ငယ်ငယ်တုန်းက ကိုယ့်ကိုကျွေးမွေးအုပ်ထိန်းသူ Caregiver နဲ့ကိုယ်နဲ့ကြားမှာရှိတဲ့ ဆက်ဆံရေးဟာ ကိုယ်အရွယ်ရောက်လာတဲ့အခါမှာရှိတဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအပြုအမှုအပေါ်ကို လွှမ်းမိုးမှုရှိတယ်လို့ဖတ်ဖူးတယ်။ အထူသဖြင့် ကျွန်တော်ရဲ့ စိတ်ဖိအားနဲ့စိတ်ခံစားမှု ထိန်းညိမှု Regulate လုပ်နိုင်စွမ်းက ပုံမှန်လူတစ်ယောက်ထက်ပိုပြီးခက်ခဲနေပါလားဆိုတာ အသက် ၃၀ဝန်းကျင်လောက်ရောက်တဲ့အခါသတိထားမိလာတယ်။ အထူးသဖြင့် စိတ်ညစ်စရာတွေခံစားချက်တွေ ဥပမာ ဒေါသထွက်သင့်ရင် ထွက်ရမယ်နေရာမျိုးမှာမထွက်ပဲ မြိုသိပ်လိုက်တယ်။ ရုတ်တရက်ကြည့်ရင် ဒေါသထိန်းချုပ်နိုင်တာ ကောင်းတာပဲလိုမြင်နိုင်ပေမယ့် တကယ်က ဒေါသကိုမြုံထားလိုက်ပြီး ဒေါသလုံးဝမဖြစ်သလို တခြားစိတ်ကိုချက်ချင်း စက္ကန့်ပိုင်းအတွင်းဖွင့်ပြီးနေထိုင်နိုင်တယ်။
မပစ်ပဲသိမ်းထားတဲ့ အမှိုက်ပြည့်နေတဲ့ အမှိုက်ပုံးလိုမျိုးပဲ။အခန်းထဲကြည့်လိုက်ရင် ဘာအမှိုက်မှမရှိဘူးပေါ့။ ဘာအနံ့မှလဲမရတော့ လူတွေက သန့်သန့်ရှင်းရှင်းပဲလိုထင်မှတ်တတ်ကြတယ်။ တကယ်က အမှိုက်ပုံးတွေထဲမှာ အမှိုက်တွေက အပြည့်ပဲ
အချိန်တစ်ခုရောက်ရင် သွန်စရာရှိတာ သွန်ရမယ့် အမှိုက်တွေကို မသွန်ပဲ အဖုံးလေးအပေါ်ကပိတ်အုပ်ထားလိုက်ပြီး နောက်ပုံးအသစ်အလွတ်ထံ ကို အမှိုက်အသစ်တွေထပ်ထည့်သလိုမျိုးပေါ့။ ပထမပုံးက အမှိုက်တွေ့နဲ့ပြည့်နေပြီ မသွန်သေးဘူး နောက်တစ်ပုံးကပါ အမှိုက်အသစ်တွေနဲ့ထပ်ပြည့်နေပြီ။ အဲ့ ဒုတိယပုံးကိုလဲ အဖုံးလေးပဲအုပ်လိုက်ပြီး နောက်အမှိုက်အသစ်တွေကို နောက်ပုံးအလွတ်အသစ်တစ်လုံးယူပြီးထည့်သလိုမျိုးပဲ။ အဲ့တော့ လူတွေကကျွန်တော့် အခန်းထဲကို ကြည့်ရင်အမှိုက်တွေ ဘာမှမရှိဘူးကြည့်စမ်း ရှင်းလင်းနေတာပဲလို့ထင်ကြတယ်။ တကယ်က ပစ်ရမယ့် အမှိုက်ပုံးတွေအများကြီးကို မပစ်ပဲ အဖုံးတွေနဲ့ပိတ်ထားတော့ ဘာအနဲ့မှမထွက်ပဲ အခန်းက ရှင်းလင်းနေတယ်လို့ထင်ရတာ။ လွန်ခဲ့တဲ့ ၃၊၄နှစ်က အမှိုက်တွေကို အခုထိ မပစ်ပဲသိမ်းထားတုန်း။ ရံဖန်ရံခါ အဖုံးလေးအသားလေးသွားလှပ်ကြည့်မိရင် အနံ့တွေက ထောင်းခနဲ့ထွက်လာလို့ ချက်ချင်းပြန်ဖုံးလိုက်ရတယ်။ အဲ့လိုနဲ့ တစ်ရက် မတော်တဆ အမှိုက်ပုံးတစ်ခုကို ခလုပ်တိုက်မိပြီး အဲဲဒီမှာ အထပ်ထပ် စီထားတဲ့ အမှိုက်ပုံးတွေကအားလုံးပြုတ်ကျပြီး ကာလများကြာ မပစ်ပဲထားထားတဲ့ အမှိုက်တွေအကုန်းလုံး ဝေါခနဲထွက်လာပြီး အခန်းကနေလို့မရအောင်နံ့ပါလေရော။ ပြန်သန့်ရှင်းရေးလုပ်ရတာ လူကိုချုံးချုံးကျနေတာပေ့ါ။
ကျွန်တော်ရဲ့ စိတ်ညစ်စရာတွေ စိတ်ဖိစီးမှုတွေကလဲ အဲ့လိုအလားသဏ္ဏန်တူတယ်။ ကိုယ်စိတ်ညစ်နေတယ်ဆိုရင် စိတ်ညစ်နေတယ်ဆိုတဲ့ စိတ်ကိုခွင့်ပြုပြီးသူကို သုံးသပ်ကိုယ်တွယ်ပြီးရင် စွန့်ပစ်လိုက်ရမယ်ဥစ္စာ မပစ်ပဲသိမ်းသိမ်းထား။ Release မလုပ်ပဲ Suppress လုပ်ထားတဲပုံစံဖြစ်နေတယ်။ ပုံမှန်လူတစ်ယောက်ဆိုရင် စိတ်ညစ်တဲ့အချိန်ဆို “ငါစိတ်ညစ်နေတယ်” ဆိုပြီး အချိန်ကာလ အပိုင်းအခြားလေးတစ်ခုပေးပြီး ကိုယ်ဟာကိုယ် အဲ့စိတ်ကလေးပျောက်သွားအထိ နေတတ်ကြတယ်။ ဥပမာ ပြောရရင် ဘာအလုပ်မှမလုပ်ပဲနေတာတို့ ခဏစိတ်ပြေလက်ပျောက် အနားယူတာတို့ တကိုယ်တည်းသီးသန့် အချိန်လေးပေးပြီး အေးဆေးနေတာတို့လုပ်တတ်ကြတယ်။ စိတ်ဖိစီးမှု ပျောက်သွားပြီးဆိုကာမှ တခြားအရာတွေဆက်ပြုမူဆောင်ရွက်လေ့ရှိကြတယ်။ အမှိုက်ပုံးပြည့်သွားပြီဆို သွားသွန်ပြီးမှ နောက်ထပ် အမှိုက်သစ်တွေ ထပ်ထည့်ကြသလိုမျိုးပေါ့။ ကျွန်တော့်ရဲ့ အားနည်းချက်ကြတော့ စိတ်ဖိစီးနေလဲ မပျော်မရွှင်ဖြစ်နေလဲ အဲ့ဒီစိတ်တွေကိုချက်ခြင်း ဖိထားလိုက်ပြီး ကိုယ်ကိုယ်ကိုနားဖို့ အချိန်မပေးပဲ ကျန်တဲ့အလုပ်တွေပုံမှန်လိုဆက်လုပ် စိတ်ဖိစီးမှုတွေထပ်ထည့်။ အရင်အဟောင်းတွေက မပစ်ရသေးဘူး နောက်ထပ် stress အသစ်တွေထပ်ထပ်တည့်။ လူတွေအမြင်မှတော့ ဘာ စိတ်ဖိစီးမှုမှမရှိပဲ ကျွန်တော်အလုပ်လုပ်နိုင်တယ်လို့မြင်နေကြတယ်။ ကိုယ်၌ကလဲ ပိုပြီးအလုပ်လုပ်ချင်တဲ့ ဆန္ဒရယ် ပိုကောင်းအောင်လုပ်ချင်တဲ့ဆန္ဒရယ် ပိုအပင်ပန်းခံနိုင်တယ်ဆိုတာသိတဲ့အတွက် ဘာပဲလုပ်လုပ်ကောင်းအောင်လုပ်ချင်တာကြောင့် အမြဲတမ်း အလုပ်ကိုတစ်ခုပြီးတစ်ခုဆက်တိုက်လုပ်နေတတ်တယ်။ စိတ်ညစ်နေလဲ အချိန်မပေးပဲ stress ကိုဖိထားပြီးဘာမှမဖြစ်သလို ပုံစံနဲ့ လုပ်စရာရှိတာတွေအမြဲဆက်လုပ်နေမိတယ်။ အဲဒီတော့ လူတွေအမြင်မှာတော့ ကျွန်တော်က အမြဲတမ်းပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေနဲ့ ဘာစိတ်ဖိစီးမှုမှမရှိတဲ့ပုံစံလို့ပေါက်နေတတ်တယ်။ ဒါပေမယ့် နည်းနည်းအားကောင်းတဲ့ စိတ်ဖိစီးမှုတစ်ခုရလိုက်ပြီဆိုတာနဲ့ ရှေ့ကမပစ်ထားတဲ့ စိတ်ဖိစီးမှုတွေပါ အကုန်တပြိုင်တည်းပိပြီး လူက စိတ်ခွန်းအားလုံးဝကျသွားတတ်တယ်။ အဲ့ဒီတော့ ကျွန်တော့်ပါးစပ်က “စိတ်ညစ်နေတယ်” လို့ပြောတဲ့အချိန်ဟာ သာမန်လူတစ်ယောက် စိတ်ညစ်နေတယ် လို့ပြောတဲ့ ပြင်းအားနဲ့မတူပဲ ရှိသမျှ “စိတ်ဖိစီးမှုအမှိုက်ပုံး” တွေအကုန်မှောက်နေတဲ့အချိန်၊ လုံးဝကို စိတ်ကအားယုတ်သွားပြီးဆိုတဲ့အချိန်မျိုးပဲ။ တစ်ပတ်တစ်ခါ ပစ်ရမယ့် အမှိုက်ပုံးကို မပစ်ပဲ ၃လကြာမှ အမှိုက်ပုံးတွေ၁၀ပုံးလောက်အကုန် ပေါင်းပစ်နေရသလိုမျိုးပဲ။ စိတ်အင်မတန်ပင်ပန်းရတယ်။
ကျွန်တော့်ရဲ့ ဒေါသကလဲ အဲလိုမျိုးပုံစံအတိုင်းပဲ။ ဒေါသဖြစ်သင့်တဲ့အချိန်မှ ဖြစ်ပြီးလွှင့်ထုတ်လိုက်ရမှာကို မထုတ်ပဲ စိတ်ခံစားမှု Emotion ကို ဖိသိပ် suppress လုပ်ထားတတ်တယ်။ မီးငြိမ်းနေတဲ့ မီးတောင် Extinct volcano လိုမျိုးပဲ။
မီးငြီမ်းတဲ့ မီးတောင်ဆိုတော့ လူတွေက မပေါက်တော့ဘူးပဲ ထင်နေကြတာ။ မပေါက်တာ နှစ်နဲ့ချီနေပြီဆိုတော့ လူတွေက ဘာမှမဖြစ်ဖူးပဲထင်နေကြတာ။ တစ်ရက်ကြတော့မှ ရုတ်တရက်ကြီး မီးတောင်က ထပေါက်တဲ့ အခါ ရှိသမျှပေးပတ်ဝန်းကျင် အကုန်လောင်ပြီး ဖျက်စီးပစ်သလိုမျိုးပဲပေါ့။
ရှိသမျှ စိတ်ခံစားမှု ဒေါသတွေကိုမြိုသိပ်ထားလိုက်တာ လပေါင်းများစွာကြာပြီး မခံနိုင်တော့တဲ့ တစ်ရက်ကြတော့မှ အကုန်ပွင့်ထွက်တဲ့အခါ လူတွေက ကျွန်တော့် ဒေါသကို အံ့သြသွားတတ်ကြတယ်။ ဘာလိုလဲဆိုတော့ ထိန်းချုပ်လို့ မရလောက်အောင် ဒေါသက ထောင်းခနဲထွက်ပြီး ကိုယ်လဲလောင် သူလဲလောင်ရမယ်ဆိုပြီး ဒေါသထွက်အောင် လုပ်တဲ့လူကိုပြာကျအောင် တုံ့ပြန်လေ့ရှိတာကြောင့်ပါ။ သည်းခံနိုင်စွမ်း ဂိတ်ဆုံးကို ရောက်သွားပြီးဆိုတာနဲ့ စိတ်က Mother Terasa ကနေ Hitler ပုံစံကို စက္ကန့်ပိုင်းအတွင်းချက်ချင်းပြောင်းသွားပြီး နဂိုလ်မူလ သည်းခံခွင့်လွှတ်ပေးမှုတွေက နာကျည်း လက်တုံ့ပြန်မှုတွေအဖြစ် ကူးပြောင်းသွားတယ်။ ဒါကြောင့် မီးငြိမ်းမီးတောင်ကြီး ရုတ်တရက်အကောင်းကနေထပေါက်သလိုမျိုးပဲပေါ့။
ဒီလို စိတ်ဖိအား နဲ့ စိတ်ခံစားမှု တွေကိုမြိုသိပ်ထားပြီး အချိန်တစ်ခုရောက်မှ စုပြုံပြီးပစ်လွှတ်တတ်တဲ့အပြုအမူဟာ ကျွန်တော့်ရဲ့အားနည်းချက်တွေထဲကတစ်ခုလဲဖြစ်သလို ဒီ Stress နဲ့ Emotion တွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ Regulate လုပ်နိုင်ဖို့က ကျွန်တော်အတွက် စိန်ခေါ်မှုတစ်ခုလဲဖြစ်တယ်။ ဒီ အပြုအမှုတွေရဲ့ ပြဿနအရင်းအမြစ်ကလဲ ငယ်ဘဝ(Childhood) မှာ ကိုယ့်ကိုအုပ်ထိန်းသူ Cargiver ကဘယ်လိုအုပ်ထိန်းခဲ့သလဲပေါ်မှာမူတယ်လို့ Child psychology နဲ့ဆိုင်တဲ့ စာအုပ်တွေထဲမှာဖတ်ခဲ့ဖူးတယ်။ ဥပမာ ကလေးဘဝတည်းက မိဘက ရိုက်တာ၊ ငိုတာကိုမကြိုက် ငိုရင်ပိုရိုက်တာတို့ အစရှိတဲ့ စိတ်ခံစားမှုကို မျှတစွာလွှတ်ထုတ်ခွင့်မပေးပဲ ဖိအားတွေ၊ အကြောက်တရားတွေနဲ့ ပိတ်ခိုင်းထားခဲ့တဲ့အတွက် ကြီးလာတဲ့အခါ ကျွန်တော်လို့ပြဿနာမျိုးတွေကြုံလာရတယ်။ စိတ်မကောင်းစရာ ကောင်းတာက ဒီစာရေးနေတဲ့အချိန်ထိ ကျွန်တို့မြန်မာနိုင်ငံမှာ စိတ်ပညာတို့ ဘယ်သူမှစိတ်မဝင်စား Child psychology တို့ဆိုဝေလာဝေးရော။ Parenting ဆိုတာ သေချာစနစ်တကျ စာအုပ်တွေဖတ်လေ့လာပြီးမှ အသုံးချရမယ်ဆိုတာမသိတော့ မြောက်မြားစွာသော မှားယွင်းတဲ့ အုပ်ထိန်းမှုပုံစံတွေ ဆွေစင်မျိုးဆက်ပြုမူနေကျတုန်းပဲ။ နောက်ပိုင်း ကျွန်တော်တို့ရဲ့ငယ်စဥ်ဘဝ childhood က ကျွန်တော်တို့ကျန်ရှိတဲ့ ဘဝတသက်လုံးစာအတွက်ဘယ်လောက်လွှမ်းမိုးမှုရှိသလဲ “The child is father of a man” ဆိုတာဘယ်လိုလဲဆိုတာ စိတ်ပညာရှုထောင့်ကနေ သုံးသပ်ပြီးရေးသားမျှဝေချင်သေးတယ်။ လောလောဆယ်တော့ ကျွန်တော့်ရဲ့ ဒီအားနည်းချက်တစ်ခုကိုပြင်ဖို့ကြိုးစားနေရဆဲပေါ့။