ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

ရေကန်ကိုမျက်နှာမူထားတဲ့ မြက်ခင်းစိမ်းကွင်းပြင်ကျယ်ကြီးထဲမှာထိုင်ဖို့နေရာကိုလိုက်ရှာကြည့်တယ်။ နေသာတဲ့နေ့ဆိုတော့ လူတွေက ပုံမှန်နေထက်ပိုများတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူစုံတွဲတွေက မျက်ခင်းပြင်ကြီးပေါ်မှာ အုပ်စုလိုက်လေးတွေ ကျို့ကျို့ကြားကြားနဲ့ တစ်အုပ်နဲ့တစ်အုပ် ၁၀မိတာလောက်ခြားပြီး လဲလျောင်းနေကြတယ်။ တစ်ချို့ကလဲ နေကျတဲ့အခြမ်းမှာ တစ်ချို့ကလဲအရိပ်ကျတဲ့အခြမ်းမှာ တစ်ချို့ကလဲသစ်ပင်အောက်မှာ။ ထိုင်ဖို့နေရာရွေးဖို့မျက်ခင်းထဲဖြတ်လျှောက်လာရင်းနဲ့ လူနည်းတဲ့ နေကျနေတဲ့အခြမ်းကတစ်နေရာမှာပဲထိုင်ဖို့လုပ်လိုက်တယ်။ အချိန်ကလဲ နေလည့်၃နာရီလောက်ဆိုတော့ နေကပူလို့ကောင်းနေတုန်း။

နေရာတွေ့တော့ ကျောပိုးအိပ်ထဲက အခင်းကိုထုတ်ပြီးခင်းလိုက်တယ်။ ဖိနပ်ကိုချွတ်ပြီး အခင်းပေါ်မှာထိုင်ချလိုက်တယ်။ ပါလာတဲ့ကျောပိုးအိတ်ကိုခေါင်းအုံးလိုပဲအမြဲသဘောထားပြီး အုံးတော့ ခေါင်းချမယ့်နေရာကို ကျောပိုးအိတ်ကိုရွေ့လိုက်တယ်။ ကျောပိုးအိတ်ဆိုတော့ ခေါင်းအုံးလိုမနူးညံ့ဖူးပေါ့။ ကင်မရာကိုလဲထည့်လာလေ့ရှိတော့ ခေါင်းအုံးလိုက်ရင် အိတ်ထဲကကင်မရာကြီးက ကျောက်ခဲပေါ်မှာ ခေါင်းအုံးအိပ်နေရသလိုမျိုးနဲ့ မာမာနဲ့ ခေါင်းကနည်းနည်းနာတာပေါ့။ ဒါမယ့် ဘဝမှာ သက်တာင့်သက်သာ မရှိတာတွေနဲ့သက်တောင့်သက်သာရှိအောင်နေနိုင်တာလဲကောင်းတာပဲ “Being comfortable with uncomfortable things” လိုမှတ်ယူပြီး မာမာကျောကျောနဲ့ ပြင်မညီတဲ့ ကျောပိုးအိတ်ကိုခေါင်းအုံးအိပ်ပြီး နာတာတာ “ဒုက္ခတရား” လေးနဲ့ပဲနေသားကျနေတာတောင်ကြာနေပြီ။ မလဲခင် ပါလာတဲ့ဖတ်လက်စ ပြီးခါနီး ဟမ်းမင်းဝေးရဲ့ Men without women ဝတ္ထုတိုစာအုပ်ဖတ်ဖို့ ထုတ်လိုက်တယ်။ စမဖတ်ခင် နားကျပ်ကိုတပ်ပြီး ဖုန်းထဲက spotify ဖွင်ပြီးနားထောင်ဖို့သီချင်းရွေးတာပေါ့။ စာဖတ်တဲ့အချိိန်ဆို စာသားပါတဲ့သီချင်းတွေမရွေးဘူး။ အာရုံလွှင့်သွားမှာစိုးလို့။ အဲဒီအစား Calm/Anxiety တို့အတွက် ဆိုတဲ့ငြိမ်သက်နေတဲ့တီးလုံးပဲပါတဲ့သီချင်း playlist မျိုးပဲရွေးဖွင့်တယ်။ “Rain” မိုးရွာတဲ့အသံတွေပါတဲ့ playlist မျိုးဆိုပိုကြိုက်တယ်။ နယ်သာလန်မှာ ဒီလောက်မိုးခဏခဏရွာ တာ မိုးရေအသံကိုမငြီးငွေ့ဖူးလားလို့မေးရင် စာဖတ်တဲ့အချိန်တော့ နားထဲမှာ မိုးရေလေးတွေတဖွဲဖွဲကျနေတဲ့အသံ၊ အိမ်ခေါင်မိုးပေါ်တောက်တောက်တောက်တောက်နဲ့ကျနေတဲ့ မိုးရေစက်အသံ၊ မြေကြီးပေါ်သွန်းချနေတဲ့ မိုးရေတွေရဲ့ ကြားနေကျ စက်တောက်စက်တောက် သဘာဝအသံလေးက စိတ်ကိုညိမ့်ညောင်းသွားစေတယ်လို့ခံစားရတယ်။ ဘာတီးလုံးမှမဖွင့်ပဲ စာအုပ်ချည်းဖတ်နေတော့လဲ ဟာတာတာကြီးနဲ့တစ်ခုခုချို့တဲ့နေသလိုမျိုးကြီးခံစားရတော့ နောက်ခံစန္ဒရားသံလေးပဲဖြစ်ဖြစ် သဘာဝမိုးရေသံလေးပဲဖြစ်ဖြစ်ကြားနေရတာက စိတ်ရဲ့ထူးခြားတဲ့ ဝိရောဓိဖြစ်စဉ်လေးတစ်ခုကိုပေးစွမ်းတယ်။ ဘာအသံမှမကြားရတဲ့အချိန် စိတ်မငြိမ်သက်နိုင်ပဲ အသံတွေကြားနေရတဲ့အချိန်မှာကျ စိတ်ကငြိမ်သက်သွားတယ်။ အဲ့လိုနဲ့ မိုးရေသံတီးလုံးလေးတွေနားကျပ်နဲ့ဖွင့်နားထောင်ရင်း  ဟမ်းမင်းဝေး စာအုပ်ကိုကိုင်ပြီး မာမာကျောကျော ကျောပိုးအိတ်ပေါ်ကိုခေါင်းလဲချလိုက်တော့တာပဲ။ ၃မျက်နှာလောက်ဖတ်ပြီးတာနဲ့ပဲ ထုံးစံအတိုင်း လူကအိပ်ချင်လာရော။ ၂ပိုဒ်လောက် ရုန်းကန်ဖတ်ရင်း ခဏခဏငိုက်လာတာ့ “အချိန်ရောက်လာပြီ” ဆိုတဲ့အတိုင်း စာအုပ်ကိုရင်ဘက်ပေါ်တင် နေမျက်နှာတည့်တည့်မထိုးအောင် ဦးထုတ်ကိုမျက်နှာပေါ် လုံးဝမအုပ်ပဲ စောင်းစောင်းလေးပဲအုတ်ရင်း ခဏမှေးလိုက်တော့တာပဲ။

နာရီဝက်လောက်ခဏတစ်စိတ်မှေးပြီးပြင်နိုးလာတော့ စာအုပ်ကိုပြန်ကိုင်ပြီးဖက်လက်စလေးပြန်ဖတ်တာပဲ။ အပြင်မှာစာဖတ််တိုင်းတစ်ပုဒ်ပြီးအောင် သို့မဟုတ် အခန်းတစ်ခုပြီးအောင်တော့ဖတ်ချင်တာမို့ ဖတ်နေတာလေးကို အာရုံစူးစိုက်ပြီးဖတ်နေတာပေါ့။ အဲ့အချိန် ရှေ့က မလှမ်းမကမ်းက သဲပြင်နားမှာ ဘောလုံးကစားနေကျတဲ့ လူငယ်တွေရဲ့ပျော်ရွှင်အော်ဟစ်နေတဲ့အသံတွေကြားနေရတယ်။ ခွေးနဲ့လမ်းလျှောက်ထွက်နေတဲ့လူတွေရဲ့ခွေးလေးတွေကလဲ အနားကဖြတ်သွားတိုင်း လှဲနေတဲ့ကျွန်တော့အနားကိုလာပြီး နှာခေါင်းနဲ့နမ်းဆူးစမ်းတော့ သခင်တွေက သူတို့နာမည်ကိုခေါ်ပြီး ကျွန်တော့်ကိုလျှောက်မနမ်းဖို့ ဟန့်လိုက်တယ်။ တင်ပါးကိုအလုံးလိုက်မြင်ရတဲ့ ရေကူးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ကလဲ ယောကျာ်းလေးတစ်ယောက်နဲ့ ဘယ်ဘက်ကမလှမ်းမကန်းမှာ ဘောလုံးကစားနေတယ်။ စာဖတ်နေရင်းနဲ့သူ့ဆီအာရုံကရောက်ရောက်သွားလို့ ကြိုးစားပြန်ဆွဲခေါ်ရတယ်။ သူတို့နှစ်ယောက်ဘောလုံးကစားရပ်ပြီး သူတို့နေရာပြန်သွားပြီးသိပ်မကြာဖူး ချစ်သူရည်းစားအတွဲနှစ်ယောက်က ရောက်လာပြီး ဘယ်ဘက်အောက်နားမလှမ်းမကမ်းမှာ အခင်းခင်းပြီးထိုင်လိုက်ကျတယ်။ နှစ်ယောက်စကားပြောသံလေးတွေကြားနေရပြီး ခဏကြာတော့ငြိမ်သွားတယ်။ တစ်ချက်လှမ်းကြည့်တော့ ကောင်မလေးက စာအုပ်တစ်အုပ်ကိုထိုင်လျက်ဖတ်နေပြီး ကောင်လေးကတော့ Kindle လို့ထင်တဲ့ e reader လေးနဲ့စာအုပ်ဖတ်နေကြတယ်။ တစ်ယောက်က သာမန်ရိုးကျ old fashioned အတိုင်း ထိတွေ့ခိုင်တွယ်လို့ရတဲ့စာအုပ်ကိုပဲဖတ်နေပြီး နောက်တစ်ယောက်ကျတော့ ခေတ်ပေါ်နည်းပညာရဲ့ digital book ကိုပဲဖတ်နေတာကြည့်ရင်းနဲ့ စိတ်ထဲမှာ ဆန့်ကျင်ဖက်အရာနှစ်ခုဟာ တူညီတဲ့သဘောတရားတစ်ခုအပေါ်မှာအတူတူပေါင်းစည်းနေမှုကိုတွေးမိရင်း သေးငယ်တဲ့လှပမှုတစ်ခုကို စက္ကန့်ပိုင်းလောက်စိတ်ထဲကြည်နူးခံစားမိသွားတယ်။ အဲ့လိုနဲ့ကျွန်တော် စာအုပ်ကိုဆက်ဖတ်နေရင်းနဲ့ တစ်ပုဒ်ပြီးလို့ နောက်တစ်ပုဒ်ဖတ်နေတဲ့အချိန် ရင်းနှီးစွာကြားဖူးတဲ့ခပ်စူစူးပြတ်တောင်ပြတ်တောင်အသံလေးကြားမိလိုက်တယ်။ အသံလာရာကိုလှမ်းကြည့်လိုက်တော့ စောနက စာအုပ်ဖတ်နေတဲ့ ၂ယောက်မှ  ကောင်မလေးကအပေါ်ကနေ ကောင်လေးရဲနှုတ်ခမ်းကိုနူးညံ့စွာနမ်းနေတာကိုသွားတွေ့တယ်။ ဘီယာဘူးခွံလိုက်ကောက်တယ်လို့ထင်ရတဲ့ လူကြီးတစ်ယောက်ကလဲ သူတို့နှစ်ယောက်အနား နီးနီးလေးလာပြီး ဘီယာဘူးခွံရှာနေတယ်။ နူးညံတဲ့ အနမ်းခြင်းဖလှယ်မှုကို ဂရုစိုက်နေပုံမရပဲ ဘီယာဘူးများရှိလားပဲ အာရုံစိုက်နေတယ်ဆိုတာ သူမျက်နှာပေါ်မှာပေါ်လွှင်နေတယ်။ ချစ်သူနှစ်ယောက်ကလဲ သူစိမ်းလူတစ်ယောက် အနားရောက်နေတာတောင်သတိမထားမိပဲ နှုတ်ခမ်းခြင်းထိတွေ့မှုကထွက်လာတဲ့ အသံလေးပေါ်မှာပဲမေ့မြောနေပုံထောက်တယ်။ အဲ့လိုနဲ့ ကျွန်တော်လဲ ဖတ်နေတဲ့စာအုပ်ပဲပြန်အာရုံစူးစိုက်ပြီးနောက်တစ်ပုဒ်ပြီးအောင်ဆက်ဖတ်နေတော့တာပဲ။

၃ပုဒ်လောက်ဖတ်ပြီးတော့ စာအုပ်ကပြီးတော့မယ်။  ဒီညဖက်တာနဲ့ပြီးနိုင်တယ်ဆိုတာသိတယ်။ အဲဒါနဲ့ဒီနေ့ နောက်တစ်အုပ်အသစ်ထပ်သွားဝယ်ရင်ကောင်းမလားဆိုပြီး အချိန်ကိုကြည့်တော့ ၅နာရီ ၁၅ဝန်းကျင်လောက်ဖြစ်နေပြီ။ စာအုပ်ဆိုင်က ၆နာရီဆိုပိတ်ပြီဆိုတော့ သွားမှာနဲ့က အချိန်မလောက်တော့ဘူး။ မနက်ဖြန်မှပဲသွားဝယ်တော့မယ်ဆိုပြီးဖတ်တာကိုရပ်လိုက်တယ်။ ကျန်ရှိနေတဲ့ နေကျတဲ့အချိန်လေးကိုထိုင်ကြည့်ရင်းခံစားဦးမယ်ဆိုပြီး ထိုင်လျက် ရှေ့ကသဲပေါ်မှာ ဘောလုံးကစားနေတဲ့ လူငယ်တစ်အုပ်ကိုကျော်ပြီး ကန်ရေပြင်ကြီးကိုခဏငှေးကြည့်မိတယ်။ ဘေးနာက ချစ်သူစုံတွဲနှစ်ယောက်ကလဲ တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်းမှီရင်း ကျွန်တော့်လို ကန်ရေပြင်ဘက်ကိုငေးကြည့်နေတာကိုသတိထားမိတယ်။ အဲဒီအချိန် လွန်ခဲ့တဲ့ ၁၅မိနစ်လောက်တည်းက မသိစိတ်ကတွန်းအားပေးစေခိုင်းနေတဲ့အရာတစ်ခုကို မလုပ်ပဲငြင်းဆန်လာရင်းနဲ့နောက်ဆုံးမှာလက်လျှော့ပြီးလုပ်ကြည့်မယ်လို့ဆုံဖြတ်လိုက်တယ်။ အဲ့တာနဲ့ ဖုန်းထဲက notes ကိုဖွင့်ပြီး စာချရေးတော့တာပဲ။ စာရေးနေရင်း အချိန်အကန့်အသတ်ရှိတယ်ဆိုတာပြနေတဲ့ သင်္ကေတကိုသတိထားမိတော့ ဦးနှောက်ထဲမှာရှိတဲ့ တသွင်သွင်စီးမျှောနေတဲ့အတွေးတွေနဲ့ လတ်လတ်ဆပ်ဆပ်ရှိနေသေးတဲ့မှတ်ဉာဏ်တွေ မပျောက်သွားခင် ခပ်မြန်မြန်လေးချရေးတော့တာပဲ။ အဲလိုနဲ့ရေးနေရင်း အဆုံးသတ်စာကြောင်းနားကိုရောက်လာတော့ ဦးနှောက်က ကြိုပြီး ခေါင်းစဉ်ကို “ကောင်းမွန်သောစနေနေ့လေးတစ်ရက်” လို့ပေးရင်ကောင်းမယ်လို့ကြုံရွယ်ကာရှိနေတုန်းမှာပဲ

“Ah….shit”

ဖုန်းက ဘက်ထရီကုန်ပြီးပိတ်သွားတယ်။ 

 

7.9.24