စက်ဘီးနောက်ဘီးက လေလျော့ပြီး တာယာကပြားသွားတယ်။
“Ah…shit!!!”
စက်ဘီးငှါးတဲ့ဆိုင်ကို ညနေ ၅နာရီအမှီပြန်အပ်ကမှာ။ အချိန်ကိုကြည့်လိုက်တော့ ၄နာရီထိုးနေပြီ။ လမ်းလျှောက်သွားရင် ၂နာရီစွန်းစွန်းလောက်ကြာမှာ။ အဝေးကြီး။ ၅နာရီမမှီဘူး။ အချိန်မှီပြန်မအပ်နိုင်ရင် နောက်တစ်ရက်စာထပ်ပေးရမှာ မပေးချင်ဘူး။ အဲ့ဒါနဲ့ စက်ဘီးလမ်းပေါ်မှာ ခဏရပ်ပြီး ဘာလုပ်ရမလဲစဉ်းစားနေတုန်းမှာပဲ တခြားဘက်နေ စက်ဘီးကိုယ်စီနဲ့နင်းလာတဲ့ မိသားစု၄ယောက်ထဲက အမျိုးသားကခဏရပ်ပြီး
“Do you have a repair kit?” လို့မေးတယ်။
“No”
“Do you have a pump?”
“No”
“Is it your bike?”
“Nope. I rent it.”
“Where are you going?”
“Tarvisio”
“Tarvisio? Umm…quite far.”
“Yeah. I have to return it by 5.”
“I don’t think I can make it.”
လို့ကျွန်တော်ပြောတော့ သူလဲစဉ်းစားသွားတယ်။ သူဇနီးရော ၅နှစ်အရွယ်လောက်ရှိတဲ့ ကလေး၂ယောက်ရော စက်ဘီးလေးတွေရပ်ပြီး ကျွန်တော့်နဲ့ စကားဆက်ပြောတယ်။

“မင်းအဲ့တော့ ဘယ်လိုလုပ်မလဲ” ဆိုတော့
“ငါ စက်ဘီးဆိုင်ကိုဖုန်းလှမ်းဆက်လိုက်ပြီး အကျိုးအကြောင်းပြောလိုက်မယ်”
“သူတို့ ဘာကူညီပေးနိုင်မလဲပေါ့”
ကျွန်တော်ဖုန်းဆက်တာကို သူတို့ မိသားစုကစောင့်ပေးပြီး အခြေအနေဘယ်လိုဖြစ်မလဲဆိုတာ သိချင်တဲ့ပုံနဲ့ဘေးနားမှာရပ်စောင့်ပေးနေတယ်။
ရောက်နေတဲ့ နေရာကလဲ တောထဲက စက်ဘီးလမ်းမှာ။ မြို့တွင်းရထား Metro တွေ လမ်းပေါ်ရထား Tram တွေအနားမှာရှိတာ မဟုတ်ဘူး။ အဲဒီတော့ နယ်သာလန်လို့ ရထားပေါ်လဲတင်ပြီး ပြန်လို့မရတိုင်ပတ်တာပဲ။
ဆိုင်ကိုဖုန်းဆက်ပြီးရှင်းပြတော့ ဆိုင်ရှင်အမျိုးသမီးက ပုံမှန်ဆို လမ်းမှာစက်ဘီးတစ်ခုခုဖြစ်ရင် သူတို့ Van ကားနဲ့လာသယ်ပေးတယ်။ အခုက အချိန်က ၄နာရီလောက်ရှိပြီးဆိုတော့ Van ကားကလဲ မရှိတော့ဘူး။ ဒါပေမယ့် “ငါ တစ်ခုခုစဉ်းစားလိုက်ဦးမယ်။ ပြီးရင်နင့်ကိုပြန်ခေါ်မယ်ဆိုပြီးပြောတော့ ကျွန်တော်လဲစောင့်နေရင်းနဲ့ပဲ စောနက လင်မယား၂ယောက်ကို အကျိုးအကြောင်းရှင်းပြလိုက်တယ်။

ရာသီဥတုက ကောင်းနေတော့ စက်ဘီးနင်းရတာ အတော်ကောင်းတယ်။ ဒီနေရာကလဲ တောင်တွေ သစ်တောတွေထဲ ဖြတ်ပြီး လှပတဲ့ရေကန်ဆီကို နင်းလို့ရတဲ့ လမ်းကြောင်းရှိတာကြောင့် ခရီးသွားတွေနှစ်သက်တဲ့ စက်ဘီးလမ်းကြောင်းတစ်ခုပေါ့။
သူတို့ မိသားစု စက်ဘီးဆက်နင်းသွားမယ်ထင်တာ။ မဟုတ်ဖူး ကျွန်တော့်နားမှာပဲရပ်စောင့်ပေးနေတယ်။ တော်တော်ကူညီပေးချင်တဲ့ ဇနီမောင်နှံနှစ်ယောက်ပဲ။
“ငါ့ဆီမှာ လေထိုးပန့်ရှိတယ်။ ငါတို့ Van ကားက ဒီနားနဲ နီးနီးလေး မှာရပ်ထားတာ။ ငါသွားယူပြီး မင်းဘီးကို လေထိုးပေးကြည့်လို့ရတယ်။ ဒါ့မယ် မင်းဟာက ဘီးပေါက်တာလား ပုံမှန်လေးလျော့တာလားတော့ သေချာမသိဘူး”
“အေး..မင်းယူပေးနိုင်မယ်ဆိုရင် ကျေးဇူးတင်ရမှာပဲ”
ဆိုတော့ သူက သူ့ဇနီးကို သူတို့ဘာသာစကားနဲ့ စကားခဏပြောလိုက်ပြီး လေထိုးပန့်ယူဖို့ စက်ဘီးနင်းပြီး နောက်ကြောင်းပြန်လှည့်သွားတယ်။
သူတို့စကားပြောတာကို နားထောင်မိတော့ ဘာသာစကားက Slavic လို့ထင်လို့ ရောက်နေတဲ့ နေရာကလဲ Slovenia နဲ့နီးတာဆိုတော့ ကျန်ခဲ့တဲ့ အမျိုးသမီးကို
“Are you from Slovenia?” လို့မေးတော့
“No. We are from Czech Republic.” တဲ့
“ဪ…Czech ကလား”
“ဝေးတာပဲ”
“ဒီအထိတောင်လာတယ်။ ဒါအပန်းဖြေခရီးလာတာပေါ့” ဆိုတော့
“အေး ဟုတ်တယ်” တဲ့

အဲ့ဒီအချိန် စက်ဘီးဆိုင်က ဖုန်းပြန်ဆက်တော့ကိုင်လိုက်တယ်။ တခြား Van ကားတစ်စီးကို အကူအညီတောင်းထားတယ်။ ကျွန်တော့်ကိုလာကြိုပေးမယ်ပြောတော့ စိတ်အေးသွားတာပေါ့။
“Where are you now?”
“Ah…Close to Fusine. The location is um….”
နေရာက စက်ဘီးလမ်းပေါ်မှာဆိုတော့ အတိအကျ ဘယ်ကိုလာကြိုခိုင်းရမလဲ မသိစဉ်းစားနေတဲ့ အချိန်မှာပဲ ဘေးက Czech အမျိုးသမီးက
“ငါတို့ကားရပ်ထားတဲ့ နေရာနားမှာ စားသောက်ဆိုင်တစ်ခုရှိတယ် အဲ့ကိုလာကြိုခိုင်းလိုက်”
ဆိုပြီး သူက Google maps ကနေဆိုင်နေရာ ရှာပြီး ဆိုင်နာမည်ကိုပြောတော့ ကျွန်တော်လဲဖုန်းထဲက အမျိုးသမီးကို အဲ့ဆိုင်နာမည်ကိုလှမ်းပြောလိုက်တာပေါ့။
Location ပို့လို့ရမလားဆိုတော့ ဒီနံပတ် WhatsApp ကိုလှမ်းပို့လို့ရတယ်ဆိုလို့ WhatsApp မှာ သူ့နံပတ်ကိုရှာ ပိုဖို့လုပ်တာပေါ့။
အဲ့လိုနဲ့ ဖုန်းနဲ့စကားပြော စာရိုက်လုပ်နေတဲ့အချိန်မှာပဲ ဘေးက Czech အမျိုးသမီးက ကျွန်တော့် ကျောပိုးအိတ် Backpack ရဲ့အပြင်ဘေးအိတ်မှာ ထည့်ထားတဲ့ သံဘူး လေးကိုမြင်သွားတော့ အံ့ဩပျော်ရွှင်သွားတဲ့ လေယူလေသိမ်းနဲ့
“Ah..ha…you have *this*.”
ဆိုပြီး သူတို့ဘာသာစကားနဲ့ အခေါ်အဝေါ်တစ်ခုခုကိုပြောလိုက်ပြီး ကျွန်တော့်ဘူးလေးကို လက်ညိုးနဲ့ “တိန် တိန်” ဆိုပြီး ၂ချက်လာခေါက်တယ်။

“ငါတို့ Czech မှာတောင်ပေါ်သွားရင် အဲ့လိုဘူး မျိုးသယ်သွားလေ့ရှိတာ”
“ဟုတ်လား” ဆိုပြီး စက်ဘီးဆိုင်နဲ့ whatsapp ကနေ စာအပြန်လှန်ရိုက်ရင်းနဲ့ သူ့ကိုပြန်ပြောတာပေါ့။
ကျွန်တော် အာရုံများနေတာကိုမြင်တော့ သူက
“အေး..အေး နင်လုပ်စရာရှိတာ ဆက်လုပ်ပါဆိုပြီး” စကားဆက်မပြောပဲရပ်လိုက်တယ်။
ကျွန်တော်က တဖက်က ဖုန်းထဲမှာ စာရိုက်နေရင်းတန်းလန်းနဲ့ပဲ
“ငါ whiskey ထည့်လာတာ အဲ့ဘူးလေးနဲ့” ဆိုပြီး သူမျက်နှာကိုမကြည့်ပဲနဲ့ပြောလိုက်တယ်။

အဲ့အချိန်မှာပဲ သူ့အမျိုးသားက လေထိုးပန့်နဲ့ ပြန်ရောက်လာပါရော။ အဲ့ဒီမှာ သူ့အမျိုးသမီးက
“အေး…လေထိုးပန့် မလိုလောက်တော့ဘူးထင်တယ်”
“အခု သူ့ကို ဆိုင်က ကားနဲ့လာခေါ်တော့မှာ” လို့ပြောတော့ သူအမျိုးသားကလဲ
“ဟုတ်လား ကောင်းတာပေါ့”
“အဲ့ဒါဆို စမ်းထိုးကြည့်စရာမလိုလောက်တော့ပါဘူး”
“ဟုတ်တယ် ကားလာမှာပဲဆိုတော့ ထိုးဖို့မလို့တော့ပါဘူး”
“ဒါပေမယ့် မင်းတို့ ငါကိုအခုလိုကူညီပေးတာ အင်မတန်ကို ကျေးဇူးတင်တယ်”
လို့ပြောတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်ကလဲ “ရပါတယ် ပြဿနာ” မရှိပါဘူးဆိုပြီး ပြုံးပြပြီးနှုတ်ဆက်ပြီ မိသားစု၄ယောက် စက်ဘီးကိုယ်စီနဲ့ဆက်နင်းသွားကြတယ်။

စောနက သံဘူး အကြောင်းကိုဆက်ပြောချင်ပေမယ့် စကားဆက်ဖို့က အခြေအနေမရတော့တာကြောင့် ဆက်မပြောလိုက်ရဘူးပေါ့။ ဒါပေမယ့် စားသောက်ဆိုင်နားကို စက်ဘီးနဲ့တွန်းသွားပြီး လာခေါ်မယ့် Van ကားကိုစောင့်နေတုန်းမှာပဲ စိတ်ကမနေနိုင်ဘူး။ စောန အမျိုးသမီးရဲ့ အံ့ဩတုံ့ပြန်ပုံအမူအရာကို ကြည်ပြီး ဒီသံဘူး ဟာ သူတို့ Czech လူမျိုးတွေရဲ့ ရင်ကျေးမှုဖြစ်ဖြစ် ဓလေ့ ဖြစ်ဖြစ် တစ်ခုခုဆက်စပ်ပြီ အရေးပါတဲ့အရာဖြစ်လိမ့်မယ်ဆိုပြီး သိချင်စိတ်ပြင်းပြစွာနဲ့ Google မှာ အဓိကစကားလုံး Keywords တွေရိုက်ရှာဖတ်ကြည့်တော့မှ စိတ်ဝင်စားစရာတစ်ခုကိုသွားတွေ့တယ်။
သူတို့ Czech လူမျိုးတွေရဲ့ ရိုးရာဓလေ့ တစ်ခုမှာ ခြေလျင်တောင်တက်သွားတဲ့သူ (Hiker) တွေ မုဆိုး(Hunter) တွေဟာ တောတွေတောင်တွေထဲသွားတဲ့ ဒီလို ခါးချိတ်သံဘူး Hip Flask လေးကို သယ်သယ်သွားတဲ့ ဓလေ့ရှိတယ်။ အထဲမှာ သူတို့ ရိုးရာအရက်ပြင်း Traditional Spirit ကိုထည့်သွားလေ့ရှိတယ်တဲ့။

Czech လူမျိုးတွေမှာ တောထဲတောင်ထဲခရီးသွား ဓလေ့ဟာအင်မတန်ကြီးမားပြီးတော့ ဒီခါးချိတ်သံဘူးလေးက သူတို့ Hiking ရိုးရာဓလေ့ရဲ့ အထင်ကရသင်္ကေတ တစ်ခုဖြစ်တယ်တဲ့။ လေအေးတွေတိုက်တဲ့အချိန် နွေးအောင်သောက်တာ သို့မဟုတ် တောင်ထိပ် (summit) ကိုရောက်တဲ့အခါ သူငယ်ချင်းတွေနဲ့အတူတူ အောင်ပွဲခံတဲ့အနေနဲ့သောက်တတ်ကြတယ်တဲ့။ အဲ့တာကြောင့်လဲ စောနက အမျိုးသမီးက ကျွန်တော့် သံဘူးလေးကိုမြင်တော့ အံဩပျော်ရွှင်သွားတဲ့လေသံနဲ့
“နင်မှာ ဒီဘူးလေးရှိတယ်ကြည့်စမ်း” ဆိုပြီး ဘူးကို ၂ချက်လာခေါက်သွားတာ။
သူတို့ဘာသာစကား အခေါ်အဝေါ်နဲ့က အဲဒီခါးချိတ်သံဘူးကို
“Placatka” (ပလာစာကာ) လို့ခေါ်တယ်တဲ့။
ဘယ်သူသိမှာတုန်း။ ဥရောပမှာ နေတဲ့သူတွေ Czech နိုင်ငံကိုရောက်တဲ့အခါဖြစ်စေ Czech မိတ်ဆွေ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါဖြစ်စေ ဒီလို Hip flask လေးပြကြည့်ရင် သူတို့တုံ့ပြန်မှု အမူအရာက ဘယ်လိုများဖြစ်သွားမလဲ။ မြန်မာလူမျိုးတစ်ယောက် နိုင်ငံခြားရောက်နေတဲ့အချိန် လမ်းမှာ တခြားနိုင်ငံခြားသားအမျိုးသမီးတစ်ဦး ပါးမှာ သနပ်ခါးလိမ်းလာတာ မြင်လိုက်ရသလိုများဖြစ်နေမလားပဲ။
Thanks for reading.


