ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောသွားတဲ့မိန့်ခွန်းထဲမှာ “သူများတွေကခြေလှမ်းတစ်လှမ်းလှမ်းရင် ငါတို့က လေးငါးဆယ်လှမ်းလောက်လှမ်းရမယ်” ဆိုတာလေးကိုကျွန်တော်မှတ်မိနေတယ်။ မှတ်သားဖွယ်ရာကောင်းတဲ့စကားတစ်ခုပါ။ ဒါပေမယ့် သူ့ရဲ့စကားလေးကို ကျွန်တော်နည်းနည်းလေး ဖြည့်စွက်ပြီးတော့ “ ခြေလှမ်းဆယ်လှမ်း” လှမ်းတဲ့ နိယာမ ဆိုပြီး ကျွန်တော်တီထွင်ကြည့်တယ်။ အဲ့ဒီ နိယာမကို လူတစ်ယောက်မှာ Vision (အမြင်)ရှိဖို့ဘယ်လောက်အရေးကြီးလဲ ဆိုတဲ့နေရာမှာ အသုံးချကြည့်တယ်။Vision(အမြင်)ရှိတာဟာ လူတစ်ယောက်ရဲ့ ဘဝအတွက်တင်သာမက လူပေါင်းများစွာပါဝင်တဲ့ အဖွဲ့အစည်းတွေအတွက်ပါ အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်သုံးသပ်တယ်။
Connecting the dots
Vision ရှိတယ်ဆိုတယ်ဆိုတဲ့သဘောတရားက ရှေ့ကိုကြိုမြင်တတ်တဲ့သဘောတရားပါ။ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုခု၊ စိတ်ကူးတစ်ခုခု၊ Idea တစ်ခုခု မြင်နိုင်စွမ်းလို့လဲသတ်မှတ်လို့ရတယ်။ လူတစ်ယောက်က သူ့မှာ vision ရှိတယ်။ အနာဂတ်မှာ တစ်ခုခုဖြစ်မယ်ဆိုတာကို မြင်တယ်။ အဲ့ဒီတော့ သူမြင်တဲ့ vision အတိုင်းသူလိုက်လုပ်မယ်ဆိုတဲ့အခါမှာ အခုလက်ရှိအခြေအနေတွေကိုပြေလည်နေအောင် နေထိုင်နေရုံမျှနှင့်မရပဲ အနာဂတ်မှာလုပ်ဆောင်မယ့်အရာတွေအတွက်လဲပြင်ဆင်ဖို့လိုအပ်တယ်။“ ခြေလှမ်းဆယ်လှမ်း” လှမ်းတဲ့အခါတိုင်း ဆယ်လှမ်းလုံးလက်ရှိအခြေအနေတွေမှာအဆင်ပြေနိုင်အောင်လုပ်နေရုံပဲမဟုတ်ပဲနဲ့ ခြေလှမ်းအချို့ကို အနာဂတ်အတွက်ပြင်ဆင်ဖို့လိုပါတယ်။ ဝေးဝေးကိုမြင်နိုင်ရမယ်။ ဝေးဝေးကိုကြိုမြင်ပြီးလုပ်ဆောင်တဲ့အရာတွေဟာ တစ်ခါတစ်လေမှာ မသေချာမရေရာမှုတွေပါတတ်တယ်။ အနာဂတ်အတွက် ရည်ရွယ်ပြီးလုပ်တဲ့အရာတွေဟာ တစ်ခါတစ်လေကျရင် အသုံးများဝင်ပါ့မလား၊ အကျိုးများရှိပါ့မလားလို့ သံသယဝင်နိုင်တယ်။ Steve Jobs ကတစ်ခါပြောဖူးတယ်။
“You can’t connect the dots looking forward; you can only connect them looking backwards.”
ကျွန်တော် final year ကျောင်းသားဘဝတုန်းက အဲ့မိန့်ခွန်း လေးနားထောင်ဖူးတယ်။ ဒါပေမယ့်အဲ့အပိုင်းကိုနောင်၂နှစ်နှစ်လောက်ကြာမှနားလည်သွားတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တွေရဲ့အကျိုးရလဒ်(Dots) တွေကိုဘယ်အချိန်မှာ အသုံးဝင်လာလိမ့်မယ်၊ ဘယ်အချိန်မှာအကျိုးရှိလာလိမ့်မယ်လို့ တစ်ခါတစ်လေကျရင်ကြိုမမြင်နိုင်ဘူး။ အနာဂတ်တစ်ချိန်ချိန်ရောက်လာတဲ့အခါကျမှာသာ နောက်ပြန်ကြည့် လိုက်ရင် “ဪ အဲ့တုန်းက ငါဒီအရာကိုလုပ်ခဲ့တာမှန်ပါလား။ အဲ့တုန်းက ငါလုပ်ခဲ့တဲ့အရာတွေက အခုတော့ပြန်အသုံးဝင်ပြီ” ဆိုတာမြင်လိမ့်မယ်။ Steve Jobs ကိုယ်တိုင်ကျောင်းထွက်ပြီးတော့ Caligraphy သင်တန်းလေးတက်ခဲ့တာ နောက်ဆယ်နှစ်ရောက်ပြီးပထမဆုံး Apple computer ကိုစတီထွင်တဲ့အချိန်မှာ သူသင်ခဲ့တဲ့ Caligraphy အတတ်ပညာဟာ သူ့ကိုပြန်အကျိုးပြုတာပဲ။ ဒါကြောင့် “You can only connect the dots looking backwards” လို့သူပြောခဲ့တယ်။ အဲ့ဒီတော့ Vision (အမြင်) ရှိတဲ့လူတစ်ယောက်အတွက် ရှေ့ကိုကြိုမြင်ပြီး သူ့ဘဝအတွက်ဆောင်ရွက်တဲ့အခါမှာ သူလုပ်နေတာတွေဟာ ဘယ်အချိန်မှာမှ အကျိုးရှိလာမယ်ဆိုတာကြိုမမြင်နိုင်ဘူး။ အနာဂတ်တစ်ချိန်ချိန်ရောက်လာမှသာ အကျိုးရှိလာလိမ့်မယ်။
လူငယ်၂ယောက် လူငယ် A နဲ့ လူငယ် B ရှိတယ်လို့ဆိုကြပါဆို့။ လူငယ် Aက vision အားနည်းတယ် ဒါမှမဟုတ် လုံးဝကိုမရှိဘူး။ သူ့ဘဝက အချိန်တန် ကျောင်းတက်၊ ဘွဲ့ရ၊ အိမ်ထောင်ပြု၊ သားသမီးတွေမွေး၊ ပိုက်ဆံချမ်းသာအောင်လုပ်၊ ဘုရားရှိခိုး၊ ပြီးရင်သေ။ သူဘဝက သူ့ရှေ့ကဘဝတွေ (previous lives) လိုမျိုးပဲဘာမှထူးထူးခြားခြားမရှိဘူး။ ဒီသံသရာထဲမှာပဲလည်နေတယ်။ သူ့ရှေ့က သူ့အဖေအမေ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ ဘဝတွေကို ပုံတူကူးပြီး “Copycat” ဘဝနဲ့ပဲနေပြီး သေသွားတယ်။ သူ့အသက်ရှင်ရတဲ့ ရည်ရွယ်ချက် (Purpose)၊ သူ့ဘဝရဲ့ အဓိပ္ပာယ်ကဘာလဲဆိုတာလဲသိမသွားဘူး။ အဲ့ချိန်မှာ လူငယ် B ကတော့ Vision (အမြင်) ရှိတယ်။ သူ့မှာ ဖန်တီးချင်တာ တစ်ခုခုရှိတယ်။ စိတ်ကူးရှိတယ်။ အိမ်မက်ရှိတယ်။
သူ့ရောက်လာတဲ့ရွယ်ရည်ချက်ကိုရှာမယ်။သူ့ဘဝရဲ့အဓိပ္ပာယ်ကိုရှာမယ်ဆိုတဲ့ Vision မျိုးရှိတယ်။အဲ့လို vision ရှိတဲ့ လူငယ်B ဟာ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း ဘယ်နှစ်လှမ်းကတော့ လက်ရှိအခြေအနေတွေအဆင်ပြေဖို့ ဘယ်နှစ်လှမ်းကတော့ သူမြင်တဲ့အနာဂတ်အတွက်ဆိုပြီးကြိုတင်ပြင်ဆင်ဖို့လိုတယ်။အချိန်တွေကြာလာတာနဲ့အမျှ လူငယ် A နဲ့ လူငယ် B ရဲ့ ဘဝကကွာခြားလာလိမ့်မယ်။ အစပိုင်းမှာတော့ လူငယ် B ဟာလူငယ် A ထက်ပိုပြီးရုန်းကန်ရလိမ့်မယ်။ အခက်အခဲတွေလဲပိုရှိမယ်။ လူငယ် A ကတော့သာမန်ရိုးကျလမ်းကြောင်းအတိုင်းသွားနေတော့အဆင်ပြေတယ်။ “ဒီအချိန်မှာဒါတွေလုပ်ရတယ်” ဆိုတဲ့အတိုင်းလေးပဲလိုက်တယ်။ ရှေ့က လူတွေသွားတဲ့အတိုင်းပဲ ဘေးကင်းမှုအနည်းဆုံး သက်တောင့်သက်သာအရှိဆုံးလမ်းကြောင်းလေးနဲ့ “Comfort zone” ထဲမှာပဲနေတယ်။ ပညာတတ်သွားမယ်။ ဘွဲ့ရမယ်။ လစာကောင်းတဲ့အလုပ်တစ်ခုရှာမယ်။ အိမ်ထောင်ပြုမယ်။ သားသမီးတွေရမယ်။သူဌေးဖြစ်အောင်လုပ်မယ် ဆိုတဲ့လမ်းကြောင်းအတိုင်းပဲသွားမယ်။ ရှေ့က generation ပေါင်းများစွာသွားခဲ့ပြီးသွားပြီးဆိုတဲ့အတွက် အဲ့လမ်းကသွားရတာလွယ်တယ်။ အခက်အခဲနည်းတယ်။ အဲ့တော့လူငယ် A ရဲ့ဘဝကကြည့်လိုက်ရင်အဆင်ပြေနေတာပေါ့။ လူငယ် B ကတော့အဲ့ချိန်ထိရုန်းရကန်ရတုန်းပဲ။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ လူငယ် B လုပ်တဲ့အရာတွေဟာရုပ်လုံးပေါ်လာတာပဲ။ သူမြင်ခဲ့တာ vision ဟာတချိန်ချိန်တကယ်ဖြစ်လာတာပဲ။ အသက်တွေကြီးလာလေလေ လူငယ် B က သူ့စိတ်ကူးတွေတဖြည်းဖြည်းဖြစ်လာလေပဲ။ အသက်တွေကြီးလာလေလေသူ့ဘဝရဲ့အဓိပ္ပာယ်ကိုတွေ့ဖို့နီးနီးလာလေလေပဲ။ ဘဝရဲ့နောက်ပိုင်းအချိန်တွေရောက်လာခဲ့တဲ့အခါကျမှ လူငယ် B ဟာ သူ့ဘဝရဲ့အဓိပ္ပာယ်ကိုတွေ့ ပြီး သေသွားလိမ့်မယ်။ အဲ့ချိန်မှာ လူငယ် A ကတော့ အလုပ်တွေရှိလစာတွေကောင်းနေပေမယ့် သူ့ဘဝကြီးကဘာမှ အဓိပ္ပာယ်မရှိသလိုမျိုး ဘာကြောင့်ဒါတွေလုပ်နေရတာလဲမသိသလိုမျိုး အသက်တွေသာကြီးကြီးလာတယ် ဘာကြောင့်ရှင်သန်နေတာလဲမသိပဲနဲ့ ဘုရားတွေပဲဖင်ပူးကောင်းထောင်ရှိခိုးပြီး ကိုယ်တစ်ယောက်ထဲလွှတ်မြောက်ဖို့ ဆုတောင်းရင်းနဲ့ပဲသေသွားတယ်။ အရမ်းဝမ်းနည်းစရာကောင်းတာက လူငယ် A ဟာသူ့ဘဝကိုအဲ့လိုပဲရှင်သန်သွားသလို့ သူ့သားသမီးသူ့နောက် generation ကိုလဲ သူလိုရှင်သန်သွားဖို့ပဲပြောလိမ့်မယ်။ ဆယ်တန်းဂုဏ်ထူးထွက်အောင်လုပ်၊ ဂုဏ်ထူးမထွက်ရင်ပဲလူကအရည်အချင်းမရှိတော့သလိုလို၊ ဆရာဝန်လုပ်၊ အင်ဂျင်နီယာလုပ်၊ ပိုက်ဆံများများရတဲ့အလုပ်တွေကိုလုပ်၊ ဒီအဓိပ္ပာယ်မရှိတဲ့အရာတွေကိုမလုပ်နဲ့၊ ဒါတွေလုပ်လို့မင်းပိုက်ဆံရမှာမဟုတ်ဘူး၊ ဂုဏ်မရှိဘူး၊ လူတိုင်းကဒီလိုပဲလုပ်ကြတာ၊ ဒါတွေလုပ်ရင်မင်းရုန်းကန်ရလိမ့်မယ်၊ ခက်ခဲလိမ့်မယ်၊ အဲ့တော့ဒါတွေမလုပ်နဲ့၊ အန္တရာယ်ကင်းတဲ့ ဒီ career ကိုပဲရွေး “Safe” ဖြစ်တယ်၊ အချိန်တန် အိမ်ထောင်ပြု သားသမီးမွေး ဒီဘာသာကိုယုံကြည် ဒါတွေကိုဖတ်အားထုတ်၊ ပြီးရင်ငါ့လိုပဲသေ။ အဲ့တော့ ကိုယ်ကိုယ်တိုင်လဲ အရင်ဘဝ(previous lives) တွေလိုမျိုးပဲ ဘဝရဲ့အဓိပ္ပာယ်ကိုမတွေ့ဘူး၊ လောကရဲ့အမှန်တရားကိုလဲမတွေ့ဘူး။ ကိုယ့်နောက် generation ကျတော့လဲကိုယ့်လိုမျိုးလမ်းကြောင်းလိုက်ပြီး ကိုယ့်လိုသေသွားဖို့ပဲပြောလိမ့်မယ်။ ကိုယ့် သားသမီးကအသက်ကြီးလာတော့လဲကိုယ့်အတိုင်းပဲသူ့သားသမီးကိုဒီအတိုင်းပဲလိုက်ဖို့သွန်သင်လိမ့်မယ်။ အဲ့တော့ generation ဆက်တိုက်ဒီ cycle ထဲကမထွက်နိုင်တော့ဘူး။ လူငယ် B ကတော့ သူ့မှာ Vision ရှိတယ်။ သူ့ဖန်တီးချင်တဲ့အရာတစ်ခုအတွက်ကြိုစားရုန်းကန်မယ်။ အချိန်တစ်ခုကြာရင် သူဖန်တီးချင်တဲ့အရာဟာတစ်ကယ်ဖြစ်လာလိမ့်မယ်။ သူ “Life” ကိုရောက်လာတာဘာလုပ်ဖို့လဲဆိုတာသူမြင်လာတယ်။အသက်တွေကြီးလာတာနဲ့အမျှသူ့ဘဝရဲ့အဓိပ္ပာယ်ကိုတွေ့လာပြီးနောက်ဆုံးသူသေသွားမယ်။သူ့သားသမီးသူ့နောက် generation ကိုလဲသူလိုမျိုး vision ရှိပြီးရှင်သန်ဖို့လက်ဆင့်ကမ်းသွားလိမ့်မယ်။ လူငယ် B လို vision ရှိတဲ့သူဟာ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း ဘယ်နှစ်လှမ်းကို အခုလက်ရှိအခြေအနေတွေပြေလည်အောင်ဆောင်ရွက်ဖို့အတွက် ကျန်တဲ့ခြေလှမ်းကိုတော့ အနာဂတ်မှာသူဖန်တီးချင်တဲ့အရာတွေအတွက်ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ဆယ်လှမ်းစလုံးကိုလက်ရှိအခြေအနေတွေမှာအဆင်ပြေအောင်ပဲလိုက်လုပ်နေရင် သူမြင်ထားတဲ့ vision အတိုင်းဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒီတော့ အနာဂတ်အတွက်လဲတစ်ချိန်ထဲမှာပြင်ဆင်ရတယ်။ ပြင်ဆင်တယ်ဆိုတာဟာ သူ့ vision အတိုင်းဖြစ်လာဖို့လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာတွေကိုလေ့လာသင်ယူခြင်းကိုဆိုလိုခြင်းဖြစ်တယ်။ ဒါပေမယ့် အဲ့လိုလေ့လာသင်ယူတဲ့အရာတွေဟာ လက်တလောမှာတော့အဆင်ပြေချင်မှပြေလိမ့်မယ်။ ဘယ်အချိန်မှ အဆင်ပြေမလဲဆိုတာလဲမသိနိုင်ဘူး။ ဘယ်နေရာရောက်မှ ဒီအရာတွေကို အကျိုးရှိလာမယ်၊ ကိုယ့်အတွက်အသုံးတဲ့လာမယ်ဆိုတာ ကြိုမသိနိုင်ဘူး။ ကြိုလဲမမြင်နိုင်ဘူး။ ဒါကြောင့်လဲ Steve Jobs ကိုယ်တိုင်က “You can only connect the dots looking backwards.” လို့ပြောသွားခဲ့တာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကာတွန်းစာစောင်တွေမှာ “အစက်ကလေး(dots)” လေးတွေကို ခဲတံနဲ့တစ်စက်ပြီးတစ်စက်လိုက်ဆက်ပြီး တော်တော်များများဆက်ပြီးသွားတဲ့အခါကျမှ ကျွန်တော်တို့ဆွဲနေတဲ့ပုံဟာ ဘာအကောင်လေးရဲ့ပုံဆိုတာ ရုပ်လုံးပေါ်လာတော့တာပဲ။ မဆက်ခင်မှာတော့ ဘာပုံဖြစ်မလဲဆိုတာကြိုမမြင်နိုင်ဘူးလေ။ ဆက်ပြီးသွားတဲ့အခါကျမှပြန်ကြည့်တော့ “ဪ ဒါကသမင်ပုံလေးပဲ” ဆိုတာမျိုးပေါ့။ “Conneting the dots” ဆိုတဲ့သဘောတရားဟာဒီသဘောတရားပါပဲ။
အဲ့ဒီတော့ လူငယ် B လိုမျိုးကိုယ့်မှာ vision ရှိတယ်ဆိုရင် ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း လက်ရှိအခြေအနေတွေပြေလည်နေအောင်လုပ်ဆောင်နေရုံလေးပဲမဟုတ်ပဲ အနာဂတ်မှာကိုယ်ဖန်တီးချင်တဲ့ အရာတစ်ခုခုအတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အဲ့လိုပြင်ဆင်တဲ့ အရာတွေဟာ တချိန်ချိန်မှာ အသုံးဝင်လာလိမ့်ဆိုတာကို ယုံကြည်နေဖို့လိုတယ်။
Faith
ကျွန်တော်စာကို ဒီမှာဆက်မဖတ်ပဲ တစ်နေရာကိုသွားပြီးခဏလောက် ကိုယ့်ကိုယ်ကို ဒီမေခွန်းမေးကြည့်ပါ “ယုံကြည်မှု” ဆိုတာဘာလဲလို့။ကျွန်တော့်အတွက်တော့ “ယုံကြည်မှု(Faith)” ဆိုတာ ကိုယ်ဖြစ်တဲ့အရာတွေဖြစ်နေတဲ့အချိန်၊ အခြေအနေတွေကကိုယ့်ကိုမျက်နှာသာပေးနေတဲ့အချိန်၊ ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်နေတဲ့အချိန်၊ ကိုယ့်အနားမှာ ချစ်တဲ့သူတွေ၊ ခင်တဲ့သူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ ဖေးမကူညီအားပေးနေတဲ့အချိန်မျိုးမှာ လက်သီးလက်မောင်းတန်းပြီး အားအင်အပြည့်နဲ့ “ငါယုံကြည်တယ်ကွ” လို့အော်နေတဲ့ဟာ ယုံကြည်မှုလို့မသတ်မှတ်နိုင်ဘူး။ အခြေအနေတွေကကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတဲ့အချိန်၊ ကိုယ့်ကိုမျက်နှာသာမပေးတဲ့အချိန်၊ အခက်အခဲအကြပ်အတည်းတွေနဲ့ကြုံတဲ့အချိန်၊ ကိုယ့်အနားမှာအားပေးကူညီမယ့် ချစ်တဲ့သူတွေ၊ ခင်တဲ့သူတွေတစ်ယောက်မှမရှိတဲ့အချိန်၊ အားမပေးရုံတင်မကာ ကိုယ့်လုပ်တဲ့အရာတွေကို ဆွေမျိုးသားချင်းကိုယ်တိုင်က ကဲ့ရဲ့မယ်၊ သူငယ်ချင်းတွေကိုယ်တိုင်က လှောင်မယ်၊ ကိုယ့်ချစ်သူကိုယ်တိုင်က ဝေဖန်မယ်၊ အဓိပ္ပာယ်မရှိတဲ့အရာတွေ၊ ဂုဏ်မရှိတဲ့အရာတွေ၊ ပိုက်ဆံမချမ်းသာမယ့်အရာတွေ အစရှိသည်ဖြင့် ဝေဖန်ပြီးကိုယ့်အနားကထွက်သွားတဲ့အချိန်၊ ကိုယ့်ကိုအားပေးမယ်လူကိုယ်ကလွဲပြီးဘယ်သူမှမရှိတဲ့အချိန်၊ အရာအားလုံးကိုဆုံးရှုံးလိုက်ရပြီး emotionally အရ လုံးဝ break down ဖြစ်နေတဲ့အချိန်၊ ဘယ်သွားရမလဲ ဘာလုပ်ရမလဲဇဝေဇဝါဖြစ်နေတဲ့အချိန်၊ ကိုယ့်ကိုယ်ကိုတောင် သံသယပြန်ဝင်မိတဲ့အချိန်ထိ အဲ့ဒီအရာကို မစွန့်လွှတ်ပဲ ရှေ့ဆက်နေတာမှ ယုံကြည်မှုလို့ ကျွန်တော်သတ်မှတ်တယ်။ မာတင်လူသာကင်း(Martin Luther King) ကပြောဖူးတယ်။
ယုံကြည်မှု ဆိုတာလှေကားတစ်ခုလုံးမမြင်ရတာတောင်မှ ပထမဆုံးအထစ်ကိုလှမ်းတက်လိုက်တာပဲFaith is taking the first step even when you don’t see the whole stairs.
ဘာဖြစ်မလဲဆိုတာကြိုမသိဘူး။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုဖြစ်မလဲဆိုတာလဲကြိုမသိဘူး။ ဒါပေမယ့် တချိန်ချိန်တော့ ဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ပြီး တစ်လှမ်းပြီးတစ်လှမ်းရှေ့ဆက်နေတာက ယုံကြည်မှုပါ။မီးသီးလေးမှာ မီးကောင်းကောင်းလင်းလာဖို့ ဘယ် Material နဲ့စမ်းရင်အဆင်ပြေမယ်ဆိုတာ အယ်ဒီဆင်(Edison) မသိဘူး။ ဘယ်သူကမှလဲ အယ်ဒီဆင်ကို “မင်းစာအုပ်ဖတ်ပြီး ဒီနည်းသုံးလိုက်အဆင်ပြေမယ်။ ဒီ Material သုံးလိုက်အဆင်ပြေမယ်” လို့လာမပြောဘူး။ ဘယ်ဘုရား၊ ဘယ် God ကလဲ “မင်းဒါတွေကိုယုံကြည်ပြီးဆုတောင်းနေရင်ဖြစ်လိမ့်မယ်” လို့လာမပြောဘူး။ ဒါပေမယ့် အယ်ဒီဆင်ဟာ ယုံကြည်မှု ရှိတယ်။ တစ်ကမ္ဘာလုံးမှာရှိသမျှ material တွေကုန်ရင်ကုန်သွားပါစေ။မရမချင်းတစ်ခုပြီးတစ်ခုစမ်းမယ်။ အဆင်ပြေတဲ့ material တစ်ခုခုရှိလာလိမ့်မယ်ဆိုတာ သူယုံကြည်တယ်။ အဲ့ဒါကြောင့်လဲ စမ်းသပ်ချက်ပေါင်းထောင်နဲ့ချီပြီးစမ်းသပ်ပြီးနောက်ဆုံးတစ်ခုမှာ အောင်မြင်သွားတယ်။ယုံကြည်မှု ရှိနေသရွေ့ အခြေအနေတွေကဘယ်လောက်ဆိုးဝါးနေပါစေ၊ 99.99% လောက်က negative တွေဖြစ်နေပါစေ ယုံကြည်မှုရှိတဲ့သူဟာ 0.01% positive ကိုရှာတယ်။ 99.99% ကမဖြစ်နိုင်ချေတွေဖြစ်နေပါစေ ဖြစ်နိုင်ချေရှိတဲ့ 0.01%ကိုသူရှာတယ်။ ဘာလို့လဲဆိုတော့ ယုံကြည်မှုရှိနေလို့။ ယုံကြည်မှုဆိုတာတစ်ကယ်တော့ စိတ်မှာဖြစ်နေတဲ့အရာပါပဲ။ အဲဒီတော့ Psychologically အရ ယုံကြည်မှုမရှိတော့ဘူးဆိုတာနဲ့ အဲဒီလူဟာ အပျက်သဘော(negative) တွေကိုပဲစိတ်ကတွေးမှာပဲ။ အပြုသဘော(positive) ကိုတွေးမှာမဟုတ်ဘူး။ အခြေအနေတွေအပေါ်အပြစ်တင်လိမ့်မယ်။ “ဘယ်လိုတွေကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါဒီလိုဖြစ်ရတာ” ဆိုပြီး blame လုပ်နေရုံပဲ။ ယုံကြည်မှုရှိတဲ့သူကတော့ ပြဿနာ(problem) တွေကြုံရင် အဖြေ(solution) ကိုရှာတယ်။ ပြဿနာတွေကိုထိုင်ညီးမနေဘူး။ အဖြေကိုရှာတဲ့သူတစ်ချိန်မဟုတ်တစ်ချိန်အဖြေ တွေ့မှာပဲလေ။ရှင်းတယ်။Vision ရှိတဲ့လူတစ်ယောက်အတွက် ယုံကြည်မှုရှိဖို့ကအင်မတန်အရေးကြီးတယ်။ အနာဂတ်အတွက်ရည်ရွယ်ပြီးလုပ်တဲ့အရာတွေရဲ့ အသီးအပွင့်၊ အကျိုးရလဒ်ကို တချိန်ချိန်မှာပြန်ခံစားရလိမ့်မယ်လို့ ယုံကြည်ရမယ်။ ဘယ်အချိန်ဖြစ်မလဲဆိုတာကြိုမသိဘူး။ ဘယ်လောက်အချိန်ကြာမှဖြစ်မလဲဆိုတာ ကိုယ့်မသိဘူး။ ဒါပေမယ့် တချိန်ချိန်ကြရင်တော့ ဖြစ်လာလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဖို့လိုတယ်။ သေချာရေရာနေမှ ယုံကြည်နေတာမဟုတ်ဘူး။ Life မှာအားလုံးကအဆင်ပြေနေတယ်ဆိုတဲ့အချိန်မှ ယုံကြည်နေတာမဟုတ်ဘူး။ Positive တွေပဲဖြစ်နေမှယုံကြည်နေတာမဟုတ်ဘူူး။ Negative တွေဖြစ်နေတဲ့အချိန်ထိ ယုံကြည်နေတာ မှ တကယ့် ယုံကြည်မှုပါ။ကျန်တာတွေအားလုံးစွန့်လွှတ်လိုက်ရင်တောင်မှ ကိုယ့်ရဲ့ယုံကြည်မှုကို ဘယ်တော့မှ စွန့်လွှတ်လို့မဖြစ်ဘူး။ လူတစ်ချို့ဆိုရင် ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးကြတာပဲ။
ကျွန်တော့်စာကို ဒီအချိန်ထိဖတ်လာခဲ့ရင် ၃မိနစ်လောက်ခဏရပ်ပြီး ကိုယ့်ကိုယ်ကိုမေးခွန်းပြန်မေးပါ။ သင့်မှာ အဲ့လိုမျိုး “ယုံကြည်မှု(Faith)” ရှိလား။ သင့်မှာ ဖန်တီးချင်တဲ့အတွေးအခေါ် idea တစ်ခု အမြင်(Vision) ရှိတယ်။ ဒါပေမယ့် အဲ့ဒီ vision အတိုင်း သင်ဖြစ်အောင်လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိလား။ တကယ်လို့ သင်ဟာ သင့်ရဲ့ vision အတိုင်းသွားနေတဲ့ process မှာ ကျွန်တော်အပေါ်ကပြောခဲ့သလိုမျိုး negative အခြေအနေမျိုးတွေနဲ့အခုရင်ဆိုင်နေရတယ်ဆိုရင်ကော သင့်မှာ ယုံကြည်မှု ရှိပါ့မလား။ ဘာမျှော်လင့်ချက် ဘာ hope မှမရှိဘူး သင်ချစ်တဲ့သူကလဲသင့်ကိုမယုံကြည်ဘူး။ ပစ်သွားပြီ။ သင့်စိတ်ကူးထားတဲ့အရာတွေကလဲ ဘယ်အချိန်မှဖြစ်လာမလဲ၊ ဘယ်အချိန်မှအဆင်ပြေမလဲဆိုတာမသိတဲ့အချိန်ထိ သင့်ကိုယ်သင် ယုံကြည်နေဦးမှာလား။ တစ်ကယ်လို့ အဲ့အခိျန်ထိ သင်ယုံကြည်နေသေးတယ်ဆိုရင် အဲဒီအရာကတစ်ကယ်ဖြစ်မှာ။ ကျွန်တော်အခုပြောတာ အားပေးစကားမဟုတ်ဘူး။ စိတ်အားတက်ကြွအောင်ပြောတဲ့ “motivational words” လဲမဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်လိုမျိုး ပုခုံးလေးပုတ်ပြီး “သားကြီးမင်းအဆင်ပြေမှာပါကွာ” လို့အားနာပါးနာတဲ့ပြောတဲ့စကားမျိုးမဟုတ်ဘူး။ ကျွန်တော်အခုပြောတာ တစ်ကယ့် reality။ စိတ်ကူးယဉ် အိမ်မက်မဟုတ်ဘူး။ ခင်ဗျား မြင်ထားတဲ့ vision ဟာအနာဂတ်တစ်ချိန်ချိန်မှာ တကယ်ရှိတယ်။ ဖြစ်လိမ့်မယ် “will be” မဟုတ်ဘူး။ ဖြစ်ကိုဖြစ်မှာ “must be”။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားယုံကြည်နေတဲ့အတွက်ကြောင့်။ယုံကြည်နေတဲ့အတွက် ဘယ်အခြေအနေရောက်ရောက် အဖြေကိုမရရအောင် မတွေ့မချင်းရှာမှာပဲ။ ရှုံးသွားရင်လဲ အစကပြန်စလိမ့်မယ်။ မှားသွားရင်လဲ သင်ခန်းစာယူပြီးရှေ့ဆက်လိမ့်မယ်။ပြဿနာ(problem) တွေတွေ့ရင်လဲ အဖြေ(solution)ကိုရှာလိမ့်မယ်။ လဲသွားရင်လဲ ပြန်ထလိမ့်မယ်။ ဖြစ်မယ် ဆိုတာကို ယုံကြည်နေတဲ့အတွက် ရပ်တန့်မနေပဲ ရှေ့ကို “move forward” လုပ်နေလိမ့်မယ်။အဲဒီတော့ တချိန်မဟုတ်တချိန် ဖြစ်မှာပဲ။အရမ်းရှင်းတယ်။ အဲ့ဒီတော့ ကျွန်တော့်မေးခွန်းက အဲ့လို ဘယ်အချိန်မှာဘယ်လိုဖြစ်မလဲဆိုတာ မသေချာမရေရာတဲ့အချိန်ထိ ခင်ဗျားမှာ အဲ့လိုယုံကြည်မှု ရှိလားဆိုတာပါပဲ။
Survival mode and creative mode
သင်အခု အသက်ဘယ်နှစ်နှစ်ရောက်ပြီလဲ။ အခုအချိန်ထိ သင်လုပ်ခဲ့တဲ့အရာတွေ၊ သင်လုပ်နေဆဲအရာတွေကို သေချာသုံးသပ်ကြည့်ပါ။ဒီပညာကို သင်ရမယ်။ ဒါမှပိုက်ဆံရှာလို့ရမှာ။ ဒီအလုပ်ကိုလုပ်ရမယ်။ ဒါမှပိုက်ဆံရမှာ။ ပိုက်ဆံရမှနေဖို့စားဖို့အဆင်ပြေမယ်။ ငါ့အတွက်၊ ငါ့မိသားစုအတွက် လိုအပ်တာတွေကိုဝယ်နိုင်မယ်။ဖြည့်ဆည်းပေးနိုင်မယ်။ ဒီအချိန်မှာ ဒီလိုမျိုးလုပ်မှအဆင်ပြေမှာ။ ဒီအခြေအနေမျိုးမှာ သူများတွေလိုမျိုး ဒီလမ်းကြောင်းအတိုင်းလိုက်မှအဆင်ပြေမှာ။သူများတွေလိုမျိုး ဒီလမ်း၊ ဒီ career ကိုရွေးမှအဆင်ပြေမှာ။ ဒါမှဘဝမှာရှင်သန်ဖို့လွယ်လိုက်မယ်။ အဲ့လိုမျိုးဆိုရင် သင်ဟာ “survival mode” နဲ့ရှင်သန်နေတဲ့လူမျိုးပဲ။ ဘာလို့လဲဆိုတော့ သင်လုပ်နေသမျှအရာအားလုံးဟာ ဘဝမှာဒီအတိုင်းရှင်သန်နေနိုင်ရုံ “merely survive” လုပ်နေရုံလေးဘဲ။နေနိုင်အိပ်နိုင်စားနိုင်ရုံအတွက် လုံလောက်တဲ့အရာတွေရှာပြီးအသက်ရှင်သန်နေရုံလေးပဲ။ ရောက်နေတဲ့အရပ်ဒေသ၊ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း society အခြေအနေအပေါ်မူတည်ပြီး ရှင်သန်နေနိုင်အောင်လုပ်ဆောင်နေရုံလေးပဲ။ အလုပ်လုပ်တယ်။ဘာလို့အလုပ်လုပ်လဲ။ အလုပ်လုပ်မှ ပိုက်ဆံရမယ်။ ပိုက်ဆံမရရင် ထမင်းမစားနိုင်ဘူး။ အိမ်လခမပေးနိုင်ဘူး။အဝတ်အစားတွေဝယ်မဝတ်နိုင်ဘူး။ အခြေအနေအရလိုအပ်နေတဲ့ ဟိုဟာတွေဒီဟာတွေ မဖြည့်ဆည်းနိုင်ဘူး။ ရှင်သန်ဖို့ခက်ခဲမယ်။ တစ်ယောက်တည်းမနေဘူး။တစ်ယောက်ထဲရှင်သန်ဖို့ခက်ခဲတယ်။ အထီးကျန်မယ်။ အဲ့ဒါကြောင့် မှီခိုနိုင်စရာတစ်ခုရှိဖို့ လက်တွဲဖော်ရှာမယ်။ တစ်နည်းအားဖြင့် ဘဝကိုဖြတ်သန်းနေချိန် သင့်လုပ်နေတဲ့အရာအများစုဟာ “ငါအသက်ရှင်သန်နေနိုင်အောင်လုပ်ဖို့” ဆိုတဲ့အတွေးအခေါ်ပေါ်မှာပဲမူတည်ထားတယ်။ ဟုတ်မဟုတ် အခုချိန်ထိသင်ဘာတွေလုပ်နေလဲ။ ဘာကြောင့်အဲ့ဒါကိုလုပ်နေရတာလဲဆိုတာကို ၅မိနစ်လောက်အသေးစိတ်စဉ်းစားကြည့်ပါ။ သင်ဟာ အသက်ရှင်သန်နေအောင် လုပ်နေရုံလေး “Survival mode” နဲ့ရှင်သန်နေရုံလေးပဲဆိုတာမြင်လိမ့်မယ်။ ဘာတစ်စုံတစ်ခုကိုမှ ဖန်တီးဖို့မရှိပဲ အသက်ရှင်သန်အောင်နေသွားရုံလေးပဲဆိုရင် ဘဝဟာ အချည်းနှီးပဲလို့ ကျွန်တော် သုံးသပ်တယ်။ အဲ့လိုမှမဟုတ် သင့်မှာ ဖန်တီးချင်တဲ့အရာတစ်ခုခုရှိတယ်။ စိတ်ကူးတစ်ခုရှိတယ်။ အိမ်မက်တစ်ခုရှိတယ်။idea တစ်ခုရှိတယ်။ အမြင်(vision) တစ်ခုခုရှိတယ်။ အဲ့ဒီတစ်စုံတစ်ခု ဖန်တီးဖို့အတွက်ရှင်သန်နေပြီဆိုရင် သင်ဟာ “Creative mode” နဲ့ရှင်သန်နေပြီလို့သတ်မှတ်လို့ရတယ်။ “Creative mode” နဲ့ရှင်သန်နေပြီဆိုရင် သင့်ဘဝကမနေ့ကနဲ့တူတော့မှာမဟုတ်ဘူး။
သင့်မှာ ဖန်တီးချင်တဲ့အရာ တစ်ခုခုရှိလိမ့်မယ့်လို့ကျွန်တော်ယုံတယ်။ သင့်မှာ talent တစ်ခုခုပါလာတယ်လို့လဲကျွန်တော်ယုံတယ်။ ခြေထောက်နှစ်ချောင်း လက်နှစ်ချောင်း မပါတဲ့လူ တောင် ဒီလိုလုပ်နိုင်တယ်ဆိုရင် သင်လဲဒီလိုမျိုးတွေလုပ်နိုင်တယ်။ ငယ်ငယ်လေးတည်းကမျက်စိကန်းသွားတဲ့လူ တောင် Grammy ဆု ၂၅ခုရနိုင်တယ်ဆိုရင် သင်လဲအဲ့ဒီလိုမျိုးတွေလုပ်နိုင်တာပဲ။ ၁၉လသားလေးကတည်း နားလဲမကြားမျက်စိလဲမမြင်တဲ့အမျိုးသမီး တောင် တစ်သက်လုံးအိမ်ထောင်လဲမပြုပဲ နောက် generation ပေါင်းများစွာကို inspire လုပ်သွားနိုင်တယ်ဆိုရင် သင်လဲအဲ့လိုမျိုးတွေလုပ်နိုင်တာပဲ။ ဒီနေရာမှာ ကျွန်တော်မေးချင်တဲ့မေးခွန်းက သင့်ခေါင်းထဲမှာရှိတဲ့ အဲ့ဒီ စိတ်ကူးတွေ၊ Idea တွေ၊ အမြင်တွေကို ဘယ်အချိန်မှာလုပ်မှလဲလို့။ ဘာလဲ.. နောက်ဘဝရောက်မှလုပ်မှာလား။ “ နောက် ဘဝရောက်မှ အဲ့ဒီအရာတွေဖြစ်အောင်ငါလုပ်မယ်” လို့စဉ်းစားထားတာလား။ “ နောက်ဘဝကျ ငါကအခုလိုပုံစံမျိုးနဲ့ပြန်မွေးဖွား၊ အခုလိုအတွေးအခေါ်တွေရပြီး အဲ့ကျမှငါဖြစ်အောင်လုပ်တော့မယ်။ ဒီဘဝတော့ အသက်ရှင်သန်အောင် “survive” လုပ်နိုင်အောင်နေနေရုံလေးပဲ၊ ကိုယ်ရှေ့ဘဝ(previous lives) တွေမှာ ရှင်သန်ခဲ့သလိုမျိုး အသက်ရှင်သွားပြီးအေးအေးဆေးဆေးသေသွားရင်တော်ပြီ။ ဒီပညာသင် ဒီအလုပ်တွေလုပ် ပိုက်ဆံရှာ သူဌေးဖြစ်အောင်လုပ် အိမ်ထောင်ပြု သားသမီးတွေမွေး သေခါနီးကိုယ်လွှတ်မြောက်ဖို့၊ ကိုယ်လွှတ်ရုန်းဖို့ ဆုတောင်းပြီးသေမယ်” ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်လဲမတွေ့သွားဘူး။ လောကရဲ့အမှန်တရားလဲမြင်မသွားဘူး။ ဒီသံသရာ cycle ထဲမှာပဲ ထပ်ဖန်တလဲလဲလည်နေတယ်။ အရမ်းဝမ်းနည်းစရာကောင်းတာက ကိုယ်ကိုယ်တိုင်အဲ့လို့ survive လုပ်နေရုံလေးနဲ့ရှင်သန်သွားသလိုမျိုး ကိုယ့်သားသမီး၊ ကိုယ့်နောက် generation ကျတော့လဲ အဲ့လိုရှင်သန်ဖို့ပဲ သွန်သင်ဆုံးမလိမ့်မယ်။ ကိုယ့်သားသမီးက ကြီးလာပြန်တော့လဲ သူ့ကသူ့သားသမီးကို ကိုယ့်လိုမျိုး ရှင်သန်သွားဖို့ပဲလမ်းပြလိမ့်မယ်။ အဲ့တော့ ဆွေစဉ်မျိုးဆက် generation to generation က “Copycat” တွေချည်းပဲ။ ဒီ cycle ထဲကရုန်းမထွက်နိုင်ဘူး။ သေချာစဉ်းစစ်ကြည့်ပါ။ အခုသင်ရဲ့အဖေနဲ့အမေကိုယ်တိုင်က သင်ကိုဘာတွေပြောခဲ့သလဲ၊ ဘာတွေပြောနေသလဲလို့။ သင့်ကို ဘဝမှာ အသက်ရှင်နိုင်အောင်၊ “survival mode” နဲ့နေနိုင်အောင်၊ ဒီအချိန်မှာဒီဟာလုပ် ဟိုဟာလုပ် ဒီလိုနေ ဟိုလိုနေလို့ပြောပြနေရုံလေးပဲဆိုတာသွားတွေ့လိမ့်မယ်။ သင့်မှာရှိတဲ့ စိတ်ကူးစိတ်သန်းတွေ၊ idea တွေ၊ အမြင်(vision) တွေကိုဖြစ်လာအောင် ဖန်တီးယူဖို့ ပြောပြနိုင်စွမ်းအင်မတန်နည်းတယ်ဆိုတာသွားမြင်လိမ့်မယ်။
တစ်စုံတစ်ခုကို ဖန်တီးဖို့ “Creative mode” နဲ့ရှင်သန်သွားတဲ့သူရဲ့ဘဝဟာတခြားသူတွေနဲ့ကွဲပြားခြားနားသွားလိမ့်မယ်။ သင့်ပတ်ဝန်းကျင်မှာ အဲ့လို့ တစ်စုံတစ်ခုကို ဖန်တီးပြီးနေထိုင်သွားတဲ့လူတွေကို တချက်လောက်ကြည့်ကြည့်ပါ။ သူတို့ဟာသူ့တို့ဒီဘဝကိုရောက်ရှိလာတဲ့ရည်ရွယ်ချက်၊ သူတို့ဘဝရဲ့အဓိပ္ပာယ်ကိုတွေ့သွားတယ်။ နောက်ဆုံးမှာ လောကရဲ့အမှန်တရားတခုခုကိုသူတို့နားလည်သွားကြတယ်။ သူတို့ဖန်တီးသွားတဲ့အရာတွေ၊ သူတို့မြင်သွားတဲ့အမှန်တရားတွေဟာ ဒီအတိုင်းပျောက်မသွားဘူး။ မြန်မာ အယူအဆအရ “ပါရမီ” ပါလာတယ်လို့ပဲပြောရမလား။ သူတို့သေသွားပေမယ့် သူတို့ဖန်တီးခဲ့တဲ့အရာတွေ သူတို့တွေ့ရှိခဲ့တဲ့အမှန်တရားတွေရဲ့ အကျိုး(Effect) က “Karma” သဘောတရားအရ နောက်ဘဝတွေရောက်ရင်လဲ ဒီလိုမျိုးတီထွင်ဖန်တီးဖို့အတွက် မွေးဖွားလာမှာပဲ။ ဘဝရဲ့အဓိပ္ပာယ်ကိုရှာမှာပဲ။ လောကရဲ့အမှန်တရားကိုရှာမှာပဲ။ အခုဒီဘဝတောင် ဒီလိုအတွေးအခေါ်တွေနဲ့ ဒီလိုလုပ်လို့ရတယ်ဆိုတဲ့အသိရှိတာ အရင်ဘဝကလုပ်ခဲ့တဲ့ အကြောင်းတရား(Cause) တွေကြောင့်ပါ။ အဲ့ဒီတော့ သင်က ဒီဘဝမှာ အရင်ကဘဝတွေ(previous lives) တွေလိုမျိုး “survival mode” နဲ့ရှင်သန်နေရုံလေးပဲဆိုရင် နောက်ဘဝတွေကျရင်လဲ ဒီဘဝလိုမျိုး သေခါနီးကျမှ ငါ့ဘဝကြီးက ဘာမှလဲမဟုတ်ပါလားဆိုတာနဲ့ပဲသေသွားရလိမ့်မယ်။အဲ့ဒါကြောင့်ကျွန်တော်က သင့်မှာရှိတဲ့ အဲ့ဒီအမြင်(vision) အတိုင်း သင့်ရဲ့စိတ်ကူး idea တစ်စုံတစ်ခုကို ဖန်တီးစေချင်တာ။ သင့်မှာဖန်တီးချင်တဲ့ စာပေ၊အနုပညာ၊ဂီတ၊ပန်းချီ၊ပန်းပု အစရှိသည်ဖြင့် ဝါသနာပါရာတစ်ခုခု၊ သင်လုပ်ချင်တဲ့အလုပ်တစ်ခုခုတော့ရှိလိမ့်မယ်။ အဲ့အလုပ်က ကြီးတယ်တို့ငယ်တယ်တို့ ခမ်းနားတယ်မခမ်းနားဘူးတို့ ခေါင်းစဉ်တပ်စရာမလိုဘူး။ ကိုယ့်ကိုစိတ်ကျေနပ်မှု ပျော်ရွှင်မှုပေးရင်ပြီးပြီလေ။ အဓိကကအဲ့ဒါပဲမဟုတ်ဘူးလား။ ပိုက်ဆံတွေတစ်လ ဆယ်သိန်းလောက်ရနေလဲ “survival mode” နဲ့ရှင်သန်နေရုံပဲဆိုရင် သင့်ဘဝကြီးက အချည်းနှီးပဲဆိုတာ သင့်စိတ်ထဲမှာ သိတယ်။ အပေါ်ယံ 99.99%က “ငါ့ဘဝကြီးကအရမ်းကိုပြည့်စုံတာပဲ” လို့အော်နေပေမယ့် စိတ်ရဲ့ အတွင်းထဲက 0.01%လောက်က “ငါ့အသက်ရှင်နေရတာ အဓိပ္ပာယ်မဲ့နေသလိုပဲ” လို့တီးတိုးပြောနေလိမ့်မယ်။ဘာလို့လဲဆ်ုတော့ သင့်က survive လုပ်နေရုံလေးနဲ့ရှင်သန်နေတာကို။ သင်ဖြစ်ချင်တဲ့အရာကို ဘာမှမဖန်တီးပဲ၊ တစ်ခါတောင်မလုပ်ကြည့်ပဲ စိတ်ကူးပဲယဉ်နေတာကို။ အဲ့ဒီတော့ ဒီစာကိုအခုထိ သင်ဖတ်နေတယ်ဆိုရင် သင်ဖန်တီးချင်တဲ့အရာကို လုပ်ဖို့သင့်မှာတာဝန်ရှိတယ်။ “Responsible” ဖြစ်တယ်ဆိုတာကိုကျွန်တော်ကိုပြောချင်တာ။ “ နောက်ဘဝမှ ငါလုပ်တော့မယ်ကွာ” လို့စဉ်းစားမနေနဲ့။ အနောက်နိုင်ငံတွေမှာ လူသိများတဲ့စကားလေးတစ်လုံးရှိတယ်။ “YOLO” တဲ့။
You Only Live Once.
တစ်ခါပဲအသက်ရှင်မှာ။ နောက်ဘဝကမသေချာဘူး။ နောက်ဘဝမှာ ဒီလိုအတွေးအခေါ်မျိုး၊ ဒီလိုအခြေအနေ ဒီလိုမိသားစု၊ ဒီလိုအသိုင်းအဝိုင်း၊ ဒီလိုလူပုဂ္ဂိုလ်၊ ဒီလိုအဖြစ်အပျက်တွေနဲ့ ထပ်ဆုံဆည်းရလိမ့်မယ်ဆိုတာမသေချာဘူး။ သေချာတာက အခုသင်အသက်ရှင်နေတဲ့ ဒီဘဝ။ အဲ့တော့ ဒီဘဝမှာသင်လုပ်ချင်လုပ် မလုပ်ရင် သေခါနီးဆေးရုံခါးတင်ပေါ်ရောက်နေတဲ့အခါကျမှ “ဟာ..ငါဒါတွေလုပ်မသွားရဘူး” ဆိုပြီးနောင်တရနေလိမ့်မယ်။
အဲဒီတော့ ကျွန်တော်အခုပြောနေတာ ကသင့်ဘဝကိုတစ်စုံတစ်ခုကိုဖန်တီးဖို့ “Creative mode” နဲ့ရှင်သန်ဖို့ပြောနေတာပါ။ဒါပေမယ့် ဒီနေရာမှာအရေးကြီးတဲ့အရာတစ်ခုကိုရှင်းပြဖို့လိုတယ်။ “Creative mode” နဲ့ရှင်သန်ရမယ်လို့ပြောတဲ့အခါမှာ တခြားသူတွေလိုမျိုး၊ အခုခေတ် Social influencer တွေ Social media တွေပေါ်မှာပြောနေသလိုမျိုး “မင်းဒီအလုပ်တွေကို စွန့်လွှတ်လိုက်ပါ။ ဒီအလုပ်တွေလုပ်ပြီးမင်းဘဝကိုအချိန်ဖြုန်းမနေနဲ့။ မင်းဝါသနာပါရာကိုလုပ်ပါ။ Follow your passion တို့ Follow your heart တို့လိုမျိုးဆိုလိုချင်တာမဟုတ်ပါဘူး။ ဒီနေရာမှ “ ခြေလှမ်း ဆယ်လှမ်း” လှမ်းတဲ့နိယာမ ကိုပြန်ယူသုံးရပါလိမ့်မယ်။
ဘဝအတွက် ခြေလှမ်းဆယ်လှမ်းလှမ်းတဲ့အခါတိုင်း ဆယ်လှမ်းစလုံးကို “Creative mode” ကြီးနဲ့ပဲရှင်သန်နေလို့မရသလို့ “Survival mode” ကြီးနဲ့ပဲရှင်သန်နေလို့လဲမရပါဘူး။ အသက်ရှင်နိုင်အောင်လုပ်နိုင်ဖို့ အရေးကြီးသလို့ ကိုယ့်ဖန်တီးချင်တဲ့အရာတစ်ခုကို လုပ်ဆောင်ဖို့လဲအရေးကြီးတယ်။ အဲ့တော့ “Survival mode နဲ့ Creative mode” ကိုလိုအပ်သလို အခြေအနေတွေပေါ်မူတည်ပြီးထိန်းညှိ ရပါလိမ့်မယ်။ အလွယ်တစ်ကူအပြောင်းအလဲအတိုးအလျော့ဖြစ်အောင်လုပ်ရပါလိမ့်မယ်။ ခြေလှမ်းဆယ်လှမ်းမှာ ဘယ်နှစ်လှမ်းကိုတော့ အသက်ရှင်သန်ဖို့အတွက် Survival mode နဲ့လှမ်းပြီး ဘယ်နှစ်လှမ်းကိုတော့ ဖန်တီးဖို့အတွက် Creative mode နဲ့လှမ်းရပါမယ်။ ဥပမာ ဒီအခြေအနေက ရှင်သန်ဖို့အတွက်အရေးကြီးတယ်ဆိုရင် ဆယ်လှမ်းမှာ ခုနှစ်လှမ်းလောက်ကို survival mode နဲ့လှမ်းပြီး ကျန်တဲ့ သုံးလှမ်းကို Creative mode နဲ့လှမ်းမယ်။ ဒီအခြေအနေက ဖန်တီးမှုကို ဦးစားပေးသင့်တဲ့အချိန်ဆိုရင် ဆယ်လှမ်းမှာ ခုနှစ်လှမ်းလောက်ကို Creative mode နဲ့လှမ်းပြီး သုံးလှမ်းကို အသက်ရှင်သန်နေရုံ အိပ်နိုင်စားနိုင်နေနိုင်ရုံအတွက် Survival mode နဲ့လှမ်းမယ်။ Steve Jobs တောင်မှ အအေးဗူးခွန်တွေကိုကောက်ပြီး ပိုက်ဆံနဲ့ပြန်လဲပြီးထမင်းဝယ်စားတယ်။ အလကားစားရတဲ့ ထမင်းတစ်နှပ်ရဖို့အတွက် ဟိန္ဒူဘုရားကျောင်းတစ်ခုဆီကို တနင်္ဂနွေနေ့တိုင်း ၇မိုင်လောက် လမ်းလျှောက်တယ်။ အိပ်ဖို့အဆောင်မရတဲ့အတွက် သူငယ်ချင်းတွေရဲ့အဆောင်မှာ ခိုကပ်ပြီးအိပ်ခဲ့ရတယ်။ အဲ့အချိန်မှာ သူ့အတွက် Creative mode နဲ့ရှင်သန်ဖို့ပိုအရေးကြီးတယ်။ ကျန်တာ survival mode ရှင်သန်နေရုံပဲ။ အိပ်ဖို့နေရာရှိတယ်။ စားဖို့အစားအစာတစ်ခုရှိတယ်။ပြီးပြီ။လုံလောက်တယ်။ အဲ့ဒီတော့ ကျွန်တော့်ရဲ့ Philosophy ကလဲ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း Creative mode ကော Survival mode ကောလိုသလိုထိန်းညှိပြီးလှမ်းရမယ်လို့ဆိုလိုချင်ပါတယ်။ တပါးသူတွေလို့ “မင်းဒီအလုပ်တွေကို စွန့်လွှတ်ပြီး ဒါတွေကို follow လုပ်ပါ” လို့မပြောချင်ဘူး။ ကိုယ်အသက်ရှင်ဖို့အတွက် လိုအပ်ရင်ဒီအလုပ်ကိုလဲလုပ်သင့်ရင်လုပ်ရမယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ ကိုယ့်ဖန်တီးချင်တဲ့ အရာတစ်ခုခုအတွက်လိုအပ်တဲ့ အသိပညာ အတတ်ပညာတွေကိုလေ့လာသင်ယူရမယ်။ကြိုးစားရမယ်။ အဲ့တော့ မပင်ပန်းဘူးလားလို့မေးရင် “Yes” ပင်ပန်းတာပေါ့။ လွယ်လွယ်နဲ့တော့ဘယ်ဖြစ်မလဲ။ ခက်ခဲလိမ့်မယ်။ Tom Hanks ပြောသလို
“မခက်ဘူးဆို လူတိုင်းလုပ်နေမှာပေါ့။ ခက်ခဲမှုကသာ အဲဒီအရာကို ကြီးကျယ်ခမ်းနားစေတာ”“If it wasn’t hard, everybody would do it. It’s the hard that makes it great.”
ဒါပေမယ့် လူတစ်ချို့မှာရှိတဲ့ပြဿနာက ကျန်တဲ့အချိန်တွေမှာ “ငါ ဒီအလုပ်ကြီးကို မကြိုက်ဘူး ပါဘူးနဲ့ ငါကဒါလေးတွေလုပ်ချင်တာ၊ ဟိုဟာလေးတွေလုပ်ချင်တာ” လိုညီးတွားပြီး အားလပ်ချိန်တွေကြတော့ မိုးလင်းရင် ၉နာရီလောက်ထိ အိပ်ရာထဲက ဖင်ကမကြွသေးဘူး။ အပျင်းထူနေမယ်။ ပင်ပန်းတယ်ဆိုပြီး ဆင်ခြေပေးမယ်။ အခုခေတ် social media တွေပေါ်မှာပဲ အချိန်ဖြုန်းနေမယ်။ Confort Zone ထဲကမထွက်ဘူး။နောက် ပြဿနာတစ်ခုကလဲ လူတစ်ချို့က သူတို့ဖြစ်ချင်တာကို ချက်ချင်း လိုချင်တယ်။ “မင်းဖြစ်ချင်တာဖြစ်ဖို့ ၁၀နှစ်လောက်ကြိုးစားရုန်းကန်ရမယ်” လို့ပြောကြည့်ပါလား။ အဲ့လူတွေက “ဆယ်နှစ်တောင် နေပါစေ” ဆိုပြီး နဂို survival mode နဲ့ရှင်သန်ပြီး စိတ်ကူးလေးပဲယဉ်ပြီး သေသွားလိမ့်မယ်။
ကိုယ်ဖန်တီးချင်တာတွေအတွက် ဘာတွေလိုအပ်သလဲ ဘယ်အတတ်ပညာအသိပညာတွေ လေလာဆည်းပူးရမလဲဆိုတာစဉ်းစားရမှာပါ။ တဖက်က ရှင်သန်ဖို့ survive လုပ်ဖို့အတွက်ရုန်းကန်ရသလို့ တဖက်က ကိုယ်ဖန်တီးချင်တဲ့ အရာအတွက် လိုအပ်တာတွေကိုလေ့လာသင်ယူရပါမယ်။ ကိုယ့်မှာရှိတဲ့ အရေးကြီးဆုံးအရင်းအမြစ် Resource ဖြစ်တဲ့ အချိန်(Time) ကိုသေချာစီမံခန့်ခွဲရပါမယ်။ ဘယ်အချိန်ကိုတော့ Survival mode အတွက်အချိန်ပေးပြီးတော့ ဘယ်အချိန်ကိုတော့ Creative mode အတွက်အချိန်ပေးရပါမယ်။ ကိုယ့်မှာရှိတဲ့နောက်ထပ် Resource တစ်ခုဖြစ်တဲ့ ငွေကြေး(Money) ကိုလဲ ဘယ်လောက်ကတော့ Survival mode အတွက်သုံးပြီး ဘယ်လောက်ကတော့ Creative mode အတွက်သုံးမယ်ဆိုတာကိုလဲ စီမံခန့်ခွဲရပါမယ်။ အဲ့ဒီတော့ ဘဝအတွက် ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်းမှာ ဘယ်နှစ်လှမ်းကိုတော့ Survival mode နဲ့ လှမ်းပြီး ဘယ်နှစ်လှမ်းကိုတော့ Creative mode နဲ့လိုက်လျောညီထွေလှမ်းမှသာ ကိုယ်ဖန်တီးချင်တဲ့အရာဟာ တချိန်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ခံယူထားတယ်။
ဒီတော့ ပြန်ပြောရရင် ဘဝမှာ ကိုယ်တစ်စုံတရာကိုလုပ်သွားချင်တဲ့ အမြင်(vision) တစ်ခုရှိတဲ့သူဟာ အမြဲတမ်းလက်ရှိအခြေအနေတွေမှာ အဆင်ပြေနေနိုင်အောင် နေနိုင်စားနိုင်အိပ်နိုင်သုံးနိုင်စွဲနိုင်ရုံ survive လုပ်နေရုံမဟုတ်ပဲ အနာဂတ်မှာကိုယ်ဖန်တီးချင်တဲ့ idea တစ်ခုအတွက် လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ရပါမယ်။ အဲ့လိုအနာဂတ်အတွက်ရည်ရွယ်ပြီး ကြိုတင်ပြင်ဆင်တဲ့အခါမှာလဲ “connecting the dots” အပိုင်းမှာ ကျွန်တော်ရှင်းပြခဲ့သလို အဲ့ဒီအလုပ်တွေဟာ လက်ရှိမှာအကျိုးပေးချင်မှပေးမယ်။ ဘယ်အချိန်မှအကျိုးပေးမလဲဆိုတာလဲကြိုမသိဘူး။ ဘယ်အချိန်ရောက်မှပြန် အသုံးတည့်လာမယ်ဆိုတာလဲမသိဘူး။ တချိန်ချိန်ရောက်မှ နောက်ပြန်ကြည့်ပြီး အဲ့အချိန်ကကိုယ်အပင်ပန်းခံခဲ့တာတွေ ကိုယ်ကြိုးစားခဲ့တာတွေ ကိုယ်အခက်ခဲတွေကြားထဲက တစ်ယောက်တည်းရုန်းကန်ခဲ့ရတာတွေဟာ အလကားမဟုတ်ပါလားဆိုတာမြင်လာလိမ့်မယ်။ အဲဒီအချိန်ရောက်တဲ့အထိ ကိုယ့်ကိုယ်ကို ယုံကြည်မှု(Faith) ရှိနေဖို့အရေးကြီးဆုံးပဲ။ Faith ကိုမစွန့်လွှတ်သရွေ့ ကြုံလာတဲ့ပြဿနာတွေရဲ့ အဖြေကိုမရရအောင်ရှာမှာပဲ။ ရှာနေတဲ့သူဟာ တချိန်မဟုတ်တချိန် သူရှာနေတာကိုတွေ့မှာပဲ။ ရှင်းတယ်။ကွန်တော် အခုချိန်ထိပြောနေတာဟာ လူတစ်ယောက် ဘဝမှာ Vision ရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို Micro level perspective ကနေပဲပြောတာပါ။ Macro level perspective ကကြည့်မယ်ဆိုရင် Vision ရှိမှုဟာ အဖွဲအစည်း society၊ community၊ company တွေအတွက်ဘယ်လောက်တောင်အရေးကြီးလဲဆိုတာကို ကျွန်တော်ဆက်စမ်းစစ်ကြည့်မယ်။
Good leader vs Best leader
ဒေါ်အောင်ဆန်းစုကြည်ဟာ “ ခေါင်းဆောင်ကောင်း” လားလို့မေးရင် ကျွန်တော် တစ်စက္ကန့်တောင် တွေဝေနေမှာမဟုတ်ဘူး။ “Yes” လို့ဖြေမယ်။ ဒါပေမယ့် သူမဟာ “အတော်ဆုံးခေါင်းဆောင်” လားလို့မေးရင် ကျွန်တော်ချက်ချင်းဖြေလို့မရသေးဘူး။ စောသေးတယ်။
ကကျွန်တော်တို့ ပတ်ဝန်းကျင်မှာ “ ခေါင်းဆောင်ကောင်း(Good leader)” တွေအများကြီးပါပဲ။ ဟုတ်တယ် သူတို့ဟာခေါင်းဆောင်ကောင်းတွေပါ။ သူတို့ရှိနေတဲ့အတောအတွင်း အလုပ်တွေအကုန်အဆင်ပြေတယ်။ အဖွဲ့အစည်းတွေ တိုးတက်တယ်။ လုပ်ငန်းတွေအောင်မြင်တယ်။ အခက်အခဲပြဿနာတွေရှင်းခဲ့နိုင်တယ်။ သူတို့ဒီရာထူးနဲ့တာဝန်ယူနေတဲ့အတောအတွင်း၊ အုပ်ချုပ်နေတဲ့အတောအတွင်း ငြိမ်းချမ်းတယ်၊ ဖွံဖြိုးတယ်၊ တိုးတက်တယ်၊ အောင်မြင်တယ်။ ဟော…သူတို့လဲမရှိတော့ဘူးဆိုတဲ့နောက်ပိုင်း အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ ကစဉ်ကလျား ဖြစ်ကုန်ရော၊ ပျက်စီးဆုတ်ရုတ်ကုန်ရော။ သူတို့ဟာ အရည်အချင်းမရှိဘူးလားဆို။ ရှိတယ်။ တကယ်တော်တဲ့ ခေါင်းဆောင်ကောင်း(Good leader)တွေပါ။ ဒါပေမယ့် “အတော်ဆုံးခေါင်းဆောင်(Best leader)” လို့ ကျွန်တော်သတ်မှတ်လို့မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ “အတော်ဆုံးခေါင်းဆောင်(Best leader)” ဟာ သူမရှိတော့ရင်တောင်မှ ဒီအလုပ်တွေကိုနောက်လူတွေဆက်လုပ်နိုင်အောင်၊ ဒီစနစ်တွေ ဒီ system တွေ၊ ဒီအသင်းအဖွဲ့တွေ၊ ဒီsociety တွေ၊ ဒီcompany တွေ ဆက်လက်ဖွံဖြိုးနေအောင် ဆက်လက်လည်ပတ်နေအောင်၊ အနာဂတ်မှာကြုံရမယ့် အပြောင်းအလဲတွေနဲ့လိုက်လျောညီထွေနေနိုင်အောင်၊ သူသေသွားရင်တောင်မှ ဒီအရာတွေနောင်နှစ်ပေါင်းများစွာကြာသည်အထိ တည်ရှိနေနိုင်အောင် လုပ်နိုင်တဲ့သူလို့ ကျွန်တော်အဓိပ္ပာယ်သတ်မှတ်တယ်။ အတော်ဆုံးခေါင်းဆောင် best leader ဖြစ်ဖို့ အရေးကြီးတဲ့အရာတစ်ခုဟာ အမြင်(Vision) ရှိဖို့ပဲ။
ဟလ်လန်ကဲလ်လား(Helen Keller) ကပြောဖူးတယ်။
မြင်သာမြင်ပြီး အမြင်မရှိတာ တော် တော်ဆိုးတယ်။“It’s terrible to see and have no vision.”
ကျွန်တော့်မှာ MBA ဘွဲ့တွေဘာတွေတော့မရှိဘူး။ ဒါပေမယ့် အဲ့လို MBA ဘွဲ့တွေဘယ်လောက်ပဲရထာရထား vision မရှိရင် အဲ့ပုဂ္ဂိုလ်ဟာ အဖွဲ့အစည်းတွေကိုတည်မြဲအောင်မစွမ်းဆောင်နိုင်ဘူးလို့ ကျွန်တော်သတ်မှတ်တယ်။ Imagine လုပ်ကြည့်ဖူးတယ်။ Nokia တို့ Kodak တို့ company တွေမှာဦးဆောင်နေတဲ့ အပေါ်က CEO တို့၊ Director တို့ ခေါင်းဆောင်ကြီးတွေက သေချာတယ် MBA ဘွဲ့ကြီးတွေရထားပြီးတဲ့လူတွေပဲဖြစ်ရမယ်။ နာမည်ကြီးတဲ့ university ကနေကျောင်းပြီးထားတဲ့ပုဂိ္ဂုလ်ကြီးတွေအများကြီးပါတယ်။ အဲ့ဒါဆိုဘာကြောင့် အဲ့ company တွေပြိုလဲသွားတာလဲ။ ဟင်…ဒီလောက် MBAတွေ ဘာကြီးတွေနဲ့ အဲဒီ Management တို့၊ leadership တို့ စာအုပ်ကြီးတွေထဲက အဲ့လို theory ကြီးတွေ principle ကြီးတွေအကုန်သိတာပဲမဟုတ်ဘူးလား။ အဲ့ဒါတွေအကုန်သင်ခဲ့ရတဲ့လူတွေပဲမဟုတ်ဘူးလား။ ဒါနဲ့ဘာကြောင့် company တွေကအရှုံးတွေပေါ်ပြီးပြိုလဲသွားရတာလဲ။ အဲ့လိုဖြစ်ရခြင်းအကြောင်းအရင်းတွေထဲက အဓိကအချက်ဟာ Vision မရှိလို့ပဲလို့ကျွန်တော် ကောက်ချက်ကြတယ်။ လက်ရှိအလုပ်တွေအဆင်ပြေနေရင်ပြီးရောဆိုပြီး အနာဂတ်ကိုမြင်တဲ့ vision မရှိလို့ပဲ။
ကျွန်တော်မှာ လုပ်ငန်းခွင်အတွေ့အကြုံရှိ ၄နှစ်ကျော်ပဲရှိပေမယ့် ခေါင်းဆောင်တွေရဲ့ behavior ကိုတော်တော်အကဲဖြတ်မိတယ်။အခုသင်အလုပ်တစ်ခုလုပ်နေတယ်ဆိုရင် သင့်အလုပ်မှာရှိတဲ့ Manager တို့ Director တို့လိုမျိုးပုဂ္ဂိုလ်ကြီးတွေဘာလုပ်နေလဲလို့ သေချာစမ်းစစ်ကြည့်ပါ။ သင်ကိုယ်တိုင် အဲ့လိုမျိုး Manager လို့အမြင့်ပိုင်းရာထူးကြီးတစ်ခုရထားနေတဲ့သူဆိုရင် သင်ကောတစ်နေ့နဲ့တစ်နေဘာလုပ်နေလဲလို့ စမ်းစစ်ကြည့်ပါ။ အထူးသဖြင့် ကျွန်တော်တို့ ပြည်တွင်းက Company တွေမှာလုပ်နေတဲ့သူတွေပေါ့။ သေချာတယ် တော်တေယ်များများက လက်ရှိအလုပ်တွေအဆင်ပြေနေအောင်၊ လည်ပတ်နေနိုင်အောင်လောက်ပဲလုပ်ကြတယ်။ ရာထူးတွေကြီးလာလေလေ၊ လစာတွေများလာလေလေ၊ အရှုပ်တွေသိပ်မလုပ်ချင်တော့ဘူး။ လက်ရှိလုပ်တဲ့အလုပ်ကိုကောင်းအောင်လုပ်မယ်။ အဆင်ပြေအောင်လုပ်မယ်။တာဝန်ကျေအောင်လုပ်မယ်။ အချိန်တန်အိမ်ပြန်မယ်။အဲ့လူတွေကို မကောင်းဖူးလို့ကျွန်တော် မဆိုလိုဘူး။ သူတို့ဟာ Good leaders တွေပါ။ ဒါပေမယ့် ရေရှည်မှာ ဘာတွေဖြစ်လာနိုင်သလဲ၊ ဘာ potential challenges တွေရှိလာနိုင်သလဲ၊ အဲဒါတွေကို ရင်ဆိုင်နိုင်ဖို့ အခုကတည်းက ဘာတွေကြိုပြင်ဆင်သင့်သလဲဆိုတာစဉ်းစားမှုအင်မတန်နည်းတယ်။ ဘာလို့လဲဆိုတော့ လက်ရှိမှာ လုပ်ငန်းတွေအဆင်ပြေနေတယ်လေ။ အောင်မြင်နေတယ်လေ။ အကျိုးအမြတ်တွေ အများကြီးရနေတယ်လေ။ ဟာ…ဒီလုပ်ငန်းကြီးနောင်နှစ်ပေါင်းများစွာ အဆင်ပြေနေဦးမှာဆိုပြီး အရမ်း optimistic ဖြစ်တယ်လေ။ ဟာ…ဒီလုပ်ငန်းကြီးလုပ်လာတာ ဘယ်နှစ်နှစ်တောင်ရှိနေပြီအမြဲအဆင်ပြေနေတာဆိုပြီးထင်နေကျတယ်။ company အမြတ်အစွန်း bonus တွေရ ရာထူးကြီးတဲ့လူတွေ၊ လစာ ၁၀သိန်း ကျော်လောက်ရတဲ့လူတွေကလဲ အဲ့ပေါ်မှာ အောင်ပွဲခံ celebrate လုပ်နေကျတယ်။ အဲ့တော့ လက်ရှိအလုပ်တွေဆက်လည်ပတ်နိုင်အောင်ပဲ စဉ်းစားကြတယ်။ အလုပ်လာမယ်။ တာဝန်ကျေအောင်လုပ်မယ်။ အချိန်တန်အိမ်ပြန်မယ်။ ဘာမှရေရှည်အတွက် တီထွင်ဖို့ဖန်တီးဖို့စဉ်းစားနေစရာမလိုဘူး။ ဒီလောက်လုပ်ငန်းတွေကအဆင်ပြေနေတာ။ဆက်ပြီးအဆင်ပြေနေဦးမှာ။ငါတာဝန်ယူနေတဲ့အတောအတွင်း၊ ငါအုပ်ချုပ်နေတဲ့အတောအတွင်း အဆင်ပြေနေရင်ပြီးတာပဲ။နိစ္စဒူဝ အလုပ်တွေတောင်ရှုပ်နေတာ အနာဂတ်မှာဘာတွေဖြစ်လာလဲဆိုတာ စဉ်းစားနေစရာမလိုဘူး။ အဲ့ဒါတွေကအလုပ်ရှုပ်တယ်။ အခုအလုပ်တွေအဆင်ပြေအောင်လုပ်မယ်။ အချိန်တန် လစာကောင်းကြီးတွေရမယ်။ပြီးပြီ။ အဲ့ဒါကြောင့်လဲ Nokia တို့ Kodak တို့ပြိုလဲရတာပဲ။ လုပ်ငန်းတွေအဆင်ပြေနေတဲ့ အချိန် ထိပ်သီးကလူတွေက လစာကောင်းကြီးတွေရ အာလုံးက လက်ရှိလုပ်ငန်းတွေ အိုကေနေရင်ပြီးပြီ။ ငါရှိနေတုန်း အဆင်ပြေနေရင်ပြီးတာပဲ။ ငါ့မရှိတော့နောက်ပိုင်း သူ့ဘာသူ့ဖြစ်ချင်ရာဖြစ်ဆိုပြီး အနာဂတ်အတွက် vision မျိုးမရှိကျဘူး။ တကယ်လဲ technology အပြောင်းအလဲနဲ့ကြုံရော နောက်ကောက်ကျတော့တာပဲလေ။ အဲ့တော့မှထလုပ်တော့မမှီတော့ဘူး။
ကျွန်တော် Singapore မှာသင်္ဘောကျင်းတစ်ခုမှာလုပ်တုန်းက ဆီဈေးတွေကျတော့ သင်္ဘောကျင်းတွေတော်တော်များများ ပိတ်လိုက်ရတယ်။ Singapore တစ်နိုင်ငံတည်းမဟုတ်ပါဘူး။Globally အရဖြစ်တာပါ။ အဲ့လိုအဖြစ်မျိုးတွေကြုံတော့မှ company တွေကထပြီး “ ဟေ့ ငါတို့ အပြောင်းအလဲတွေလုပ်ကြမယ်ဟေ့။ ငါ့တို့ innovation တွေလုပ်ကျမယ်ဟေ့” လိုထအော်ကြတယ်။ ဟင်..အရင်အချိန်တွေတုန်းကျတော့ ဘာလို့မလုပ်ခဲ့ကျတာလဲ။ အဲ့အချိန်တွေတုန်းကျတာ့ စီးပွားရေးတွေအရမ်းကောင်းနေတော့ အပေါ်ကလစာ ဒေါ်လာ သိန်းသောင်းချီရနေတဲ့လူတွေက ဘာမှ innovation တွေလုပ်ဖို့မစဉ်းစားဘူး။ R &D တို့ဘာတို့မလုပ်ဖူး။အလကားပိုက်ဆံကုန်တယ်။ လက်ရှိမှာဒီလောက်ကောင်းနေတာ။ နောင် ၁၀နှစ် ၁၅နှစ်လောက်ဆက်ကောင်းဦးမှာ။ အဲ့တော့ အေးဆေး။ လက်ရှိအလုပ်တွေပြေလည်အောင်လုပ်ပေးမယ်။ကောင်းအောင်လုပ်မယ်။ တာဝန်ကျေအောင်လုပ်မယ်။ပြီးရင် အိမ်ပြန်မယ်။ အဲ့လိုမျိုး အနာဂတ်အတွက် vision မရှိတဲ့ခေါင်းဆောင်မျိုးတွေရှိနေလို့လဲ အာရှက companies တွေဟာ အနောက်နိုင်ငံက companies တွေကိုမမှီတာ။ အနောက်နိုင်ငံ companies တွေမှာ ရတဲ့အမြတ်အစွန်းတွေရဲ့ 50% လောက်ကိုတောင် Research & Development အတွက်ထည့်တာ။ Asia က company တွေ R & D လုပ်တာဆိုတဲ့စကားလုံးမျိုးတွေ ကြားရခဲတယ်။မရှိဘူးလို့မဆိုလိုဘူး။ဒါပေမယ့် အင်မတန်နည်းတယ်။ Asia က companies တွေအလုပ်ခေါ်ရင် R&D အတွက်ခေါ်တဲ့ post အင်မတန်နည်းတယ်။ Asia မှာ အတိုးတက်ဆုံးလို့ပြောလို့ရတဲ့ Singapore လို့နိုင်ငံမှာတောင် အတွေ့အကြုံရှိရင်ရပြီ။အဓိကက အလုပ်ခိုင်းလို့ရရင်ရပြီ။ Research လုပ်ဖို့ဘာဖို့တွေသိပ်မစဉ်းစားဘူး။ ဒါဟာ ကျွန်တော်ရဲ့ Background နဲ့ဆက်စပ်တဲ့ အလုပ်တွေပေါ်မှာ အခြေခံပြီးပြောတာပါ။ တခြား ကဏ္ဍတွေမှာလဲအတူတူပဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ အဲ့ဒါကြောင့်လဲ လူ့အသုံးအဆောင်ပစ္စည်း အစနေရာတိုင်းလိုလိုမှာ အနောက်နိုင်ငံက ထုတ်လုပ်တဲ့ products တွေ service တွေဟာ ပိုကောင်းကြတာပဲ။
အခုကျွန်တော်ပြောတာကို သင်လက်မခံဘူးဆိုရင် အခုလက်ရှိ သင့် company လုပ်နေတဲ့ manager ကြီးတို့ဘာကြီးတို့ ထိပ်သီးကလူတွေ တစ်ပတ်နဲ့တစ်ပတ်ဘာလုပ်နေလဲလို့ သေချာအကဲခတ်ကြည့်လိုက်။ လက်ရှိအလုပ်တွေအဆင်ပြေအောင်လုပ်နေရုံပဲလား။ အနာဂတ်အတွက် ငါတို့လုပ်ငန်းဖွံဖြိုးအောင်ဘယ်လိုလုပ်မလဲ။ Technology ပိုင်း service အပိုင်း မှာဘယ်လို develop ဖြစ်အောင်လုပ်မလဲ၊Locally မှာ ဆရာကြီးလုပ်နေရုံမဟုတ်ပဲ Globally ပါယှဉ်နိုင်အောင်၊ ထိုးဖောက်နိုင်အောင်ဆိုပြီး ဆောင်ရွက်နေတာကိုမြင်မိလား။ Asia ကလူတွေအများစုရဲ့ philosophy က လုပ်ဟေ့ချဟေ့ဆော်ဟေ့၊ ပိုက်ဆံများများရအောင်လုပ်မယ်ဟေ့၊ မြန်မြန်အကျိုးမြတ်ရအောင် လုပ်မယ်ဟေ့၊ ဝုန်းဝုန်းဝုန်းနဲ့လုပ်ကျတာပဲရှိတယ်။ အနာဂတ်အတွက် အမြင် Visionနည်းတယ်။ဝေးဝေးကိုမြင်နိုင်စွမ်းနည်းတယ်။ လက်ရှိကိုပဲ အာရုံစိုက်တယ်။ အဲ့တာတွေကြောင့်လဲ အရှေ့တိုင်းက company တွေအနောက်နိုင်ငံက company တွေကိုယှဉ်နိုင်မှုအင်မတန်နည်းခြင်းပဲဖြစ်တယ်လို့ ကျွန်တော်သုံးသပ်တယ်။ဒီနေရာမှာ ကျွန်တော့်ရဲ့ “ ခြေလှမ်းဆယ်လှမ်း” နိယာမကိုပြန်ယူသုံးရလိမ့်မယ်။ စီးပွားရေးလောကမှာ ခေါင်းဆောင်တွေဟာ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း ဘယ်နှစ်လှမ်းကတော့ လက်ရှိအခြေအနေတွေအဆင်ပြေဖို့ ဘယ်နှစ်လှမ်းကတော့ အနာဂတ်မှာဖြစ်လာမယ် socially အရ politically အရ environmentally အရ technologically အရအပြောင်းအလဲတွေကိုရင်ဆိုင်နိုင်ဖို့ပြင်ဆင်ရမယ်။ ငါလုပ်နေတဲ့အချိန် ငါအုပ်ချုပ်နေတဲ့အချိန်အဆင်ပြေရင်ပြီးတာပဲလို့မဟုတ်ပဲ ငါမရှိတော့ရင်လဲ ဒီအလုပ်ကိုနောက်လူတွေဆက်လုပ်နိုင်အောင်၊ ငါလိုလုပ်နိုင်ရုံတင်မဟုတ်ပဲ ငါ့ထက်ကောင်းအောင်လုပ်လာနိုင်အောင် ငါဘယ်လိုလုပ်သွားမလဲ။ ငါသိတယ်ကွ။ ငါအရမ်းတတ်တယ်ကွ။ငါ့လိုလုပ်နိုင်တဲ့သူမရှိဘူးကွ။ ငါကဘာဘွဲ့ ညာဘွဲ့ ဘာဆုညာဆုတွေရထားတာကွ။ငါလိုအောင်မြင်အောင်စွမ်းဆောင်နိုင်တဲ့လူမရှိဘူးကွ ဆိုတဲ့ အတ္တ(Ego) ကိုစွန့်ပြီး နောက်လူတွေကို၊ ကိုယ့်အောက်ကလူတွေကို ကိုယ်ထက်သာလာအောင်၊ ကိုယ့်ထက်ပိုကောင်းအောင်လုပ်နိုင်အောင်၊ ကိုယ့်ထက်ပိုကောင်းတဲ့ ခေါင်းဆောင်ဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့သူကမှ “အတော်ဆုံးခေါင်းဆောင်(Best leader)” ဖြစ်မှာပါ။မြင်ယောင်ကြည့်ပါ။ အဲ့လိုခေါင်းဆောင်မျိုးက ဘယ်လောက်တောင်ကြီးကြယ်ခမ်းနားလိုက်သလဲ။ သင့်အခုအလုပ်လုပ်နေတဲ့ သက်တမ်းတစ်လျှောက်အဲ့လိုခေါင်းဆောင်းမျိုးသင်မြင်ဖူးသလား။ ခေါင်းဆောင်ကောင်း Good leader တွေကအများကြီးပါ။ အတော်ဆုံးခေါင်းဆောင် Best leader ကတော့ တစ်သောင်းမှာ တစ်ယောက်လောက်ပဲရှိမယ်လို့ကျွန်တော်ထင်တယ်။ စဉ်းစားကြည့်ပါ။ တော်တော်များများကကိုယ့်နဲ့ level တူ ဒါမှမဟုတ် ကိုယ့်အောက်ကလူကိုယ့်ထက်သာသွားမှာကိုကြောက်တယ်။ ငါကပိုသိတယ်။ပိုကျွမ်းတယ်။ပိုဆရာကြီးဖြစ်တယ်ဆိုတဲ့ “အတ္တ” အရမ်းကြီးတယ်။ ငါလုပ်သွားနိုင်ခဲ့တယ်ကွ။ ငါကြောင့်ဒါကြီးအောင်မြင်သွားတယ်ကွ။ ငါ ကသူများတွေနဲ့ မတူဘူးဆိုတဲ့ gratification တွေရပြီး အနိုင်နဲ့ပိုင်းသွားချင်ကြတယ်။ အဲ့လို ပုဂ္ဂိုလ်မျိုးတွေကို မကောင်းဖူးလို့ကျွန်တော်မဆိုလိုဘူး။ ဒါပေမယ့် သူတို့ဟာ ခေါင်းဆောင်ကောင်း Good leader ပဲရှိသေးတယ်။ အတော်ဆုံးခေါင်းဆောင် Best leader လို့ကျွန်တော်မသတ်မှတ်နိုင်ဘူး။ Best leader က သူအဲ့အလုပ်ကိုမလုပ်တော့ရင်တောင်၊ သူမအုပ်ချုပ်တော့ရင်တောင်၊ သူသေသွားရင်တောင်၊ နောက်ကလူတွေဆက်ပြီးလုပ်နိုင်အောင်၊ ပိုလို့တောင်ကောင်းအောင်လုပ်နိုင်အောင် လုပ်ပေးသွားခဲ့တဲ့သူပါ။ အဲ့တော့ သူသေသွားရင်တောင် သူ့နာမည်နဲ့အတူ သူလုပ်သွားတဲ့အရာတွေ၊ သူ့ဦးဆောင်ခဲ့တဲ့အဖွဲ့အစည်းတွေ၊ သူ့ရဲ့ idea တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေဟာ နောင်နှစ်ပေါင်းများစွာကျန်ရှိနေပါဦးမယ်။ သူလိုမျိုးခေါင်းဆောင်တွေ၊ သူထက်ပိုကောင်းတဲ့ခေါင်းဆောင်တွေ ကိုလဲ ဆက် inspire လုပ်ပေးနိုင်ခဲ့လိမ့်မယ်။ အဲ့လို ခေါင်းဆောင်မျိုးဟာဘယ်လောက်ထိလေးစားစရာကောင်းလိုက်လဲ။ အဲဒါကမှ “Best leader” ပါ။အဲ့လို့ Best leader တစ်ယောက်ဖြစ်ဖို့ အဓိကအရေးကြီးဆုံးအရာဟာ အနာဂတ်ကိုမြင်တဲ့သူ့ရဲ့ vision ပါပဲ။ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း “ငါရှိနေတုန်း” ဆိုတာထက် “ငါမရှိတော့ရင်ကော” ဆိုတာကိုအမြဲစဉ်းစားဖို့လိုတယ်။
“ငါမရှိတော့ရင်ကော” ဆိုတာစဉ်းစားလိုက်တာနဲ့သူရဲ့ ပြုမှုဆောင်ရွက်ချက်တွေက သိသိသာသာကွဲပြားသွားလိမ့်မယ်။ ငါမရှိတော့ရင်တောင် ဒီအလုပ်တွေဆက်လက်ရပ်တည်နေနိုင်ဖို့ဆိုရင် သူ့နောက်ကလူတွေကို သူလိုလူမျိုးဖြစ်လာအောင် သင်ပေးဖို့ပဲရှိတယ်။ အဲ့အတွက်သူက “ အောက်ကိုဆင်း” မှရမယ်။ အောက်ထိဆင်းပြီး “စကားပြော” မှရမယ်။ အောက်ကလူတွေနဲ့ communicate လုပ်မှရမယ်။ တချိန်လုံး အခန်းထဲကထိုင်ခုံကြီးမှာပဲထိုင်နေလို့မရဘူး။ သူလိုကျွမ်းကျင်ရုံတင်မက သူထက်ပါပိုကျွမ်းကျင်အောင် သင်ပေးဖို့ဆိုရင် အရေးကြီးတာက “ နှိမ့်ချမှု(humble)” ရှိရမယ်။ ငါသိတယ်ကွ၊ ငါဆရာကြီးကွဆိုပြီး မာနထောင်လွှားမှုမရှိပဲ အောက်ကလူတွေကို ကိုယ့်ထက်သာလာအောင်သင်ပေးတယ်။ အဲလိုသင်ပေးမှလဲ ကိုယ်မရှိရင်နောက်လူတွေကပိုကောင်းအောင်လုပ်နိုင်မှာ။အဲ့ဒါမှအဖွဲ့အစည်းတွေက နှစ်ပေါင်းများစွာတည်မြဲမှာ။ အဲ့လိုဖြစ်နိုင်ဖို့ Best leader ကသူ့အောက်မှာရှိတဲ့လူတွေကို စိတ်ပိုင်းဆိုင်ရာMentally ရော၊ ရုပ်ပိုင်းဆိုင်ရာ Physically ရော၊ အသိဉာဏ်ပညာပိုင်းဆိုင်ရာ Intellectually ရောဖွံဖြိုးလာအောင် ပံ့ပိုးပေးတယ်။ ငါလုပ်နိုင်တာထက်ပိုလုပ်နိုင်အောင်၊ ငါ့ထက်ပညာတွေပိုတက်အောင်၊ ငါ့ထက်ပိုထူးချွန်အောင်၊ ငါ့ထက်ပိုတွေးနိုင်အောင်၊ ငါ့ထက်နောက်လူတွေအတွက်ပိုလုပ်ပေးနိုင်အောင်၊ ငါထက်ပိုတော်တဲ့ ခေါင်းဆောင် တွေဖြစ်လာဖို့ inspire လုပ်ပေးနိုင်အောင်ဆိုပြီး မိမိကိုယ်ကိုနှိမ့်ချ အောက်အထိဆင်းပြီး လက်တွဲခေါ်တယ်။ ပံ့ပိုးပေးတယ်။ ကျွန်တော် မြင်ယောင်ကြည့်တယ်။ အဲ့လိုမျိုး နှလုံးသားနဲ့ ဦးနှောက်ရှိတဲ့ ခေါင်းဆောင်ဟာဘယ်လောက်ထိ လေးစားဖို့ကောင်းလိုက်သလဲ။ ဘယ်လောက်ထိမြင့်မြတ်တဲ့ နှလုံးသားရှိလိုက်လဲ။ငါထက်ပိုသာအောင်သူတစ်ပါးကိုလုပ်ပေးမယ်ဆိုတဲ့စိတ်သဘောထားဟာ တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့စိတ်သဘောထားပါ။
ဒါဟာ အတော်ဆုံးခေါင်းဆောင် Best leader တစ်ယောက်မှာတွေ့ရမယ့်အရည်အသွေးတွေဖြစ်မယ်လို့ ကျွန်တော်သုံးသပ်တယ်။ Best leader အကြောင်းသာထပ်ရေးရင် ကျွန်တော် စာအုပ်တစ်အုပ်နီးပါးလောက်ရေးလို့ရပါတယ်။ ဒီနေရာမှာ အဓိကအရေးကြီးဆုံးအချက်ကိုပဲကျွန်တော်ပြောပြချင်တာပါ။ အဲ့ဒါက သူ့ရဲ့ အမြင်(Vision) ပါပဲ။ရှေ့ကို ဝေးဝေးနဲ့ကျယ်ကျယ်ကြိုမြင်တတ်တာပါ။ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း ဘယ်နှစ်လှမ်းကတော့ လက်ရှိအခြေအနေတွေပြေလည်နေဖို့ ဘယ်နှစ်လှမ်းကတော့ သူမရှိတော့တဲ့အချိန် အနာဂတ်မှာကြုံလာမဲ့ စိန်ခေါ်မှုတွေ အပြောင်းအလဲတွေအတွက်ဆိုပြီးကြိုတင်ပြင်ဆင်သွားနိုင်တာပါ။
ကျွန်တော်အခုပြောတဲ့သဘောတရားက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အတွက်အကုန်အကံျုးဝင်ပါတယ်။ ဥပမာ နိုင်ငံရေးဆိုလဲ ကျွန်တော်တို့ နိုင်ငံဟာ စင်ကာပူကို ကျော်နိုင်ဖို့ဆိုပြီးဟစ်ကြွေးနေတယ်။ ဒါကေမယ့် ခေါင်ဆောင်တွေဟာ အမြဲတမ်းလက်ရှိအခြေအနေတွေပဲ ပြေလည်အောင်လုပ်နေမယ်ဆိုရင် စင်ကာပူကိုဘယ်တော့မှကျော်နိုင်မှာမဟုတ်ဘူး။ ဥပမာ ကျွန်တော်တို့ နိုင်ငံမှာလူတိုင်းက ကားစီးနိုင်လို့ “ငါတို့နိုင်ငံကြီးကတိုးတက်နေပြီ” လို့ အော်နေတဲ့အချိန် သူများနိုင်ငံတွေက ကားတွေအသုံးပြုတာကိုလျော့ချပြီး ပတ်ဝန်းကျင်အတွက်ကောင်းမွန်စေနိုင်တဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်တွေကိုလုပ်ပြီးနေလောက်ပြီ။ အဲ့လိုအချိန်မှာကိုယ့်နိုင်ငံက ကားတွေကျပ်ဒုက္ခတွေရောက်နေကျလိမ့်မယ်။ ကိုယ့်နိုင်ငံမှာ စက်ရုံအလုပ်ရုံတွေထွန်းကားလာလို့ လက်သီးလက်မောင်းတွေတမ်းပြီး “ငါတို့တိုးတက်ပြီ” လို့အော်နေရင် တဖက်မှာ အဲ့ဒီစက်ရုံတွေကြောင့် ရေထုလေထု ညမ်းညမ်းမှု၊ သစ်တောတွေပြုန်းတီးမှု၊ မြစ်တွေချောင်းတွေ သဘာဝသယံဇာတာတွေပျက်စီးမှု၊ အမှိုက်သရိုက်တွေပေါများလာမှုကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု(environmental pollution) တွေဖြစ်ပြီး လူတွေရဲ့နေထိုင်စားသောက်မှုကိုထိခိုက်လာလိမ့်မယ်။ အနောက်နိုင်ငံတွေလို ရေရှည်ကိုမျှော်တွေးတတ်တဲ့လူတွေများတဲ့နေရာတွေမှာတောင် “ငါရှိနေတဲ့အတောအတွင်း အဆင်ပြေရင်ပြီးတာပဲ။ အောင်မြင်နေရင်ပြီးတာပဲ။ အကျိုးအမြတ်တွေရနေရင်ပြီးတာပဲ” ဆိုတဲ့ ခေါင်းဆောင်မျိုးတွေရှိနေတဲ့အတွက် သံယံဇာတတွေကိုအကုန်ထုတ်သုံး စက်ရုံတွေဆောက်ပြီး သဘာဝပတ်ဝန်းကျင်ကိုဘာမှ ထိန်သိမ်းစောင့်ရှောက်ခြင်းမရှိပဲ ညစ်ညမ်းစေတယ်။ အခုမှ “Global warming” တွေဖြစ်၊ ရေခဲတောင်တွေပြို၊ ရာသီဥတုဖောက်လွဲဖောက်ပြန်တွေဖြစ်တော့မှ ကမ္ဘာကြီးကိုကယ်တင်ဖို့ဘာဖို့ ဆိုပြီးစဉ်းစားကျတယ်။ အဲ့တော့ ကျွန်တော်တို့နိုင်ငံမှာလဲ အခုလက်ရှိအခြေအနေတွေပြေလည်အောင်၊ တနည်းအားဖြင့် “short term gain” တွေပဲရအောင်လုပ်နေလို့မရဘူး။ “ဟာ..ငါအုပ်ချုပ်နေတဲ့အတောအတွင်းအဆင်ပြေသွားရင်ပြီးတာပဲ၊ ငြိမ်းချမ်းသွားရင်ပြီးတာပဲ၊ နောက်ပိုင်းဖြစ်တာနောက်လူတွေရှင်းလိမ့်မယ်” ဆိုပြီးလုပ်နေရင် တိုင်းပြည်ကဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး။ အနာဂတ်ကိုဝေးဝေးမြင်နိုင်တဲ့ အမြင်ရှိဖို့လိုတယ်။
ကျွန်တော်က Engineer တစ်ယောက်ဖြစ်တဲ့အတွက် Engineering ရှှု့ထောင့်ကကြည့်ရင် ဥပမာ အနောက်နိုင်ငံတွေမှာ Renewable energy/Substaintable energy တို့ဘက်ကိုဦးတည်လာကြပြီ။ ဒါဟာ “future” ပါ။စွမ်းအင်သုံးဆွဲမှုတွေကိုလျော့ချပြီး ပတ်ဝန်းကျင်အတွက်လဲ သဟဇာတ Environmental friendly ဖြစ်စေမယ့် နည်းပညာတွေကို လျှင်လျှင်မြင်မြင် စမ်းသပ်တီထွင်ပြီး အကောင်အထည်ဖော်လာကြပြီ။ အားလုံးက “Green environment” မျိုးတွေဖြစ်အောင်လုပ်နေကြပြီ။ ဒီအချိန်မှာ မြန်မာနိုင်ငံက “ဟာ…ဒါမျိုးတွေကငါတို့နိုင်ငံအတွက်အဝေးကြီးပါ။ အခုလက်ရှိရှိတဲ့အရာတွေကို အဆင်ပြေအောင်လုပ်ဖို့ကအရေးကြီးတယ်။ လက်ရှိအရာတွေတောင်အဆင်မပြေသေးတာ အဲ့ဒါတွေလုပ်ဖို့ကမလွယ်ဘူး” ဆိုပြီးတွေးနေတဲ့ခေါင်းဆောင်မျိုးတွေရှိနေသရွေ့ ကျွန်တော် အခိုင်အမာပြောရဲတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့ ဘယ်တော့မှ စင်ကာပူကိုမှီမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သူတို့ကိုမှီလောက်ပြီလို့ထင်နေတဲ့အချိန်သူတို့က ကျွန်တော်တို့ထက် ရှေ့ရောက်နေလောက်ပြီ။ အဲ့ဒီတော် ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်တွေဟာ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း ဆယ်လှမ်းလုံး လက်ရှိအခြေအနေတွေပြေလည်နေရုံအတွက်လှမ်းနေလို့မရပဲ အနာဂတ်အတွက်ပြင်ဆင်ဖို့လိုပါတယ်။ လိုအပ်ရင် ရူးသွပ်ရဲရမယ်၊ စွန့်စားရဲရမယ်။ ငါတို့နိုင်ငံအတွက်ဒါတွေကအဝေးကြီးလိုပါသေးတယ်၊ ဒီနည်းပညာတွေက အရမ်းကိုမြင့်တယ်၊ အခုအခြေအနေနဲ့မဖြစ်နိုင်ဘူးဆိုပြီး ဘာမှမစထားရင် သူများတွေကိုဘယ်တော့မှမှီမှာမဟုတ်ဘူး။ရှင်းတယ်။ အခုတည်းက အဲ့လိုနည်းပညာမျိုးတွေရှိလာအောင် ကျောင်းတွေ တက္ကသိုလ်တွေမှာ education ကိုဘယ်လိုမြင့်တင်ရမလဲ။ဘယ်လိုပြောင်းလဲရမလဲ။ ကျောင်းသားတွေကို ကိုယ့်ရေမြေနဲ့သင်တော်မယ့် design တွေ technology တွေဖန်တီးတတ်လာအောင် ဘယ်လို့လှုံ့ ဆော်ပေးမလဲ။ ဥပမာ competition တွေလုပ်ခိုင်းလို့ရတယ်။အဲလိုမှလူငယ်တွေဟာ idea ကောင်းတွေထွက်လာမယ်။ အဲလို idea မျိုးတွေကနေ့ လက်တွေ့ဖြစ်လာအောင်စုပေါင်းပြီး အကောင်အထည်ဖော်ရမှာပဲ။ စွန့်စားရမှာပဲ။ နေ့တိုင်း ငါးရပြီးစားနေရရင်ပြီးတာပဲ ဆိုပြီး သာမန်ရိုးကျ မျိုးရိုးစင်ဆက် ရှေ့ကလူတွေလုပ်သလို ရေထဲဝါးချွန်တွေနဲ့ထိုးပြီး ငါးဖမ်းနေတဲ့အချိန် သူများတွေက ငါးမျှားတံတွေကိုတီထွင်နေပြီ။ အချိန်ကြာတော့မှ ငါတို့လဲသူတို့လိုငါးမျှားတံ လိုက်ထွင်ကြည့်ရအောင်ဆိုပြီးလုပ်နေတဲ့အချိန် သူများတွေက ငါးဖမ်းပိုက်ကွန်တောင်သုံးပြီး ငါးမျှားနေလောက်ပြီ။ အဲ့ဒီတော့ သူများကိုလိုက်မှီဖို့ထက် သူတို့ထက်သာအောင်ကိုလုပ်ရမှာ။ တွေးရဲရမှာ။ စွန့်စားရဲရမှာ။ အခုထဲက အုတ်မြစ်ချခဲ့ရမှာ။ သူတို့လုပ်ပြီးမှ ငါတို့က သူတို့အတိုင်းအနောက်ကလိုက်လုပ်မယ်လို့ စိတ်ကူးထားရင် ကျွန်တော်တို့တွေ ဘယ်လိုလို့ စင်ကာပူကိုမှီမှာလဲ။ အခုကတည်းက ကိုယ့်ဘာကိုယ်တီထွင်လာနိုင်အောင် ကိုယ့်အားကိုယ်ကိုးတက်လာအောင် ကြိုတင်ပြင်ဆင်ထားရမယ်။ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း အနည်းဆုံး တစ်လှမ်းလောက်တော့ အနာဂတ်အတွက် ကြိုမြင်ပြီးပြင်ဆင်ရမယ်။ ကိုးလှမ်းကတော့ လက်ရှိအခြေအနေတွေ အဆင်ပြေအောင်လုပ်နေလို့ရတယ်။ တစ်လှမ်းကိုတော့ အနာဂတ်အတွက် သူများတွေကိုကျော်နိုင်အောင်လုပ်ဖို့အတွက်အစပြိုးထားရမယ်။ဒါတွေဟာ နောက်နှစ်ပေါင်း ၁၀နှစ် ၁၅နှစ်လောက်ကျမှသာအကောင်အထည်ပေါ်လာနိုင်တယ်။ အသီးအပွင့်တွေခံစားရနိုင်တယ်။ ရုပ်အစွဆုံး ကိုယ်သေသွားပြီးနောက်ပိုင်းမှသာ ဒီအရာတွေဟာအသုံးဝင်လာနိုင်တယ်။ ဒါပေမယ့်လဲ ရေရှည်ကိုမြင်တတ်ဖို့လိုကိုလိုအပ်တယ်။ နိုင်ငံရဲ့နယ်ပယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေဟာ ခြေလှမ်းဆယ်လှမ်းမှာ အနည်းဆုံးတစ်လှမ်းလောက်ကိုတော့ ရေရှည်ဝေးဝေးကိုမြင်တတ်ဖို့၊ ငါမရှိတော့တဲ့နောက်ပိုင်း အနာဂတ်မှာကြုံလာမယ့် အပြောင်းအလဲတွေ စိန်ခေါ်မှုတွေအတွက်ရင်ဆိုင်နိုင်ဖို့အတွက်ဆိုပြီး ပြင်ဆင်ရမယ်။အဲ့လိုမျိုး vision ရှိတဲ့ ခေါင်းဆောင်ကသာ အတော်ဆုံးခေါင်းဆောင် (Best leader) လို့ကျွန်တော်ခံယူထားတယ်။
အဲ့ဒီတော့ နိဂုံးချုပ်ရရင် vision ရှိဖို့ဟာ လူတစ်ယောက်ချင်းစီ အတွက်အရေးကြီးရုံတင် မဟုတ်ပဲ အဖွဲ့အစည်းတွေအတွက်ပါ အင်မတန် အရေးကြီးပါတယ်။ လူတစ်ယောက်အနေနဲ့ မိမိဘဝကိုဖြတ်သန်းတဲ့အခါ အမြဲတမ်းလက်ရှိအခြေအနေတွေမှာ ရှင်သန်နေနိုင်အောင် survive လုပ်နိုင်အောင် လုပ်နေရုံပဲမဟုတ်ပဲ မိမိမှာရှိတဲ့ စိတ်ကူးတစ်ခုခု၊ idea တစ်ခုခု၊ မိမိဝါသနာပါရာ၊ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုခုကို ဖန်တီးချင်တဲ့ vision အတိုင်းလုပ်ဆောင်မှာသာ မိမိအသက်ရှင်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုတွေ့ရှိနိုင်ပါလိမ့်မယ်လို့ကျွန်တော်ခံယူထားတယ်။ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း ရှင်သန်ဖို့အတွက်စဉ်းစားသလို ဖန်တီးဖို့လဲစဉ်းစားဖို့လိုပါတယ်။ အဲဒီလို ကိုယ်ဖန်တီးချင်တဲ့ အရာတွေအတွက်လိုအပ်တဲ့ အသိပညာအတတ်ပညာတွေ ကြိုးစားရုန်းကန်ပြီးသင်ယူတဲ့အခါမှာလဲ အဲ့အရာတွေရဲ့အကျိုးရလဒ်ဟာ “connecting the dots” ဆိုတဲ့အပိုင်းမှာရှင်းပြခဲ့သလို လက်ရှိအချိန်မှာအကျိုးမပြုနိုင်ပေမယ့် အနာဂတ်တစ်ချိန်ချိန်ရောက်ရင် ပြန်အသုံးဝင်လာပါလိမ့်မယ်။ အဲအချိန်မျိုးရောက်တဲ့ အထိကိုယ့်ကိုယ်ကို ယုံကြည်မှု(Faith) ရှိပြီးရှေ့ဆက်နေဖို့လိုအပ်ပါတယ်။ အခြေအနေတွေက မျက်နှာသာမပေးရင်တောင် ယုံကြည်မှုကို ဘယ်တော့မှမစွန့်လွှတ်ပဲ ရှေ့ဆက်တိုးနေရင် ကိုယ်မြင်ထားတဲ့vision အတိုင်းတစ်နေ့ကျတစ်ကယ်ဖြစ်မှာပါ။ အဲ့လိုရှင်သန်သွားတဲ့ လူဟာ ကိုယ့်နောက် generation ကိုယ့်သားသမီးတွေကျရင်လဲ ကိုယ့်လိုမျိုး ကောင်းမွန်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုဖြစ်အောင်၊ အခြေအနေတွေမှာအဆင်ပြေပြေနဲရှင်သန်နေနိုင်အောင် merely survive လုပ်နိုင်အောင်လေးမဟုတ်ပဲ တစ်စုံတစ်ရာကို Create ဖန်တီးယူသွားပြီး ရှင်သန်သွားနိုင်အောင် လမ်းပြသွားနိုင်လိမ့်မယ်။ထို့အပြင် ကိုယ်တစ်ယောက်ထဲရဲ့ဘဝအတွက်တင် မဟုတ်ပဲနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ်ရောက်နေတဲ့ နေရာ၊ အဖွဲ့အစည်းတွေအတွက် ကိုယ်မရှိတော့ရင်၊ ကိုယ်သေသွားရင်တောင်မှ နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်မြဲနေနိုင်အောင် ကိုယ်ထက်ပိုလုပ်နိုင်တဲ့သူတွေ၊ ကိုယ့်ထက်ပိုကောင်းတဲ့သူတွေ၊ ကိုယ့်ထက်ပိုတော်တဲ့ခေါင်းဆောင်တွေ၊ ကိုယ့်ထက်ပို vision ရှိပြီးအများအတွက်လုပ်ပေးသွားနိုင်တဲ့ အတော်ဆုံးခေါင်းဆောင်(Best leader) တွေဆက်လက်မွေးထုတ်သွားနိုင်ပါစေလို့ရည်ရွယ်လျက်။