အိပ်ရာကထတော့ ရှုပ်ပွနေတဲ့အခန်းကိုကြည့်။ အဝတ်အစားတွေကို ခုံပေါ်မှာပဲအမြဲတင်တင်ထား။ ဖုန်တွေကမသုတ်တာကြာ။ တံမြက်စည်းမလှည်းတာ ၃ပတ်လောက်ရှိ။ ပစ္စည်းတွေက နေရာတိုင်းလိုလိုအစီအစဉ်ကျမရှိရှုပ်ပွ။ စိတ်က အသေကြီးဖြစ်လိုဖြစ်နေတာ ၂ပတ်လောက်ရှိတော့ ဘာမှမလုပ်ချင်။ အဲ့လိုရှုပ်ပွတဲ့ မနက်ခင်းကြီးကိုကြည့်ပြီး အရှိတိုင်းဓာတ်ပုံရိုက်ချင်တဲ့ စိတ်ကပေါ်လာတာနဲ့ မျက်နှာတောင်မသစ်ရသေးဘူး ကင်မရာယူပြီး ဓာတ်ပုံရိုက်တော့တာပဲ။
Camera ကမရိုက်ဖြစ်တာ လနဲ့ချီကြာနေပြီဆိုတော့ စဖွင့်တည်းက Battery ကကုန်ခါနီးအနီရောင်ပြနေတာမြင်တော့ “ဟ.. အမြန်ရိုက်မှဟ” ဆိုပြီး ရှုပ်ပွမှုပေါင်းစုံကိုလိုက်ရိုက်။ ဓာတ်ပုံဝါသနာပါတယ်ဆိုတော့ ဒီတိုင်းတော့မရ ဒီနေ့ Theme ကို နာမည်တစ်ခုတော့ပေးရမယ်ပေါ့။
အရှိအရှိတိုင်း အရှုပ်တွေ ဖုန်တက်နေတာတွေမရှင်းထားတာတွေလိုက်ရိုက်ရင်းနဲ့ပဲ အစီအစဉ်ကျတာလေးတွေ ဖုန်တွေကြားထဲက ကိုယ်နှစ်သစ်တဲ့ပစ္စည်းလေးတွေ မြင်ပြီး အတိတ်ကပျော်ရွှင်ခဲ့ရတဲ့ မှတ်ဉာဏ်အချို့ကိုပြန်ပြောင်းမြင်ယောင်။ အရှုပ်ထုတ်ကြားထဲမှာလဲ ကျေနပ်ပီတိဖြစ်စရာရှိနေတာပဲကို။ ငါ့ဘဝက အမြဲတမ်း ရှုပ်ထွေးနေတဲ့အရာတွေရှိနေဦးမှာပဲ။ ရှင်းပြီးလဲ အရှုပ်တွေပြန်ရောက်လာဦးမှာပဲ။ ရှင်းလိုက် ရှုပ်လိုက် ရှုပ်လိုက် ရှင်းလိုက် သံသရာလည်မှုကို အာရုံစိုက်လက်ခံ နေမယ်ဆိုရင် အစွန်း၂ဖက်ရလဒ် အပေါ် မှုနေစရာမလိုတော့ဘူးပေါ့။
ဖတ်ခဲ့ဖူးတဲ့ ဂျပန် အတွေးအခေါ်တစ်ခုဖြစ်တဲ့ “Wabi Sabi” philosophy ကိုသွားသတိရတယ်။ Wabi Sabi ဆိုတာ လူနဲ့အရာဝတ္တုတွေရဲ့ မတည်မြဲမှု ခြောက်ပစ်ကင်းသဲလဲစင်မဖြစ်မှု အပြစ်အနာအစာတွေ ရှိခြင်းဟာ အလှတရားပဲဆိုတာကိုပြောတယ်။ Buddhism ရှု့ထောင့်ကဆိုရင်တော့ Impermanence (အနိစ္စ) သဘောပါတာပေါ့။ ကွဲနေတဲ့ အိုးခွက်ပန်ကန်းတွေကို ရွှေရောင်ကော်နဲ့ကပ်ပြီး နဂိုလ်မူလပုံအတိုင်းပြန်ဖြစ်အောင်ပြန်ဆက်။ အပ်ကွဲကြောင်းတွေအကုန်လုံးက ရွှေရောင်နဲ့ထင်းနေတော့ အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်။
အပြစ်အနာအစာတွေရှိခြင်းဟာ ငါ့ဘဝရဲ့ အစိတ်အပိုင်းပဲ။ အရှုပ်တွေရှိခြင်းဟာငါ့ဘဝရဲ့ အစိတ်အပိုင်းပဲ။
စက်ရုပ်(Machines)တွေ၊ သဘာဝအလျောက်ဖြစ်လာတာမဟုတ်တဲ့ အသိဉာဏ်(AI)တွေလို တိကျသေချာပြတ်သား အကျိုးအကြောင်းခိုင်လုံ အမှားအယွင်းကင်းစင် ခြောက်ပစ်ကင်းသဲလဲစင်တဲ့ ရလဒ်တွေပေးအောင် ဆောက်တည်ထားတာမဟုတ်ပဲ ငါလို့လူတွေဟာ “အကျိုးအကြောင်း မခိုင်လုံတဲ့အရာတွေကို သိစိတ်ရှိစွာ ဆုံဖြတ် ရွေးချယ်ပြီး ဆောင်ရွက်တတ်တဲ့ အားနည်းချက် (Flaws)” ရှိတယ်။ အဲ့ဒီအားနည်းချက်ကပဲ လူသားနဲ့ စိတ်ဝိညာဉ်မရှိတဲ့ စက်ရုပ် Souless Machines တွေနဲ့ကွာစေတာပေါ့။ “ဒါရှိမှ ဒါထုတ်ပေးတယ်” ဆိုတာတွေကျော်လွန်ပြီး “ဒါမရှိလဲ ဒါထုတ်ပေးတယ်” ဆိုတဲ့ ကျိုးကြောင်းမဆီလျှော်မှုတွေကို ဆောင်ရွက်တဲ့ ရှုပ်ထွေးတဲ့ လူသားတွေပေါ့။အဲ့လို ရှုပ်ထွေးမှု၊အစဉ်မပြေမှု၊သက်တောင့်သက်သာမရှိမှု၊ အလိုမကျမှု “ဒုက္ခတရား” ရှိခြင်းကိုကပဲ ဘဝရဲ့ထပ်ပြီးခွဲခြမ်းစိတ်ဖြာလို့မရတော့တဲ့ ပျောက်သွားအောင် မည်သို့ပင် ပြုပြင်မွမ်းမံ ရည်ရွယ်ဆောင်ရွက်လို့မဖြစ်နိုင်တဲ့ အခြေခံသဘောတရားပဲပေါ့။ ဒါကြောင့် ငါတို့ရဲ့ “ဖြစ်တည်မှု” ရဲ့အနှစ်သာရ(Essence) ကိုယ်၌ကကို “ဒုက္ခတရား”ပဲလေ။ ဒီရှုပ်ထွေးမှု ဖြစ်စဉ်ကို ငြင်းဆန် မကျေမနပ်ဖြစ်ပြီး လက်မခံခြင်းဟာ ဘဝရဲ့အဓိပ္ပာယ်ရဲ့အနှစ်သာရ “ဒုက္ခတရား” ကို မျက်ကွယ်ပြုပြီး အစွန်းတဖက်ကိုပဲ စဉ်ဆက်မပျက်လိုချင်တပ်မက် ခြင်းကြောင့် သဟဇာတရှိ မျှတ တဲ့ “အလယ်အလတ်လမ်းစဉ်” ကိုမမြင်တွေ့ရခြင်းရဲ့အကြောင်းအရင်းပဲ။
သေးငယ်တဲ့ အရှုပ်တရားတွေကအစ ကြီးမားတဲ့ အရှုပ်တရားတွေအဆုံး အားလုံးက ဘဝဖြစ်တည်မှုရဲ့ အခြေခံအစိတ်အပိုင်းပဲ။ အဲ့ဒီအရှုပ်ထုတ်တွေကြားမှာပဲ မှန်ကန်တဲ့အပြုအမှုကို ရလဒ်ပေါ်မူမတည်ပဲ စဉ်ဆက်မပျက်ပြုမှုနေရုံပဲ။ အဲ့ဒီဆောင်ရွက်မှုက အလှတရားပဲ။ အနာဂတ် စက်ရုပ်နှလုံးသားရှိတဲ့လူသားတွေ မျက်စိဖွင့်တည်းက ပိတ်တဲ့အချိန်ထိ အရာအားလုံးက ပြည့်စုံမှု (Perfection)ကိုပဲပေးနေပြီ ဆိုရင် ပျင်းစရာကောင်း လက်ညှိးနဲ့ထိ တောင်းဆိုလိုက်ရုံနဲ့ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက် Physical “needs” စိတ်ပိုင်းဆိုင်ရာလိုအပ်ချက် Psychological “needs” တွေကို ခြောက်ပစ်ကင်းသဲလဲစင်စွာ ဖြည့်ဆည်းပေးလိုက်တဲ့အခါ ဘာမှမလို ဘာမှတွေးစရာမလို ဆင်ခြင်စရာမလို ဘာမှအားစိုက်စရာမလို ဘာမှအကျိုးပြုစရာမလို ပြဿနာ အရှုပ်တွေကင်းစင် “ဒုက္ခတရား”မရှိတော့ “ရှင်သန်မှု”ကလဲ မရှိတော့ မွေးတည်းက သေနေတဲ့ ဝိညာဉ်မဲ့ စက်ရုံလူသားတွေဖြစ်လာကုန်လိမ့်မယ်။ ဒါကြောင့် စက်ရုပ်တွေ AI နဲ့ငါတို့လူသားတွေနဲ့ ကွာခြားစေတဲ့အရာဟာ အဆင်မပြေမှု အခြင်းအရာတွေကို ပျောက်သွားအောင်ရည်ရွယ်ပြီးလုပ်တာမဟုတ်သလို ဖြစ်လာအောင်ရည်ရွယ်ပြီးလုပ်တာမဟုတ်တဲ့ ရှင်သန်မှုရဲ့ အစွန်း၂ဖက်ကိုရှောင်ပြီး “ဘာလာလာ” ဆိုတဲ့ “loss and gain, praise and blame, fame and disgrace, pleasure and pain” ဆိုတဲ့ “Eight Vicissitudes of Life (လောကဓံ ၈ပါးကို) ကိုမတုန်လှုပ်ပဲ “အလယ်အလတ်လမ်းစဉ်” ကိုအမြဲဆောင်ရွက်နေနိုင်အောင်ဆင်ခြင်နိုင်စွမ်းရှိခြင်းပဲ။ Taoism အရဆိုရင် အဆိုးထဲမှာ အကောင်း၊ အကောင်းထဲမှအဆိုး ဆန့်ကျင်ဖက်၂ခု အဖြူနဲ့အမည်းက အမြဲတူတူပေါင်းစည်းနေတယ်ဆိုတာ အမှန်တရားပဲ ☯️ ဒါကြောင့် အရှုပ်တရားတွေထဲမှာလဲ လှပခြင်းတရားတွေအမြဲရှိနေသလို လှပခြင်းတရားတွေထဲမှာ အရှုပ်အပွတွေအမြဲရှိနေမှာပဲ။ ဆန့်ကျင်ဖက်၂ခုဟာ ဝိရောဓိဖြစ်စွာတချိန်တည်းရှိခြင်းဟာ ရှင်သန်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုပေးတဲ့ နိယာမတစ်ခုပဲဖြစ်လိမ့်မယ်လို့တွေးမိတယ်။
အင်း…ဒါဆို ခေါင်းမာစွာလိုက်လျောညီထွေရှိတဲ့ (Stubbornly flexible) ကစဉ်ကလျားတွေနဲ့အစီအစဉ်ကျတဲ့ (Chaotically organized) နူးညံ့စွာသန်မာတဲ့(Gently strong) ပြည့်စုံစွာအပြစ်အနာအစာတွေရှိတဲ့ (Perfectly imperfect) အရှုပ်ထုတ် လူသားတွေဟာ “ရှင်သန်ခြင်းနဲ့ စစ်မှန်တဲ့အနှစ်သာရ” ကိုပြနေတဲ့ သက်ရှိဝိရောဓိ တွေပဲပေါ့။
ရှုပ်တာတော့ အမြဲရှုပ်နေမှာပဲ။ ဒါပေမယ့် လှပတဲ့အခြင်းအရာတွေကလဲအမြဲရောပြွန်းပြီး ရှိနေဦးမှာပဲဆိုတော့
“A Beautiful Mess”
“လှပတဲ့ အရှုပ်ထုတ်” လို့ ဓာတ်ပုံ theme ကိုနာမည်ပေးလိုက်တယ်။