❝ထမင်းတောင် ည၁၀နာရီခွဲမှစားဖြစ်တယ်❞

“You took the picture of us.”

ဆိုပြီး ရွှေရောင်ဆံပင် ကောက်ကောက်နဲ့ အမျိုးသမီးက လမ်းလျှောက်နေတဲ့ကျွန်တော့်ကို ဘေးနားကပ်ပြောတော့ သူ့ကိုလှည့်ကြည့်လိုက်တယ်။ 

သူမျက်နှာက ကျွန်တော်တော်တို့ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ ပထမဦးဆုံး Jurrassic Park ရုပ်ရှင်ဇာတ်ကားထဲက ခေါင်းဆောင်မင်းသမီးနဲ့တော်တော်ဆင်တယ်။

“I did? I…I don’t remember you.”

သူမျက်နှာကို မမှတ်မိဘူး။ 

“ဒီနေ့ရိုက်ပေးလိုက်တဲ့သူတွေထဲမှာ သူမပါပါဘူး”

“နေပါဦး… Austrian မနှစ်ယောက်ကိုရိုက်ပေးတယ်”

“ပြီးတော့ Italian မိသားစုလေးယောက်ကိုရိုက်ပေးတယ်”

“ပြီးတော့ Russian မတစ်ယောက်။ အဲ…အဲ့Russian မကို ငါမရိုက်ပေးလိုက်ရဘူး။ သူကပဲငါ့ကိုပြန်ရိုက်ပေးသွားတာ”

“ပြီးရင် Singaporian လင်မယားနှစ်ယောက်ကိုရိုက်ပေးတယ်”

“ပြီးရင် ပြင်သစ်နဲ့ အမေရိကန်နဲ့ယူထားတဲ့ လင်မယားနှစ်ယောက်။ အဲ…အဲ့နှစ်ယောက်ကိုလဲ တစ်ကယ်ကငါမရိုက်ပေးလိုက်ရပါဘူး။ American အမျိုးသမီးကပဲ ငါ့ကိုပြန်ရိုက်ပေးသွားတာ”

“ငါ ရိုက်ပေးတဲ့သူတွေထဲမှာ သူလုံးဝမပါပါဘူး” ဆိုပြီးစဉ်းစားနေတုန်း သူက

“ငါ့ သူငယ်ချင်းက နင်နဲ့ဓာတ်ပုံတူတူတွဲရိုက်ချင်တာ။ နင်က သူ့အတွက် အထူးစပရှယ် You are very special ” လို့ပြောတော့ ကိုယ်ကိုချီးမွမ်းတော့ စိတ်က ၄၀% လောက်ပျော်သွားပေမယ့် ၆၀%နှုန်းလောက်က ပဟေဠိတွေပိုဖြစ်သွားတယ်။

“ဘယ်သူတွေတုန်း…ဘယ်ကသူငယ်ချင်းတွေတုန်း…ငါ့ကိုလူများမှားနေတာလား” 

ဆိုပြီးစဉ်းစားမရဖြစ်နေရင်းနဲ့ပဲ တူတူဘေးချင်းယှဉ်ဆက်လျှောက်လာခဲ့တယ်။

Cima del Cacciatore တောင်ထိပ်ရောက်

“နင် တောင်ပေါ်မှာမြူတွေဖုံးနေတုန်းက နေခဲ့လား” လို့သူကမေးတော့

“မနေခဲ့ဘူး ပြန်ဆင်းလာခဲ့တာ”

“ငါ တစ်ခြားလမ်းကြောင်းကနေဆင်းသွားတာ တက်လာတုန်းက လမ်းတိုင်းမဟုတ်ဘူး”

“ဪ..နင်တောင်ပေါ်မှာ ငါတို့ကိုအုပ်စုလိုက်ဓာတ်ပုံရိုက်ပေးခဲ့တာလေ” 

group ဆိုတဲ့စကားလုံးကြားတော့မှ စိတ်ထဲလျှပ်စီးလက်သလိုလင်းခနဲဖြစ်ပြီးချက်ချင်းသတိရသွားတယ်။

တောင်ထိပ်မှာ ခဏနားနေတုန်း အဲ့ဒီမှာ အုပ်စုလိုက် ရောက်လာကြတာ။ ၁၅ယောက်လောက်ရှိမယ် အများစုက အသက် ၄၀ ဝန်းကျင် အမျိုးသား အမျိုးသမီးတွေ အဖွဲ့လိုက်။ အဲဒီအချိန် သူတို့ကိုကျောပေးပြီး ထိုင်နားနေတဲ့ ကျွန်တော့်ကိုအမျိုးသားတစ်ယောက်က နောက်ကနေ လှမ်းပုတ်ပြီး ဓာတ်ပုံရိုက်ပေးဖို့ပြောတော့ ကိုယ်ကလဲရိုက်ပေးတာပေါ့။ အဖွဲ့လိုက်ဆိုတော့ မျက်နှာတွေ အကုန်ဘယ်မှတ်မိမလဲ။ 

အဆင်းလမ်း
မြူဖုံးနေတာ ရေလည်မိုက်

ရာသီဥတုက မကောင်း ပတ်ပတ်လည်ဘာမှမမြင်ရ background မလှပေမယ့် အမှတ်တရ အဖွဲ့လိုက်ဓာတ်ပုံရိုက်ပေးလိုက်တယ်။ သူတို့အဖွဲ့နာမည်ပါတဲ့ ဗီနိုင်းပိုစတာကြီးကိုင်ပြီး ဓာတ်ပုံရိုက်ကြတာ။ ရိုက်ပြီးတော့မှ သူတို့အဖွဲ့နဲ့ တစ်ပုံလောက်တူတူရိုက်ချင်လိုက်တာဆိုပြီး စိတ်ထဲ ထင့်ခနဲဖြစ်သွားတယ်။ ဒါပေမယ့် အားလုံးက လူစုကျဲပြီး စကားတွေပြောပြီး ပြန်ဆင်းဖို့တွေဘာတွေလုပ်နေကျတော့ ထားလိုက်ပါတော့ဆိုပြီးနေလိုက်တယ်။ ဖြစ်ချင်တော့ သူတို့အဖွဲ့ထဲက အမျိုးသမီးတစ်ဦးကလဲ ကျွန်တော့်နဲ့တူတူ အဖွဲ့လိုက်တွဲရိုက်ချင်တဲ့ ဆန္ဒရှိခဲ့ပုံထောက်တယ်။ သူ့သူငယ်ချင်းကိုပြန်ပြောတာ။ နောက် ၃နာရီလောက်ကြာ တောင်ပေါ်က အဆင်းတစ်နေရာမှ သူ့သူငယ်ချင်းက ကျွန်တော့်နဲအခုလို ပြန်တွေ့လို့ ပြန်ပြောတာ။ 

မှိုအနီလေးတွေ့ လှ
Check point တွေမှာ ကြာချိန်နဲ့လမ်းကြောင်း ​info တွေပြထားလေ့ရှိတယ်
Hiking trail marking အမှတ်အသားကို အကွာအဝေးတစ်ခုရောက်တိုင်းပြထားတယ်
သစ်ပင်တို့ ကျောက်တုံးတို့ပေါ်မှာ Marking ကိုဆေးသုတ်ပြီးပြထားလေ့ရှိတယ်

 

“Can you come with me to see my friend?” 

ဆိုပြီးသူက ဆက်မေးတယ်။

“နင်ကိုမြင်ရင် ငါ့သူငယ်ချင်းက အင်မတန် အံ့ဩသွားမှာ”

“သူကို အံ့ဩအောင်လုပ်ဖို့ လိုက်ခဲ့ပါလား” 

ဆိုတော့ ရတာပေါ့။ 

(စပ်ပရိုက် တိုက်မယ် စပ်ပရိုက်တိုက်မယ်ပေါ့)

“Let’s do it.”

ဆိုပြီးသူနဲ့လိုက်သွားရော။

အဲ့လိုနဲ့ တောင်ဘက်ကို မျက်နှာမူထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကိုရောက်လာတော့ လှေခါးကနေဆင်းလာတဲ့ ကျွန်တော်တို့ နှစ်ယောက်ကိုမြင်တော့ ခုံတမ်းရှည် စားပွဲခုံပေါ်မှာထိုင်နေတဲ့ အမျိုးသမီး ၃ဦးက ရန်ကုန်မှာ အလှည့်ကျမီးပေးစနစ်နဲ့ မီးပေးတုန်းက မီးလာရင် ရပ်ကွက်ထဲကလူတွေ “ဟေး…..” ဆိုပြီးအော်သလိုမျိုးပဲ

“ဟေး…..”  

ဆိုပြီး အံ့ဩတဲ့ မျက်နှာအမူအရာတွေနဲ့သူတို့ကအော်။ 

ကျွန်တော်ကလဲ 

“ဟေး….” ဆိုပြီး ပြန်အော် နှုတ်ဆက်။

အဲဒီမှာ အင်္ကျီအနက်ရောင်ဝတ်ထားတဲ့ အမျိုးသမီးက ကျွန်တော်ကိုခေါ်လာတဲ့ အမျိုးသမီးရဲ့ သူငယ်ချင်းဖြစ်ပုံထောက်တယ်။ စားပွဲပေါ်က မတ်တက်ထပြီး အာပေါင်ရင်းသံသံနဲ့

“ငါ နင်နဲ့ တောင်ထိပ်မှာတုန်းက ဓာတ်ပုံတူတူ တွဲရိုက်ချင်တာ”

“အေး…ငါလဲ နင်တို့နဲ့ တောင်ထိပ်မှာ ဓာတ်ပုံတူတူတွဲရိုက်ချင်ခဲ့တာ မရိုက်လိုက်ရဘူး”  

လို့ကျွန်တော်ပြန်ပြောတော့ သူက

“နင်က အင်မတန်ထူးခြားတယ်”

“နင့် မျက်နှာပုံစံက အင်မတန်ကောင်းမွန်တယ်” 

လို့ပြောရော။

(ဟာ…ဟေ့…အဲ့လို ရောက်ရောက်ချင်း ချက်ချင်းကြီး ဒဲ့တွေ compliments တွေပေးတော့ ကျွန်တော်က ရှက်ပြီး နေရထိုင်ရတောင်ခက်သွားတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ “ဒါတောင် ရေမချိုးရသေးဘူးနော်” ပေါ့။) 

(အမ်မယ်…အမ်မယ်)

ကြည့်ရတာ အာရှသား သိပ်မမြင်ဖူးလို့နဲ့တူပါတယ်။

“ကျေးဇူးပါ” ပြုံးပြီး ပြန်ပြောလိုက်တယ်။

American အမျိုးသမီးတစ်ယောက်ရိုက်ပေးသွားတဲ့ပုံ

 

“Where are you from?” လို့သူကမေးတော့

“I’m from Myanmar” 

လို့ပြန်ဖြေတာ သူတို့မျက်နှာ အမူအရာက ကျွန်တော် မကြာခဏမြင်ဖူးနေကျ ရင်းနှီးပြီးသား မျက်နှာအမူအရာပုံပေါက်နေတာကြောင့်

“Close to Thailand. We are neighbors.” 

လို့ပြန်ရှင်းပြတော့ နည်းနည်းနားလည်သွားတဲ့ ပုံစံပါပဲ။ 

“နင်တို့ကရော ဘယ်ကလဲ”

“Where are you guys from?” 

လို့ပြန်မေးတော့

“ငါတို့အားလုံးက စလိုဗေးနီယားက”

“We are from Slovenia.” တဲ့။

“ဟုတ်လား ငါလွန်ခဲ့တဲ့ သုံးနှစ်က Slovenia ကိုရောက်ဖူးတယ်” 

လို့ပြောတော့ သူတို့ရဲ့ မျက်ဝန်းတွေက ကျယ်လာပြီး စိတ်အားထက်သန်စွာနဲ့

“ဘယ်ကိုရောက်ဖူးတာလဲ” လို့မေးရော။

(ထုံးစံအတိုင်း နာမည်ကြီးတဲ့ နေရာပေါ့။)

“ဘလက်ဒ်” လို့ပြန်ဖြေတော့

“ဪ…Bled လား” တဲ့

“ဒါပေမယ့် ငါနောက်ထပ် ရေကန်တစ်ခုကိုလဲရောက်ဖူးသေးတယ်”

“နေဦး.. အဲ့နာမည်ကို ငါမှန်အောင်ကြိုးစားပြီးပြောကြည့်မယ်” 

လို့ပြောတော့ သူတို့ ၅ယောက်လုံးက အသံလေးတိတ်သွားပြီး ကျွန်တော့် နှုတ်ခမ်းကထွက်လာမယ့် စကားလုံးကို ငြိမ်သက်စွာနဲ့ စောင့်နေတယ်။

“ဘိုဟင်” 

“ဪ..ဘိုဟင်(Bohinj)လား”

“နင် ဒီတောင်ကိုရော တက်ဖူးသေးလားဆိုပြီး” သူက တောင်နာမည်တစ်ခုကိုပြောတော့ ကျွန်တော်လဲ

“အေး…အဲ့တုန်းက ငါ hiking လုပ်ဖို့အချိန် အများကြီးမရှိလို့ မတက်ခဲ့ရဘူး”

“ဪ.. အိုကေ အိုကေ”

“ကဲ..ကဲ ဓာတ်ပုံရိုက်ကြမယ် ဓာတ်ပုံရိုက်ကြမယ်” 

ဆိုပြီး သူက စားပွဲထိုးကောင်မလေးကို လှမ်းခေါ်လိုက်တယ်။ စားပွဲထိုးကောင်မလေး အနားရောက်လာတော့ 

“နင်ကို ငါပြောချင်နေတာ”

“နင်က အင်မတန်လှတယ်”

“You are very beautiful” ဆိုပြီးသွားပြောပြန်ရော။

(ဟာ…ဟေ့…ဒီဘွားတော်က ဘယ်လိုမျိုးတုန်း။ ဒဲ့တွေပဲ လွှတ်နေပါလား။)

Dutch အမျိုးသမီးတွေ အင်မတန် ပွင့်လင်းတာတော့သိတယ်။  Slovenian အမျိုးသမီးတွေကရော ပွင့်လင်းတာပဲလားတော့မသိ။

အဲ့တော့ စာပွဲထိုးကောင်မလေးလဲ ပြုံးစိစိလေးဖြစ်သွားတာပေါ့။ ပြီးမှ ဓာတ်ပုံရိုက်ပေးဖို့ လုပ်တော့ သူနဲ့ သူ့သူငယ်ချင်းက ကျွန်တော့်ဘေးနားမှာရပ်ပြီးနေရာယူလိုက်တယ်။

ရိုက်လို့ပြီးပြီထင်တာ မဟုတ်ဖူး နောက်ဖုန်းတစ်လုံးနဲ့ရိုက်ဦးလုပ်တော့ ကျွန်တော်လဲ အမှတ်တရ အနေနဲ့ 

“အေး…ငါ့ဖုန်းလေးနဲ့လဲရိုက်ပေးပါဦး” ဆိုပြီး စာပွဲထိုးမလေးကိုဖုန်းထိုးပေးလိုက်တယ်။

ဓာတ်ပုံရိုက်ပြီးတော့ သူတို့လဲ အခုတောင်အောက်ကိုပြန်ဆင်းတော့မှာဆိုတော့ ကျွန်တော်လဲ တူတူဆင်းကြတာပေါ့ဆိုပြီး စားသောက်ဆိုင်ကနေပြန်ထွက်လာခဲ့ကြတယ်။

အဆင်းကို cable car နဲ့ပဲဆင်းကြတယ်။ Cable car နေရာရောက်တော့ သူတို့နှစ်ယောက်က အဲ့နားက ရှုမျှော်ခင်းနဲ့ဓာတ်ပုံရိုက်ချင်သေးတဲ့ပုံစံနဲ့ စကားပြော ဟိုကြည့်ဒီကြည်လုပ်နေကြရော။ ကျွန်တော်ကတော့ ပြန်ဆင်းချင်နေပြီမို့ သူတို့နှစ်ယောက်ကို မစောင့်တော့ပဲ ကိုယ်ဘာကိုယ် cable car ထဲ တစ်ယောက်တည်းဝင်ပြီးဆင်းဖို့လုပ်တော့ သူတို့ကလဲ အဝေးကနေလှမ်းအော်ပြီး လက်ပြနှုတ်ဆက်တယ်။ ကျွန်တော်လဲ ပြန်လက်ပြနှုတ်ဆက်ပြီး ဆင်းလာခဲ့တော့တာပါပဲ။

အလာ Cable car နဲ့မတက်ခင်
Cable car နဲ့ အဆင်း

အဖော်နဲ့ ခရီးသွားတဲ့အခါ သူတို့နဲ့ပဲ အမြဲနေ အမြဲစကားပြောဖြစ်နေမှာလေ။ တစ်ယောက်တည်း ခရီးသွားတဲ့ အခါကြတော့ တစ်ခြားခရီးသွားဖော်တွေ လူသစ်တွေနဲ့ စကားပိုပြောဖြစ်တယ်။ ခင်မင်ဖြစ်တယ်။ မသိသေးတဲ့ အကြောင်းအရာတွေ စိတ်ဝင်စားစရာအကြောင်းအရာတွေကို တခြားနိုင်ငံခြားသားလူသစ်တွေနဲ့ အပြန်အလည်ပြောရတာကိုကျွန်တော် အင်မတန်နှစ်သက်တယ်။ 

တောင်ထိပ်တိုင်းမှာ ရောက်ရှိကြောင်းမှတ်တမ်းတင်စာအုပ်ကို သံသေတ္တာထဲထည့်ထားလေ့ရှိတယ်
ကွီးဉာဏ်ရောက်ခဲ့တယ်ပေါ့

ခြေလျင်တောင်တက်ခရီး Solo hiking တွေသွားခဲ့တဲ့ ၄နှစ်အတွင်း လူပေါင်းများစွာနဲ့တွေပြီး အမှတ်ရစရာ ဇာတ်လမ်းတွေအများကြီးရှိခဲ့ဘူးတယ်။ တစ်ချို့ကို စာအုပ်ထဲမှာရေးတယ်။ တစ်ချို့ကို ဖုန်းထဲက Notes ထဲမှာ ရေးတယ်။ တစ်ချို့ဆို တစ်ပိုင်းတစ်စနဲ့ ရေးတာမပြီးသေး။ တစ်ချို့ဆို ခေါင်းထဲမှာပဲ ရေးထားတာ နှစ်နဲ့ချီနေပြီ။ ဒီ Slovenian အမျိုးသမီးတွေနဲ့ Italy မှာတွေ့တဲ့ ဇာတ်လမ်းကတော့ ထူးထူးခြားခြား အမှတ်ရကျန်နေဦးမှာပဲ။ အေးလေ ဘယ်သူကရော ကိုယ့်ကိုထူးခြားလို့ သဘောကျနှစ်သက်ကြောင်းပြောပြီး မမျှော်လင့်ပဲ ဓာတ်ပုံတွေတူတူ အမှတ်တရရိုက်ခဲ့ကြတဲ့ ဇာတ်လမ်းမျိုးကို မေ့နိုင်မှာတုန်း။

အဲ့လိုနဲ့ တောင်အောက်ပြန်ရောက်ပြီး အခန်းကိုပြန်တယ်။ အခန်းပြန်ရောက်တော့ အဲဒီအကြောင်းကို ပြန်စဉ်းစားမိရင်း ချရေးမိရင်းနဲ့ ကြည်နူးမိနေတာ ထမင်းတောင် ည၁၀နာရီခွဲမှစားဖြစ်တယ်။

Thanks for reading.

Leave a Comment

Your email address will not be published. Required fields are marked *