကောင်းလာမှာ။

အဲ့ဒါကြောင့် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာဖြစ်ပါစေ၊စိတ်ပိုင်းဆိုင်ရာဖြစ်ပါစေ၊အသိပညာ အတတ်ပညာပိုင်းဆိုင်ရာဖြစ်ပါစေ တစ်ခုခုပြောင်းလဲချင်တယ်ဆိုရင် ဒီလို တစ်နှစ်လုံးစာမြင်ရတဲ့ 𝐖𝐚𝐥𝐥 𝐏𝐥𝐚𝐧𝐧𝐞𝐫 ကိုသုံးပြီး ကိုယ့်လုပ်တဲ့အလုပ်ကိုမှတ်တမ်းတင်ပြီး အကဲခတ်ကြည့်ဖို့ အကြံပေးချင်တာ။ နှစ်လလောက်လုပ်လိုက်ရုံနဲ့ကို သူ့ရဲ့သက်ရောက်မှုကိုမြင်နေရလိမ့်မယ်။ ကိုယ့်ပန်းတိုင် တစ်ခုပဲရှိပါစေဦးတော့ ဒီလိုနေ့တိုင်း မြင်နေရတဲ့ အခါမှ အဲ့ဒီပန်းတိုင်းရောက်နိုင်ဖို့တွန်းအားပိုဖြစ်စေလိမ့်မယ်။

Gen Z တွေကတော့ ဘာလာလာ App တွေရှိတယ်ဆိုပြီးပြောလိမ့်မယ်။ (ကျွန်တော်က Millennials ခေါ် Gen Y) Productivity apps တွေမှအများကြီးပဲ။ ဒါပေမယ့် ဖုန်းထဲမှာကြည့်တာထက် နံရံပေါ်မှာ အထင်သားမြင်ရတာက ပိုပြီး လှုံ့ဆော်မှုပိုဖြစ်တယ်။ ဖုန်းက စာအုပ်လိုမျိုးပဲ ဖွင့်မကြည့်ပဲပစ်ထားဖို့ ရာခိုင်နှုန်းပိုများတယ်။ ဒါကြောင့် ထိတွေ့ကိုင်တွယ်လို့ရတဲ့ Wall Planner ကိုပိုသုံးတာကောင်းတယ်လို့ အကြံပေးချင်တာ။ 

 

ကျွန်တော့်ရဲ့ မနှစ်က အဓိကပန်းတိုင်တွေ

လေ့ကျင့်ခန်း အခန်းထဲမှာပဲလုပ်တာ တစ်နှစ်လုံးမှာမှ ၆ရက်။ 𝐆𝐲𝐦 ဆိုပြီး မနှစ်က ပထမဦးဆုံး သွားဆော့ကြည့်တာ ၁၆ရက်ဆော့ပြီးသဘောမကျတာနဲ့ ရပ်သွားတာပဲ။ အဲ့ဒီအစား ပြေးတာ 𝐉𝐨𝐠𝐠𝐢𝐧𝐠 ကိုပိုသဘောကျတာနဲ့ ညနေဘက်ရုံးကပြန်လာတာနဲ့ပြေးတာပဲ။ တစ်နှစ်လုံးမှာ စုစုပေါင်းပြေးခဲ့တဲ့ရက်က ၃၈ရက်။ 

တစ်ကိုယ်တော် တောင်တက်ခရီးတွေသွားတော့သက်လုံကောင်းဖို့လဲလိုတာကြောင့် ပြေးတာပိုအကျိုးရှိတယ်။ တစ်ခါတစ်လေ ၈နာရီလောက်ဆက်တိုက်တက်ရတာ။ အလုံ့ပိတ် အခန်းကြီးထဲမှာ တစ်ခါလာလဲ ပုံသေ မပြောင်းလဲတဲ့ မြင်ကွင်းကိုမြင်နေရတဲ့ Gym ခန်းမကြီးက ကျွန်တော့်အကြိုက်နဲ့က အဆင်မပြေ ကြာတော့ ပျင်းလာတာပဲ။ Jogging ကကြတော့ ပြင်ပရှုမျှော်ခင်းတွေ မြင်ရတယ် မြင်ကွင်းတွေတချိန်လုံးပြောင်းလဲနေတာမြင်ရတာ ပိုပြီးနှစ်သက်တယ်။ ပိုက်ဆံလဲမပေးရဘူးဆိုတော့ Gym ထက် Jogging ကိုပိုကြိုက်တယ်။ ကျွန်တော့် လက်ရှိစံချိန်ကတော့ 𝟒.𝟓𝐤𝐦 (၂မိုင်ခွဲ) လောက်ကိုမနားတမ်းပြေးလို့ရတယ်။ ဖြေးဖြေးပြေးတာပေါ့။ 

𝐃𝐮𝐭𝐜𝐡 ဘာသာစကားကတော့ ၆နှစ်ကျော်နေပြီ သေချာလုပ်ရတော့မယ်ဆိုပြီး 𝐒𝐞𝐥𝐟-𝐬𝐭𝐮𝐝𝐲 လုပ်တာ တစ်နှစ်လုံးမှာ ရက်ပေါင်း ၉၀တဲ့။ အဲ့ဒါ A1 ပဲပြီးတာ။ A2 စဖို့ စိတ်မပါသေးတာနဲ့ မစဖြစ်တာ Sep လောက်တည်းကပါပဲ။ ဒီနှစ်တော့ ပြန်စဖို့ အရှိန်ကယူနေတုန်း။ 

𝐇𝐞𝐚𝐥𝐢𝐧𝐠 ကတော့ 2025 အတွက် ကျွန်တော့်ရဲ့ အဓိက ပင်မရည်မှန်းချက်ပေါ့။ ငယ်ငယ်တည်းက သယ်လာတဲ့ စိတ်အတွင်းဒဏ်ရာ 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 𝐭𝐫𝐚𝐮𝐦𝐚 နဲ့ 𝐂𝐨𝐫𝐞 𝐖𝐨𝐮𝐧𝐝𝐬 တွေ သေချာအာရုံစိုက်ပြီး ကုစားမှရတော့မှာဆိုပြီး ဇောက်ချလုပ်တာပဲ။ ကိုယ့်ရဲ့ စိုးရိိမ်စိတ်များ (𝐀𝐧𝐱𝐢𝐞𝐭𝐲)၊ မပျော်ရွှင်မှုတွေရဲ့ ပြဿအရင်းအမြစ်ကလဲ စိတ်ဒဏ်ရာကလာတာပဲ ဆိုတာ စာအုပ်တွေလဲဖတ် မိမိဘာသာလဲ စမ်းစစ်ရင်းသိလာတော့ Healing ကိုသေချာလုပ်တာ။ Healing လုပ်တဲ့ ဖြစ်စဉ်ကတော့ ရှင်းပြရင် အင်မတန်ကျယ်ပြန့် လေးနက်တာမို့ နောက်တစ်ခေါက်မှ ရှင်းပြတော့မယ်။ ဥပမာ 𝐉𝐨𝐮𝐫𝐧𝐚𝐥𝐢𝐧𝐠 လုပ်တာလဲ ကုစားတဲ့နည်း (𝐓𝐡𝐞𝐫𝐚𝐩𝐞𝐮𝐭𝐢𝐜 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬) တစ်ခုပေါ့။ စိတ်ဝင်စားရင် Internet/youtube မှာ ရိုက်ရှာလေ့လာလို့ရတယ်။ တစ်ခြား techniques တွေက နောက်တစ်ခါကြုံတဲ့အခါမှရှင်းပြတော့မယ်။

တရားထိုင် (𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧) ကတစ်နှစ်လုံးမှာ ၁၉ ရက်လုပ်ခဲ့တာ ကျေနပ်တယ်။ ဒီနှစ်အတွက် အရှိန်တစ်ခုပြန်ရတယ်။ Meditation ကလဲ ကျွန်တော့် စိတ်အာရုံစူးစိုက်မှုကာလ (𝐀𝐭𝐭𝐞𝐧𝐭𝐢𝐨𝐧 𝐒𝐩𝐚𝐧) အားကောင်းလာအောင်လုပ်တာရော ကုစားတာ (Healing) အတွက်ရော အကျိုးရှိတယ်။ ခန္ဓာကိုယ် (𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥) အတွက်တော့ ပြေးတာ (Jogging) နဲ့ စိတ်(𝐌𝐞𝐧𝐭𝐚𝐥) အတွက်တော့ တရားထိုင်တာ (Meditation)။

ဒီနှစ် 2026 အတွက် Annual Planner လဲဝယ်ပြီးပြီ။ နှစ်မကုန်ခင်တည်းကကြိုမှာပြီး အခုနှစ်စတည်းက စမှတ်ထားတာ။ နောက်နှစ်တွေလဲ ဒီ Annual Planner ပဲသုံးဖြစ်တော့မှာ။ လုပ်ချင်တဲ့ Goals တွေက များလွန်းလို့ ဒီဘဝပြီးလို့ နောက်ဘဝဆက်လုပ်ရင်တောင် လောက်ပါ့မလား စဉ်းစားရလောက်အောင်များလို့လေ။ 𝐌𝐮𝐥𝐭𝐢 𝐭𝐚𝐬𝐤𝐢𝐧𝐠 လုပ်တဲ့လူတွေ၊အလုပ်များတဲ့သူတွေအတွက်လဲ အကျိုးရှိတယ်။ ဒါကြောင့် စမ်းသုံးကြည့်ကြပါလို့တိုက်တွန်းရင်း….

Thanks for reading. 

Leave a Comment

Your email address will not be published. Required fields are marked *